Wednesday, February 24, 2010

Donto Festival နှင့် ဂျပန်နှစ်သစ်ကူးပွဲတော်


ဂျပန်မှာ နှစ်စဉ် နှစ်သစ်ကူးအခါသမယမှာ ကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်မျိုးအကြောင်း ရေးချင်ပါတယ်။ ဒြီမို့မှာတော့ Donto Matsuri လို့ခေါ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလ (၁၄)ရက်မှာ ကျင်းပပါတယ်။
နှစ်သစ်ကူးချိန်မှာ ဂျပန်လူမျိုးတွေဟာ Jinja လို့ခေါ်တဲ့ နတ်ဘုရားကျောင်းတွေကို သွားကြပြီး နှစ်သစ်ကူးမှာ ဆုတောင်းလေ့ရှိကြပါတယ်။ ကျွန်မလဲ Sendai ကို ရောက်ခါစနှစ်မှာ host family က အစ်ကိုက ခေါ်သွားလို့ ရောက်ဖူးခဲ့ပါတယ်။ ကျွန်မနေတဲ့မြို့မှာ Hachiman Jinja (Hachiman shrine) လို့ခေါ်တဲ့ နတ်ဘုရားကျောင်း ရှိပါတယ်။ Sendai တစ်မြို့လုံးကလူတွေဟာ Hachiman Jinja ကိုလာပြီးဆုတောင်းတယ်လို့ ထင်ရလောက်အောင် စည်ကားလှပါတယ်။ ကျွန်မတို့ ဆီက ပွဲဈေးတန်းလို မုန့်ဆိုင်တွေကလဲ အမျိုးမျိုးနဲ့ ပျော်စရာကြီးပါ။

Hachiman Shrine

ဂျပန်က Shrine တွေရဲ့အ၀င်ဝတိုင်းမှာ လက်ဆေးဖို့ အုတ်ကန်လေးရှိပါတယ်။ အော်နီးစန်(အစ်ကို) က ကျွန်မတို့ကို လက်ဆေးခိုင်းပါတယ်။ နောက်ပြီးမှ ဆုတောင်းဖို့စောင့်နေတဲ့ လူတန်းကြီးရဲ့ နောက်မှာ ဆုတောင်းဖို့ တန်းစီရပါတယ်။ အုန်းဆံကြိုးလို ကြိုးအကြီးကြီးနဲ့ ဆွဲထားတဲ့ အုန်းမောင်းလို ပုံစံမျိုးမှာ ကြိုးကိုဆွဲပြီး ရမ်းကြရပါတယ်။ နောက်တစ်ခါ လက်ခုပ်(၃)ချက်တီးပြီး မှလက်အုပ်ချီပြီး ဆုတောင်းရပါတယ်။ ကျွန်မလဲ ဒီနှစ်နှစ်သစ်တစ်နှစ်လုံး ကျန်းမာရပါလို၏။ ချမ်းသာရပါလို၏။ ပညာရေးမှာလဲ အဆင်ပြေချောမွေ့ ရပါလို၏ စသဖြင့်ဆုတောင်းပြီး၊ ပွဲဈေးတန်းတွေငေးရင်း ပြန်လာခဲ့ပါတယ်။ ဒါက ကျွန်မ Hachiman Shrine ကို အေးမြလှတဲ့ နှစ်သစ်ကူးချိန်မှာ ဒီလိုနည်းနဲ့ ပထမဆုံးရောက်ဖူးတာပါ။

ရောက်ခါစနှစ် အဆောင်မှာနေရတော့ ကျောင်းကနေ အဆောင်ကိုပြန်ရင် Hachiman Shrine ကိုသွားတဲ့ 48လမ်းမကြီးကို ဖြတ်ပြီး ပြန်ရပါတယ်။ နှစ်သစ်ကူးချိန်မှာ ဆိုရင် Hachiman Shrine နဲ့နီးတဲ့ အဲဒီ 48 လမ်းမကြီး တစ်လျှောက် မီးပုံးတွေထွန်းညှိထားတာ အလွန်လှပလှပါတယ်။ တစ်ရက်ကျောင်းကအပြန် ထူးဆန်းတဲ့မြင်ကွင်းကို တွေ့လိုက်ရပါတယ်။



လူအုပ်တစ်အုပ်ဟာ မီးပုန်းတွေကိုင်ဆောင်ပြီး လမ်းမပေါ်မှာပြေးနေပါတယ်။ တစ်ချို့ကလည်း ခေါင်းလောင်းလေးတွေ၊ စာရွက်အဖြူလေးတွေချိတ်ထားတဲ့ တုတ်တန်းလေးတွေကို ကိုင်ထားကြတယ်။ သူတို့ရဲ့ခေါင်းမှာ ပ၀ါအဖြူလေးတွေ ပတ်ထားကြတယ်။ အံသြဖို့ကောင်းတာက သူတို့ဟာ နံငယ်ပိုင်းလေးတွေပဲ ပတ်ထားကြလို့ပါပဲ။ ဇန်နပါရီလရဲ့ ညအပူချိန် ၂ - ၃ ဒီဂရီ စင်တီဂရိတ် လောက်ပဲ ရှိတဲ့အချိန်မှာ အကျီ ဘောင်းဘီ မ၀တ်ပဲ လမ်းမပေါ်မှာ ပြေးပြီး ဘာလုပ်နေကြတာပါလိမ့်။ ကျွန်မတို့မှာတော့ လက်အိတ်၊ မာဖလာ၊ ဦးထုပ်၊ အနွေးထည်တွေ ၀တ်ပြီးချမ်းနေရတဲ့အထဲ။




ကျွန်မတို့လဲ သူတို့နောက်ကို စက်ဘီးနဲ့လိုက်ပြီး ဓာတ်ပုံလိုက်ရိုက်ကြပါတယ်။ အဲဒီတော့မှာ သူတို့လိုပဲ ပြေးနေကြတဲ့ တစ်ခြားအုပ်စုတွေကိုလဲ တွေ့တယ်။ အမယ်..တစ်ချို့ အဖွဲ့တွေမှာ အမျိုးသမီးတွေပါ ပါကြတယ်။ တစ်မျိုးမထင်နဲ့အုန်းနော်။ အမျိုးသမီးတွေကတော့ အကျီအဖြူအပါးလေးတွေတော့ ၀တ်ထားကြတယ်။
သြော် သိပြီ...သူတို့ဟာ Hachiman Shrine ကိုဦးတည်ပြေးနေကြပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ စီတန်းပြီး Shrine ထဲကို ၀င်သွားတာတွေ့ရတယ်။ အဲဒီနှစ်ကတော့ အဲဒီလောက်ပဲစပ်စုခဲ့ပါတယ်။

နောက်တစ်နှစ်ကျမှာ Hachiman Shrine နားမှာ နေတဲ့ အစ်မက ပွဲရှိတယ်လို့ အကြောင်းကြားလို့ အစ်မအိမ်ကို သွားလည်ရင်းနဲ့ Hachiman Shrine ကိုနောက်တစ်ခေါက်ရောက်ဖြစ်ပါတယ်။ ဒီတော့မှပဲ နှစ်စဉ် ဇန်န၀ါရီ (၁၄)မှာ ကျင်းပလေ့ရှိတယ် ဆိုတဲ့ Donto Festival ဆိုတဲ့ အကြောင်းသိခဲ့ရတော့တယ်။ မနှစ်ကတည်းက တွေ့ဖူးခဲ့တဲ့ လမ်းမှာ ပြေးလာတဲ့ အဖွဲ့တွေဟာ မြို့ရဲ့နေရာအသီးသီးကနေ ဆုတောင်းဖို့လာကြတာဖြစ်ပြီး သူတို့ကို Hadakamairi လို့ခေါ်ပါတယ်။ (Hadaka = အ၀တ်မပါတာ၊ mairi = သွားတာလာတာ)
Pic from here (အင်္ဂလိပ်လိုဖတ်နိုင်ပါတယ်)
ံ
Shrine ရဲ့ မုခ်ဦးအ၀င်ပေါက်ကနေ ၀င်သွားပြီး ကွင်းပြင်ကျယ်နေရာတစ်နေရာမှာ ကြီးမားလှတဲ့ မီပုံကြီးကို တွေ့ရပါတယ်။ အဲဒီမီးပုံကြီးကို Goshika= Sacred Fire လို့ခေါ်ပါတယ်။ နေ၀င်ချိန်လောက်ကစပြီး အိမ်တွေမှာ နှစ်သစ်ကူးချိန် အလှအပချိတ်ဆွဲတဲ့ Kadomatsu လို့ ခေါ်တဲ့ အဆင်တန်ဆာတွေ ကို စုပုံပြီး မီးရှို့တာဖြစ်ပါတယ်။
အနီးအနားမြိုနယ်တွေက အိမ်တွေက အဆင်တန်ဆာတွေကို စုဆောင်းထားတာဖြစ်တယ်တဲ့။
အဲဒီမီးပုံကြီးက မီးတောက်တွေဟာ နတ်ဘုရားတွေက နှစ်သစ်အချိန်မှာ လူတွေဆီကိုလာပြီး ကောင်းချီးပေးတဲ့ မီးတောက်တွေဖြစ်တယ်တဲ့။ ရှေးအချိန်ကာလထဲက လက်ခံယုံကြည်နေခဲ့ကြတာကတော့ အဲဒီမီးတောက်နားကို သွားရင် စိတ်ကြည်လင် လန်းဆန်းပြီး တစ်နှစ်လုံး ကျန်းမာချမ်းသာခြင်းတွေနဲ့ ပြည့်စုံစေပြီး မိသားစုတစ်စုလုံး ဘေးရန် ကင်းဝေးစေတယ် ဆိုတာပါပဲ။

Kadomatsu


ကျွန်မတို့လဲ မီးပုံဘေးနားသွားရပ်ပြီး ဆုတောင်းခဲ့ကြသေးတယ်။
ရာသီဥတုကအေးတော့ မီးပုံကြီးကတော့ တော်တော်နွေးတာပဲ။

ဒါကတော့ ဂျပန်နှစ်သစ်ကူးအမှတ်တရပါ။
နှစ်သစ်ကူးပြီးတာ ကြာသွားပေမဲ့လဲ အခုမှ ရေးဖြစ်သွားပါတယ်။

Friday, February 12, 2010

ဂျပန် အထက်တန်းကျောင်းသို့ တစ်ခေါက်

ကျွန်မဟာ ဂျပန်ကိုရောက်ပြီး အလယ်တန်းနဲ့ အထက်တန်းကျောင်းသားလေးတွေကို စိတ်ဝင်စား နေခဲ့မိပါတယ်။
ဘာလို့လဲဆိုတဲ့ သူတို့ရဲ့ စကားပြောဟန်၊ ၀တ်ဆင်ထားတဲ့ ကျောင်းယူနီဖောင်း လေးတွေက စပြီး စိတ်ဝင်စားနေမိခဲ့တာပါ။ သူတို့လေးတွေကို ရထားပေါ်၊ ဘစ်ကားပေါ်၊ ဘစ်ကားမှတ်တိုင် စတဲ့ နေရာတွေမှာ တွေ့တဲ့ အခါတိုင်း သတိထားကြည့်မိပါတယ်။ မိန်းကလေးတွေ အများစုကတော့ အချင်းချင်းစကားတွေများပြီး ရယ်မောနေတတ်ကြတယ်။ များသောအားဖြင့် ယောကျာင်္းလေးတွေကတော့ အလွန်ပဲ တိတ်တိတ် ဆိတ်ဆိတ်ရှိကြတယ်။ မိန်းကလေးတွေကတော့ သူတို့ရဲ့လက်ကိုင်ဖုန်းလေးတွေကိုကြည့်၊ အချင်းချင်း လက်ကိုင်ဖုန်းကိုပြကြ ကြည့်ကြ နဲ့ သဘောကျနေတတ်ကြတယ်။

ကျွန်မအနေနဲ့ ဂျပန်က အထက်တန်းကျောင်းသား၊ ကျောင်းသူလေးတွေနဲ့ စကားပြောဖူးတာကတော့ တက္ကသိုလ်မှာ တစ်နှစ်တစ်ခါ ပြုလုပ်တဲ့ open campus မှာတုံးကပါ။ အဲဒီအချိန်မှာ သူတို့လေးတွေဟာ တက္ကသိုလ် ၀င်ခွင့် မဖြေမီ တက္ကသိုလ်က ဘာသာရပ်အသီးသီးကို လာရောက်လေ့လာကြတာဖြစ်ပါတယ်။
ကျွန်မလဲ ဒီမှာ ဟိုစပ်စပ် ဒီစပ်စပ် volunteer ၀င်လုပ်ဖူးလေတော့ ကျွန်မဆီကို mail ရောက်လာပါတယ်။
အထက်တန်းကျောင်းကိုသွားပြီး ကိုယ်ရဲ့ အထက်တန်းကျောင်းသားဘ၀အတွေ့အကြုံ တွေကို ဆွေးနွေး၊ ဖလှယ်တဲ့ ပွဲမှာ volunteer လိုနေလို့ပါတဲ့။ ဒါနဲ့ ကျွန်မလဲ ဂျပန်ကအထက်တန်းကျောင်းကို ရောက်ဖူးချင်တာနဲ့ လုပ်ဖြစ်သွားတယ်ပေါ့။
ီ
သတ်မှတ်ထားတဲ့ရက် ဘူတာရှေ့မှာ လူစုကြ၊ အုပ်စု (၄)စုခွဲပြီး ကျွန်မနေတဲ့ မြို့ကနေ ကားနဲ့ သွားရင် တစ်နာကျော်ကျော်လောက် ဝေးတဲ့ ကကုဒါမြို့ကို ထွက်ခွာခဲ့ကြပါတယ်။ ကျောင်းရောက်တော့ တာဝန်ကျ ဆရာက ကြိုဆိုပြီး ကျောင်းဆောင်ထဲကို ခေါ်သွားပါတယ်။ ကျောင်းဆောင်အ၀င်ဝမှာ ဖိနပ်ထည့်တဲ့ စင်လေးတွေရှိပြီး slipper လေးတွေချထားပေးပါတယ်။ ကျောင်းသား၊ ကျောင်းသူတိုင်းဟာ ကျောင်းဆောင်ထဲကို ၀င်တော့မယ်ဆိုရင် သတ်မှတ်ထားတဲ့ ဖိနပ်စင်မှာ ဖိနပ်ချွတ်ထားခဲ့ရပြီး slipper လေးတွေ လဲလှယ်စီးပြီးမှာ အထဲကို ၀င်ကြရပါတယ်။ ကျွန်မတို့တွေလဲ သူတို့စည်းကမ်းအတိုင်း slipper လေးတွေ လဲစီးပြီး အထဲကို ၀င်ကြ ရတာပေါ့ ။ တစ်ချို့ ခြေထောက်ကြီးတဲ့ နိုင်ငံခြားသားကျောင်းသားတစ်ချို့ဆို slipper ကငယ်နေပြီး၊ ကြမ်းပြင်ကလဲ ချောနေတာမို့ လမ်းလျှောက်ရခက်နေကြပါတယ်။ ကျောင်းဆောင်ထဲမှာ တော့ သပ်ရှင်းသပ်ရပ်လို့နေပါတယ်။ နိုင်ငံခြားသာ ဆရာကြီးတစ်ယောက်နဲ့ ဂျပန်ဆရာတစ်ယောက် အတန်းထဲမှာ စာသင်နေတာကို တွေ့ခဲ့ရတယ်။ အင်္ဂလိပ်စာ သင်နေပုံ ရပါတယ်။

ကျွန်မတို့အဖွဲ့ကို အတန်းလွတ် တစ်ခုထဲမှာ နေရာချပေးပြီး ဆရာကြီး တစ်ယောက်က အင်္ဂလိပ်လို နှုတ်ဆက်စကား ပြောဆိုပါတယ်။ ဆရာကြီးရဲ့ အင်္ဂလိပ်အသံထွက်ဟာ အလွန်ကောင်းတဲ့အတွက် ကျွန်မတို့အဖွဲ့က သဘောကျ သြဘာပေးခဲ့ကြတယ်။ အဲဒီ ဆရာကြီးက သူဟာ ဒီကျောင်းမှာ အင်္ဂလိပ်စာ သင်တဲ့ ဆရာဖြစ်ကြောင်း ပြောပြပါတယ်။ သူကပဲ ကကုဒါ အထက်တန်းကျောင်း အကြောင်းအင်္ဂလိပ်လို ရှင်းပြပြီး ဒီနေ့လာရောက်တဲ့အတွက် အားလုံးကိုကျေးဇူးတင်ကြောင်း ပြောဆိုပါတယ်။ ကကုဒါ အထက်တန်းကျောင်းဟာ အမေရိကားက ကျောင်းတစ်ကျောင်းရဲ့ တွဲဖက်အထက်တန်းကျောင်းဖြစ်ပြီး နှစ်စဉ် ကျောင်းသား ၁၀ယောက်ခန့် ကို အမေရိကားသို့short-term training အနေနဲ့ ပို့တယ်လို့ သိရပါတယ်။ ကျောင်းသား စုစုပေါင်း ၅၅၀ ၊ ဆရာနဲ့ ၀န်ထမ်းအင်အား ၄၀ ရှိပါတယ်တဲ့။

အဲဒီနောက် အဖွဲ့(၄) ဖွဲ့ ခွဲပြီး (၂)ဖွဲ့စီဟာ ခမ်းမကျယ်ကြီး တစ်ခုစီဆီကို သွားကြရပါတယ်။ ကျွန်မတို့ နိုင်ငံခြားသား ကျောင်းသား ၅ ယောက်ပါတဲ့ အဖွဲ့ဟာ အထက်တန်းကျောင်းသူလေး ၅ ယောက်၊ ဆရာ ၁ ယောက်နဲ့ တစ်ယောက်ခြားစီ ထိုင်ကြပါတယ်။ ထိုင်ပြီး နားထောင်တဲ့ ကျောင်းသားတွေကလည်း အယောက် ၉၀ လောက်ရှိမယ်ထင်ပါတယ်။ ကျွန်မတို့အဖွဲ့မှာ ဆွီဒင်၊ ပီရူး၊ တရုတ်၊ အင်ဒိုနီးရှား နဲ့ မြန်မာ ပါပါတယ်။ ပထမဆုံး ကိုယ့်အကြောင်းကိုယ် မိတ်ဆက်ပြီး ပထမအပိုင်း အနေနဲ့ အထက်တန်းကျောင်းတွေရဲ့ စည်းမျဉ်းစည်းကမ်း၊ ပျော်ရွှင်စရာပွဲတော် များအကြောင်း ဆွေးနွေးဖလှယ်ကြပါတယ်။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောကြတာပါ။ အဓိကရည်ရွယ်ချက်ကတော့ ဂျပန် အထက်တန်း ကျောင်းသားလေးတွေကို ကျွန်မတို့လို နိုင်ငံခြားသားပညာသင်တွေနဲ့ ပေးတွေ့ပြီး Motivation တက်စေချင်တဲ့ သဘောလဲ ပါမယ်လို့ ထင်ပါတယ်။

ဒီနေရာမှာ သူတို့ ပြောပြတဲ့ အကြောင်းအရာလေးတွေကိုပဲ မှတ်မိသလောက် အလေးပေး ရေးသွားပါမယ်။
ဂျပန်အထက်တန်း ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ ဆံပင်ကို အရှည်ကြီးမထားရဘူး။ များသော အားဖြင့် သူတို့ ဆံပင်ပုံလေးတွေဟာ ကုတ်ဝဲလေးတွေ ပုံစံတူပါပဲ။ နောက်ပြီး ဆေးမဆိုးရပါဘူးတဲ့။ သူတို့ ကျောင်းတွေမှာ ရာ့ခရူး(ဂျပန် ဘေ့စ်ဘော)၊ ဘောလုံး၊ ကရာတေး၊ ဂျူဒို၊ မျှားပစ် စသဖြင့် ကလပ်အသင်းတွေရှိပြီး ကျောင်းသားတိုင်းဟာ အနည်းဆုံးအသင်းတစ်ခုကိုဝင်ပြီး အားကစားလုပ်ကြရတယ်လို့ ဆိုပါတယ်။ ကျောင်းသားပွဲတော်လဲရှိပြီး အဲဒီပွဲတော်မှာ Miss, Mister contest၊ ဈေးဆိုင်တွေ၊ စကားပြောပြိုင်ပွဲတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဆရာတစ်ယောက်က ကျွန်မတို့ကိုမေးပါတယ်။ ဂျပန်က အထက်တန်းကျောင်းနဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေကို တွေ့ရတဲ့ အခါ အံ့သြစရာကောင်းတဲ့ အချက်ရှိပါသလားတဲ့။
ကျောင်းဆောင်အ၀င်မှာ slipper လဲစီးရတာ၊
ကျောင်းသူလေးတွေရဲ့ ကျောင်းယူနီဖောင်းစကဒ် အလွန်တိုတာ၊
အထက်တန်းကျောင်းသူ ကျောင်းသား အများစုမှာ hand phone လေးတွေကိုယ်စီ ရှိကြတာ .....အဲဒါတွေက ကျွန်မတို့ရဲ့ အဖြေတွေပဲဖြစ်ပါတယ်။


နောက်ဒုတိယပိုင်း ဆက်ပြောဖြစ်ကြတဲ့ အကြောင်းကတော့ အနာဂတ်ရဲ့ အိပ်မက်နဲ့ မိမိရဲ့ အထက်တန်းကျောင်းသား ဘ၀တုံးက အိပ်မက် ဖြစ်ပါတယ်။ သူတို့လေးတွေမှာ အနာဂတ်ရဲ့ အိပ်မက်ကိုယ်စီ ရှိကြပါတယ်။ ဥပမာ...အောင်မြင်တဲ့ ဘေ့စ်ဘောကစားသမား၊ အိုလံပစ်ချန်ပီယံ၊ ကျောင်းဆရာ၊ တီဗွီအစီအစဉ်မှာ နာမည်ကြီးတဲ့သူ စသဖြင့် စသဖြင့်ပေါ့။ နိုင်ငံခြားသို့သွားပြီး ပညာသင်ချင်တဲ့ သူတွေရှိလားလို့ မေးခဲ့ပေမဲ့လည်း တစ်ယောက်၊ နှစ်ယောက်လောက်သာ လက်ထောင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက အထက်တန်ွးပညာရေးဟာ ၃ နှစ်တက်ရပြီး တတိယနှစ်ကျမှ ကိုယ်စိတ်ဝင်စားရာ ၀ိဇ္ဖာ၊ သိပ္ပံ ဘာသာရပ်ကို ရွေးချယ်သင်ယူခွင့် ရှိပါတယ်တဲ့။ အထက်တန်း စာသင်နှစ် ပထမနှစ်နဲ့ ဒုတိယနှစ်မှာ ဒီကျောင်းသားဟာ ဘယ်ဘာသာရပ်ကို စိတ်ဝင်စားတယ် ဆိုတာကို ဆရာတွေက စောင့်ကြည့် လေ့လာပြီး တတိယနှစ်မှာ အတည်ပြုနိုင်တယ်လို့ သိရပါတယ်။

Positive ဆောင်တဲ့ စကားမျိုး၊ အကြောင်းအရာမျိုးတွေ ပြောပြပေးပါလို့ ကျွန်မတို့ နိုင်ငံခြားကျောင်းသား အဖွဲ့ကို request လုပ်ထားတာရှိတဲ့ အတွက် ကျွန်မလဲ ကျွန်မရဲ့ အထက်တန်းကျောင်းသူ ဘ၀က အိပ်မက်ကို ပြောပြခဲ့ပါတယ်။ အဖေအမေက ဆရာဝန်တွေဖြစ်လို့ ဆရာဝန်ဖြစ်ချင်ခဲ့တဲ့အကြောင်း၊ ဒါပေမယ့် ကျွန်မတို့ နိုင်ငံမှာ တက္ကသိုလ် ၀င်ခွင့်ကို အထက်တန်းအောင်မြင်တဲ့ အမှတ်နဲ့ ဆုံးဖြတ်လို့ ကြိုးစားခဲ့ပေမဲ့လည်း အခြေအနေ အကြောင်းကြောင်းကြောင့် အမှတ်မမှီလို့ ဆေးတက္ကသိုလ်သို့ မတက်ရောက်နိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ စိတ်ပျက်အားမလျှော့ပဲ ကိုယ်ရွေးချယ်ခွင့်ရတဲ့ သိပ္ပံဘာသာရပ်မှာ ထူးချွန်အောင်ကြိုးစားရင်း ဂျပန်ကနေ ဘွဲ့ရရင် ကိုယ့်နိုင်ငံကိုယ်ပြန်ပြီး တက္ကသိုလ်မှာ ဆရာမကြီးလုပ်မှာ ဖြစ်ကြောင်း၊ ဂျပန်မှာက ကျွန်မတို့နိုင်ငံမှာလိုမဟုတ်ပဲ ကိုယ်ကြိုက်တဲ့ ဘာသာရပ်ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတဲ့အတွက် သွားနိုင်တဲ့ (ရွေးချယ်လို့ရတဲ့) လမ်းကြောင်းတွေက အမျိုးမျိုးရှိတဲ့အတွက် မိမိရည်ရွယ်ချက်အတိုင်း မဖြစ်ခဲ့ရင်လဲ စိတ်ပျက်အားငယ်ရန် မလိုပဲ၊ ကြိုးစားရင်အောင်မြင်မှာ ဖြစ်တဲ့အကြောင်း ပြောပြခဲ့ပြီး ပျော်ရွှင်ခဲ့ပါတယ်။

Friday, December 11, 2009

နားလည်ခံစားမှုဖြင့် ဘာသာပြန်ခြင်း။

ဘာသာပြန်တယ် ဆိုတာ မိမိရဲ့ မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာတစ်ခုကို မိမိရဲ့မိခင်ဘာသာနဲ့ အများသူငါ နားလည်အောင် ပြန်ဆိုခြင်း အလုပ်ဆိုတာ လူတိုင်း သိပြီးသားဖြစ်ပါတယ်။ ဥပမာ.. အင်္ဂလိပ်ဘာသာ ကနေ မြန်မာဘာသာသို့ အကြောင်းအရာတစ်ခုကို ပြန်ဆိုပြီဆိုပါစို့။ ဘာသာပြန်သူဟာ အင်္ဂလိပ်ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ပဲ ကျွမ်းကျင်မှုရှိပါစေ။ အဲဒီဘာသာပြန်ချင်တဲ့ ဘာသာရပ် သို့မဟုတ် အကြောင်းအရာ တစ်ခုကို နားလည်ခံစားနိုင်မှု မရှိရင် မြန်မာဘာသာသို့ ဘာသာပြန်ဆိုရာမှာ စာဖတ်သူနားလည်နိုင်အောင် ပြန်ဆိုခြင်း ရှိနိုင်မှာ မဟုတ်ပါဘူး။

ဥပမာ ထပ်ပေးရမယ်ဆိုရင် ရူပဗေဒဘာသာရပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုကို ရူပဗေဒဘာသာရဲ့ သီအိုရီတွေ၊ concepts တွေကို နားမလည်ပဲ ဘာသာပြန်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ နားလည်ခံစားနိုင်မှု မရှိပဲ ၀တ္တုတစ်ပုဒ်ကို ဘာသာပြန်တယ်ဆိုရင်လဲ ဖတ်လို့ ကောင်းတဲ့ ဘာသာပြန်ဝတ္တုတစ်ပုဒ် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

အဲဒီလိုပဲ တစ်ဖက်က ပြန်ပြောရမယ်ဆိုရင် အင်္ဂလိပ်ဘာသာရပ်ကို အလွန်ကျွမ်းကျင်သူစာဖတ်သူတစ်ဦး ဟာအင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ မိမိအနေနဲ့ မကျွမ်းဝင် မရင်းနှီးတဲ့ ဘာသာရပ်တစ်ခုကို ဖတ်ပြီး အပြည့်အ၀ နားလည်မှု ရနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတဲ့ မိမိနဲ့ မလေ့လာဖူးတဲ့ အကြောင်းအရာတွေ များစွာ ပါဝင်နေပြီး နားလည်မှု လွဲမှားတဲ့ အဖြစ်မျိုးတောင် ရောက်နိုင်မှာ ဖြစ်ပါတယ်။
့
ဒါကြောင့် ကျွန်တော် တစ်ခုစဉ်းစားမိတယ်။ ဂျပန်က ကျောင်းသားတွေဟာ ဘာသာရပ်တစ်ခုကို လေ့လာရာမှာ ကျွန်တော်တို့တွေထက် နားလည်မှု ပိုမိုမြင့်မားကြတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ Text books စာအုပ် တွေ၊ ဂျာနယ်တွေ ဟာ သူတို့ ဂျပန်ဘာသာနဲ့ အကုန်ထုတ်ဝေထားတာ ရှိတယ်။ ဂျပန်ကျောင်းသားအများစုဟာ အင်္ဂလိပ်စာ ညံ့တယ်လို့ ပြောလို့ ရပေမဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး နာလည်မှုစွမ်းရည် မြင့်မားကြတယ်။

အခြားဘာသာတစ်ခုကို ဘယ်လောက် ကျွမ်းကျင်နေပါစေ။ မိမိရဲ့ မိခင်ဘာသာနဲ့ ရေးထားတဲ့ စာလောက် နားလည် ခံစားနိုင်မှု မရှိဘူးလို့ ထင်ပါတယ်။

ဘလော့မှာ ၀ါသနာအရ စာမရေးတတ် ရေးတတ်နဲ့ စာရေးနေတယ် ဆိုပေမဲ့ စာဖတ်သူ ဆိုတာလဲ အမျိုးမျိုး ရှိတာကြောင့် မိမိနားလည် ခံစားလိုက်တဲ့ အကြောင်းအရာ တစ်ခု ကို စေတနာနဲ့ မျှဝေပေးခြင်း သာဖြစ်ပါတယ်။
စာရေးသူတစ်ယောက်မှာ စာဖတ်သူအတွက် စေတနာ ထားဖို့ အရေးကြီးတယ်ဆိုတယ် စာရေးသူ နဲ့ စာဖတ်သူ အားလုံး နားလည်ပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။

လာရောက်ဖတ်ရှုသူအားလုံးအား အထူးလေးစား ကျေးဇူးတင်လျှက်ပါ။

Monday, September 28, 2009

မေမေနာယူသောတရားများ - ၂

မီးငယ်လေးရေ....
ဒီနေ့ မေမေနာယူတဲ့ တရားကတော့ မေမေတို့ကို ဘုရားအဆူဆူနဲ့ လွဲစေခဲ့တဲ့ တရားခံ၊ အကြီးဆုံး ရန်သူ ၂ ယောက်အကြောင်းကို မိုးကုတ်ဆရာတော်ကြီးက ပြောပြထားတဲ့ တရားပါ။
အဲဒီရန်သူ ၂ ဦးက တော့ အ၀ိဇ္ဇာနဲ့ တဏှာ တဲ့။

သမုဒ္ဒရာကြီး ငါးစင်းထဲမှာ ရှိတဲ့ ရေတွေဟာ ခန်းခြောက်ကောင်း ခန်းခြောက်နိုင်တယ်။
မြင်းမိုရ်တောင်ကြီးလဲ ပျောက်ချိန်တန်ရင် ပျောက်နိုင်တယ်။
ဒါပေမဲ့ မေမေတို့တွေမှာ အ၀ိဇ္ဇာနဲ့ တဏှာ ရှိနေလို့ကတော့ အိုဘေး၊ နာဘေး၊ သေဘေး တွေနဲ့ ဘယ်လိုမှာ မလွတ်နိုင်ဘူးတဲ့။
ဘုရားတစ်ဆူနဲ့ တစ်ဆူကြားမှာ မေမေတို့အရိုးတွေဟာ ဝေပုလ္လတောင်လောက်မြင့်ခဲ့ကြသတဲ့။ ဝေပုလ္လတောင် ဆိုတာက မြင့်လဲမြင့်၊ ကျယ်လဲကျယ် ၊ လေးရက်တက် လေးရက်ဆင်းရတယ်။

အဲဒီတော့ အ၀ိဇ္ဇာနဲ့ တဏှာ ရန်သူနှစ်ဦးကို အသေသတ်နိုင်မှ အိုနာသေ ဆိုတဲ့ သံသရာဘေးက လွတ်နိုင်ပါတယ်။
အသေသတ်ရမဲ့ နည်းကတော့ ခန္တာမှာ “သစ္စာအနုလောမိကဥာဏ်” ရအောင်သွင်းရပါမယ်။ အဲဒီဥာဏ်သာရှိရင် ကိုယ့်ခန္တာမှာ ဘုရားပွင့်တာနဲ့ အတူတူပါပဲတဲ့။ အဲဒီဥာဏ်ရဖို့ အလွန်အရေးကြီးကြောင်း ဆရာတော်ကြီးက ပြောပါတယ်။

အဲဒီဥာဏ်ရဖို့ နည်းမပြောခင် အ၀ိဇ္ဇာနဲ့ တဏှာအကြောင်း အရင်ပြောပါတယ်။
သား၊ သမီး ကိုမြင်လို့ ခင်တဲ့စိတ်က - တဏှာ
သား၊ သမီး ရဲ့ခန္တာကို ခန္တာ၅ပါးမှန်း မသိတာက - အ၀ိဇ္ဇာ

“သစ္စာအနုလောမိကဥာဏ်” ဆိုတာလဲ “၀ိပဿနာဥာဏ်”နဲ့အတူတူပါပဲ။ သစ္စာကိုသိတဲ့ ဥာဏ်ပေါ့။
စိတ်ကို ရှုတဲ့သူကလဲ စိတ္တာဝိပဿနာ ကိုရှု၊
ဝေဒနာကို ရှုတဲ့သူကလဲ ဝေဒနာဝိပဿနာ ကိုရှု၊
ရုပ်ကို ရှုတဲ့ သူကလဲ ကာယ၀ိပဿနာကိုရှု.... ဘာပဲရှုရှု ဖြစ်ပြီး ပျက်သွားတဲ့ သဘောကို ရှုခိုင်းပါတယ်။

စိတ်ကိုရှုရင် စားချင်တဲ့ စိတ်လေးပေါ်လာတယ်။ ပေါ်လာတဲ့ စိတ်ကလေးကို ကြည့်လိုက်တော့ မရှိတော့ဘူး၊ ဖြစ်ပြီးပျက်သွားတယ်။ အိပ်ချင်စိတ်ကလေး ပေါ်လာပြန်ရင်လဲ ကြည့်လိုက်တော့ မရှိတော့ဘူး။ ထိုနည်းအတိုင်းပဲ ဘာစိတ်ပဲ ပေါ်လာလာ ဖြစ်ပြီးပျက်တာကို သိနေဖို့ပါပဲ။

သွားရင်းလာရင်း သတိထားပြီး ရှုမှတ်နေရင် အင်မတန် တန်ဘိုးရှိပါတယ်။
19th May,2009

Tuesday, July 21, 2009

ဂျပန်မှာ အန္တရာယ်ကင်းကင်း စက်ဘီးစီးကြပါစို့( International Road Safety Festival)


ဂျပန်မှာ စက်ဘီးစီးတဲ့ အခါ အထူးသဖြင့် နိုင်ငံခြားသားတွေဟာ စည်းကမ်းလိုက်နာမှု နည်းလို့ မတော်တဆ ထိခိုက်မှုတွေ များပြားလာပါတယ်။
ဒီလို မတော်တဆ ထိခိုက်မှုတွေ များပြားလာခြင်းဟာ အများစုကတော့ စက်ဘီးစီးတဲ့ အခါ လိုက်နာရမဲ့ စည်းကမ်းတွေကို နားမလည်ကြလို့ ပဲဖြစ်ပါတယ်။
နိုင်ငံခြားသားတွေ အပါအ၀င် သူတို့ ဂျပန်လူမျိုးတွေ ကိုယ်တိုင် စက်ဘီးစီးတဲ့ အခါ လိုက်နာသင့်တဲ့ စည်းကမ်းတွေကို နားမလည်ကြတဲ့ အပြင် လိုက်နာခြင်းလဲ သိပ်မရှိကြပါဘူး။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကစပြီး Miyagi prefecture ရဲ့ သယ်ယူပို့ဆောင်ရေးဌာနက စက်ဘီးစီးတဲ့အခါ လိုက်နာရမဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒါတွေကတော့
ထီးဆောင်းရင်း၊ လက်ကိုင်ဖုန်း ပြောရင်း၊ နားကြပ်နဲ့ သီချင်းနားထောင်ရင်း စက်ဘီးမစီးရပါ။
အရက်မူးနေလျှင် စက်ဘီးမစီးရပါ။ ၂ ယောက်အတူ မစီးရပါ။(အသက် ၁၆နှစ်အထက် ရှိတဲ့ သူက အသက် ၆နှစ်အောက် ကလေးငယ်ကို တင်စီးနိုင်သည်။)
ညအချိန် စက်ဘီးစီးလျှင် မီးမထွန်းပဲ မစီးရန်။ (စက်ဘီးမီးလုံးတပ်မထားပဲ စက်ဘီးမစီးရပါ။ ညအချိန် စက်ဘီးမီးလုံးထွန်းပြီး စီးရသည်မှာ မိမိအား အခြားစက်ဘီးနှင့် ယာဉ်များက သတိထားမိနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။)
စက်ဘီးစီးသည့်အခါ ကားလမ်းမ၏ ဘယ်ဘက်ခြမ်းက ကပ်စီးရန်။
မီးပွိုင့်နှင့် လမ်းညွှန် သင်္ကေတများကို မော်တော်ကားများအတိုင်း လိုက်နာရန်။
မီးပွိုင့် မရှိသည့် လမ်းဆုံးလမ်းခွများ၌ ခဏရပ်ကာ ကားသွားကားလာ ကို ကြည့်ပြီးမှ ဆက်သွားရန်။
လိုက်နာမှုမရှိသည်ကို တွေ့ရှိပါက ဒဏ်ငွေ ယန်း ၅သောင်းအထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ကို သိထားကြပါရဲ့လား။

(Pic. from http://asunaro-kobe.blog.so-net.ne.jp/archive/c242401-1)

ဂျပန်လူမျိုးတွေတောင် ဒီအကြောင်းကို သိပ်မသိကြတဲ့ အပြင် လိုက်နာမှုလည်း သိပ်မရှိကြပါဘူးတဲ့။ နိုင်ငံခြားသားဆိုရင်နားမလည်တဲ့အတွက် ပိုဆိုးမှာပေါ့။
အဲဒီတော့ စက်ဘီးစီးတဲ့ အခါ လိုက်နာရမဲ့ လမ်းစည်းကမ်းတွေကို ပညာပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ International Road Safety Festival ဆိုတဲ့ ပွဲတော်ကို ကျွန်မနေတဲ့ မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲတော်ကို NPO corporation ကဦးစီးကျင်းပခဲ့ပြီး ရဲတပ်ဖွဲ့ ကရဲအရာရှိကြီးတွေလဲ တက်ရောက်ခဲ့ကြပါတယ်။
http://gakuwarinet.com/event/
အဲဒီပွဲတော်မှာ နိုင်ငံ ၁၀ နိုင်ငံရဲ့ အစားအသောက်တွေကို ရောင်းချတဲ့ အစားအသောက်ပွဲတော်အပြင် ယဉ်စည်းကမ်း ပညာပေး ကစားနည်းတွေလဲ ပါဝင်တာဖြစ်ပါတယ်။

အဲဒီပွဲမှာ ကျွန်မတို့အဖွဲ့လဲ မြန်မာနိုင်ငံ အနေနဲ့ ပါဝင်ပြီး အုန်းနို့ ခေါက်ဆွဲချက်ပြီး ရောင်းခဲ့ပါသေးတယ်။
တော်တော်ရောင်းရပြီး ၊ အစောကြီး ပဲ သတ်မှတ်ထားတဲ့ အရေအတွက် ရောင်းပြီးသွားပါတယ်။
ပင်ပန်းပေမဲ့ နိုင်ငံစုံက မုန့်အမျိုးမျိုးလဲ အများကြီးစားရလို့ မမကြီးနဲ့ ညီမလေးတွေလဲ တော်တော်ပျော်ခဲ့ကြပါတယ်။ နောက်ပြီး ပူပူနွေးနွေး ပြည်တော်ပြန်လွင်စံ နဲ့ အော်တောစံ-မိုးစံ အတွက်ပါ မုန့်တွေ တစ်ပွေ့ကြီးနဲ့ ပြန်သွားကြလေရဲ့။



Thursday, July 16, 2009

မေမေ နာယူသော တရားများ ၁။

မီးငယ်လေးရေ....

ဒီနေ့ မေလ(၁)ရက် ၂၀၀၉ ပါ။ ဒီမနက် မေမေနာတဲ့ တရားက ၂၂-၈-၁၉၆၁ ခုနှစ်က ဆရာတော်ဘုရားကြီး ဟောကြားခဲ့တဲ့ ဒိဌိပြုတ်ရေး တရားတော် အမှတ်(၁) ပါ။ နှစ်ပေါင်း ၄၈နှစ်ကြာခဲ့ပေမဲ့ အင်မတန်မှတ်သားစရာ ကောင်းပြီး မေမေတို့ ပုထုဇဉ်တွေ မသိမဖြစ်တဲ့ တရားပါပဲ။ ဒီတရားက တကယ်တမ်းပြောရရင်တော့ အရင်နေ့တွေက ဟောခဲ့တဲ့ တရားအဆက်ပါပဲ။ အဂ္ဂိ၀ဆ္ဆ ဆိုတဲ့ ပုဏ္ဏားက မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ကို အမေးပုစ္ဆာတွေမေးလို့ ဘုရားရှင်းက ဖြေတဲ့ တရားဖြစ်တယ်။ ဆရာတော်ဘုရားကြီး ဟောကြားချက်ကို မီးမီးနဲ့ မေမေ ထိုင်ပြီး စကားပြောနေသလိုပုံစံနဲ့ အဓိကအချက်တွေကိုပဲ နားလည်အောင် ရေးပြမယ်။

ဘုရားရှင်ဟာ ဆေးသမားကြီးနဲ့တူပြီး မေမေတို့ ပုထုဇဉ်တွေဟာ ကိလေသာရောဂါတွေရှိတဲ့ သံသရာခရီးသည်လူမမာတွေနဲ့ တူသတဲ့။ ဆေးသမားကြီးက ရောဂါပျောက်အောင် ရှောင်ကြဉ်ဖို့နဲ့ စားဆေးကိုပေးပါသတဲ့။ သီလဆိုတာက ရှောင်ကြဉ်တာနဲ့တူပြီး ၀ိပဿနာကတော့ စားဆေးနဲ့ တူသတဲ့။ သီလကို စောင့်ထိန်းရင် ရောဂါမတိုးအောင်ပဲ တတ်နိုင်ပြီး ၀ိပဿနာအလုပ်ကို လုပ်မှသာ၊ ဖြစ်ပျက်တွေ ရှုမှတ်မှသာ ကိလေသာ ရောဂါတွေ ပျောက်နိုင်ပါတယ်။ မြတ်စွာဘုရားရှင် ကလဲ သောက်ဆေးမသောက်သူကို အပြစ်တင်မှာပါပဲတဲ့။ ၀ိပဿနာ လုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ တော့သီလကပါပြီးသားဖြစ်တဲ့ အတွက် အထူးသီလနှင့် နေတဲ့သူ (၀ိသေသ ဘာဂိရ သီရ) နဲ့ နေတဲ့သူလို့ အဓိပ္မာယ်ရတယ်။

တစ်ချို့က သီိလဆောက်တည်ရင် ပြီးတာပါပဲ ဆိုပြီး မတင်းတိမ်သင့်တာကို တင်းတိမ်မိမှာ စိုးလို့လဲ ဆရာတော်ကြီးက အထူးသတိပေးလိုက်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်မသိရင် ခန္တာလဲမသိ၊ နိဗ္ဗာန်လဲမသိနိုင်ပါဘူး။ ခန္တာလေးတွေ ဖြစ်ပြီး ပျက်သွားတဲ့ ဓမ္မတွေကို မသိနိုင်ပါဘူး။ ဒါတွေမသိတော့ ငါ..ငါ့ဥစ္စာ ဆိုတဲ့ ဆိတ်သုန်းတဲ့ သုညတရားကို မသိပါဘူး။ သုညတရားဆိုတာ ဘုရားတစ်ဆူပွင့်မှ ကြားရတဲ့ တရားမျိုးဖြစ်တယ်။ အခု တရားနာနေတဲ့ အချိန်မှာ ကိလေသာမီး၊ ဇရာမီးတွေက တောက်လောင်နေတယ်။ ကိလေသာမီးဆိုတာ တစ်နည်းအားဖြင့် ခင်တဲ့ မီးပါပဲ။ တရားနာနေရင်း တောင်တွေး မြောက်တွေး တွေးချင်ရာတွေးနေမယ်။ ယပ်ခပ်ချင်လဲ ခပ်နေမယ်။ ရှူဆေးလေး ရှူပေးရ၊ လျက်ဆားလေး စားပေးရနဲ့ ကိလေသာရဲ့ ကျွန်ဖြစ်နေပါတယ်။

ကိလေသာက “လောင်မီး” သမုဒသသစ္စာ၊ ခန္တာက “လောင်စာ” ဒုက္ခသစ္စာ နဲ့တုပါတယ်။ လူ့ဘ၀ရရပါလို၏ လို့ ဆုတောင်းခဲ့လို့ လောင်စာရပြီး မီးလောင်ခံနေရတယ်။

ကိလေသာမီးလောင်လို့ “ခွေးနေရာမရ” ဖြစ်နေကြရတာ။ ဒီနေရာနေလိုက် မကောင်းပြန်ဘူးဆိုပြီး ဟိုနားရွှေ့လိုက်ရ နဲ့တဲ့။
မီးက ကိလေသာ
ခန္တာက လောင်စာ
ကံ က မီးထည့်သမား

တစ်ခါတစ်လေ နတ်ပြည်သွားလောင်ရပြန်တယ်။ တစ်သံသရာလုံးမှာ မီးကုန်ရင် လောင်စာထပ်ရှာထည့်ရတဲ့ အလုပ်နဲ့ အချိန်ကုန်ခဲ့ကြတယ်။

ပူအိုက်တဲ့ အချိန်၊ လေညင်းလေးတိုက်လာရင် ခန္တာကိုယ်မှာ သုခဝေဒနာပေါ်တယ်။ အဲဒါ ပဋိစ္စသမုပ္ပါဒ် စဖြစ်လာတာပဲ။ ဝေဒနာခန္တာပေါ်တာက တစ်ဏှာခန္တာပေါ်တာပါပဲ။ တဏှာ၊ ဥပဒါန်က နေ့စဉ်လုပ်တဲ့ ကံတွေကို သိမ်းထားပြီး တစ်ခုပြီးတစ်ခု လွှတ်ပေးပါတယ်။ ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ ကိုသိပါတယ်။ “ငါ” တရားသွားနာဦးမယ်လို့ပြောရင် ခန္တာ ၅ပါး နားမလည်မှုက စပါတယ်။ တစ်နေ့လုံး အ၀ိဇ္ဖာ ဆိုတဲ့ မသိမှု နဲ့ပဲ နေပြီး ခန္တာရှာမတွေ့ရင် ကြီးစွာသော အပြစ်သင့်တာပဲ လို့ ဆိုပါတယ်။

နောက်တစ်ဖန် ဒိဌိနှင့်ပြော၊ ဒိဌိနှင့် နေကြပါတယ်။ ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဖြစ်ပျက်ပျက်လိုက် ဖြစ်နေတဲ့ ဒုက္ခအစု ကိုသိမယ်။ ဝေဒနာကိုရှုလို့ ဖြစ်ပျက် မြင်ရင် ဝေဒနာချုပ်ပြီး ဒိဌိ၊ အ၀ိဇ္ဖာပါ ပြုတ်ပါတယ်။

ဘုံ၃ပါး မှာ ဖြစ်တဲ့ သတ္တ၀ါတွေဟာ မီးလောင်နေတဲ့ အိမ်ကြီးနဲ့ တူပါတယ်။ အိပ်ယာကနိုးတာနဲ့ မီးလောင်တော့တာပဲတဲ့။ ဘယ်သွားသွား မီလောင်လျက်ပါပဲ။ ပျင်လို့ အလည်သွား၊ ကိစ္စရှိလို့သွား မီလောင်လျက်ပါပဲ။“ လောင်စာ”ကုန်သွားမှာလဲ စိုးရိမ်ကြတယ်။ ဒီသား ဒီသမီး မခွဲချင်လို့ ၊ မိးမငြိမ်းချင်လို့ “ လောင်စာ” ပြန်ထည့်ကြတယ်။ မီးငြိမ်းမှာ စိုးကြတယ်။
၃၁ ဘုံမှာ ဘုရားအဆူဆူနဲ့ လွဲခဲ့တာလဲ ဒါကြောင့်ပဲ။

ဒိဌိချုပ်ခြင်းက နိဗ္ဖာန်ပဲ တဲ့။ ဒါကြောင့် ဒိဌိခွာဖို့ အရေးကြီးပါတယ်။ ပဋိသန္ဒေနေခဲ့တာလဲ ကိုယ်မသိခဲ့။ သေချိန်ကျတော့လဲ ကိုယ်မသိခဲ့။ နေချိန်အလယ်မှာ ရှုပ်နေကြတယ်။ ဇာတိ ပဋိသန္ဒေရကတည်းက ခန္ဒာ ၅ ပါး(မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) ပဲပါတယ်။ ကျား မ အစ ကတည်းက မပါဘူး။ ခန္ဒာနဲ့ အတူ နေပြီး မသိကြတာက အကြားအမြင် (သုတ၀ါ အရိယာ သာဝကော) မရှိလို့ ။ ဒါကြောင့် “ငါ” မြင်တယ်၊ “ငါ”ကြားတယ်၊ စသဖြင့် သိက္ကာယဒိဌိ မင်းမူတာ ခံနေကြရတယ်။ သိက္ကာယဒိဌိ ဟာ အပါယ်ရေသောက်မြစ်ပါပဲ။

Wednesday, July 8, 2009

မေမေ နာယူသော တရားများ (နိဒါန်း)

မီးငယ်လေးရေ....

မေမေ နေ့တိုင်း မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတွေကိုနာရင်းကနေ အတွေးတစ်ခုဖြစ်မိတယ်။ ကိစ္စများမြောင် လူတို့ဘောင်ဆိုတဲ့ ဆိုရိုးစကားလိုပဲ။ မေမေတို့လူတွေမှာ လူ့ဘ၀ကို ရပြီးကတည်းက စားဝတ်နေရေး အတွက် အချိန်တွေဖြုန်းနေရတယ်။ ပညာသင်နေရတာလဲ စားဝတ်နေရေးအတွက်ပါပဲ။ လောကီဘ၀ထဲကနေ လောကုတ္တရာဘ၀ထဲကို ခြေချနေကြတဲ့ သံယာတော်အရှင်သူမြတ် တွေလဲ စားဝတ်နေရေးအတွက်တော့ ရုန်းကန်နေကြရသေးတာပဲ။ မေမေလဲ အသက်၆၀ အထိ ရုန်းကန်းခဲ့ရတာပဲ။ ဒါတောင် အသက်၆၀ပြည့်ရင် နိုင်ငံတော်တာဝန်ထမ်းဆောင်ခြင်းမှ နားလို့ရပြီလို့ သတ်မှတ်လိုက်လို့ကိုး။ ဒါတောင် တစ်ချို့လူတွေမှာတော့ နားပါ ဆိုတာတောင် မနားနိုင်ကြပါဘူး။ (စားဝတ်နေရေးချို့တဲ့သူတွေကတော့ ဘ၀ကို ဆက်ပြီး တစ်နည်းနည်းနဲ့ ရုန်းကန်ရတာကိုတော့ မပြောလိုပါဘူး။ စားဝတ်နေရေးပြည့်စုံလျက်နဲ့ လောဘ မသတ်နိုင်သူတွေကိုသာ ဆိုလိုပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ လောဘရှိနေတယ်လို့လဲ မသိကြပါဘူး။)

အခုမှ နားခွင့်ပေးလိုက်တဲ့ နိုင်ငံတော် ဥပဒေကို အရမ်းကျေးဇူးတင်မိတယ်။ အသက် ၆၀ အထိ သင်သည် စားဝတ်နေရေး၊ သားရေး၊ သမီးရေး ၊ အိမ်ထောင်ရေး များအတွက် တရားသော နည်းလမ်းဖြင့် ဖြစ်စေ၊ မတရားသော နည်းလမ်းဖြင့်ဖြစ်စေ၊ ပူလောင်သောကိလေသာများဖြင့် လောဘ၊ မောဟ၊ မာန၊ က္ကုသရိယတို့ဖြင့် အချိန်ကုန်ခဲ့ပြီး ဖြစ်သည်။ သင်၏ ကံတရားက သင့်ကို အသက်၆၀ အထိ အသက်ရှင်ခွင့် ပေးခဲ့သည်။ နောက်ထပ်နှစ်ပေါင်းမည်မျှ အသက်ရှင်ခွင့်ရမည် ကိုမသိနိုင်သေး။ သို့ဖြစ်၍ ကျန်ရှိသော သက်တမ်းတွင် “ကိလေသာငြိမ်း လောင်စာသိမ်း”သော (“ကိလေသာငြိမ်း လောင်စာသိမ်း” ဆိုတဲ့ စကား အဓိပ္ပာယ်ကို နောက်ပိုင်းမှာ ရှင်းပြပါမယ်။) အလုပ်များကို တစိုက်မတ်မတ်လုပ်ပါတော့ ဆိုတဲ့ အမိန့်စာ ရခဲ့သလိုပါပဲ။

အဲဒီလို အမိန့်စာရခဲ့တဲ့ မေမေဟာ ထပ်ပြီး စဉ်းစားမိပြန်တယ်။ အသက် ၆၀ အထိ ကုန်ခဲ့တဲ့ အချိန်တွေ အတွင်းမှာ တစ်ခါတစ်ရံ မျက်စေ့လည်ပြီး ရိပ်သာတွေရောက်ခဲ့တဲ့ မပြောစလောက် အချိန်လေးကလွဲလို့ (စုစုပေါင်းဆိုရင် သုံးလေးလလောက်ပဲ ဆိုပါတော့) တရားတော်ကို နှလုံးသွင်းခဲ့တဲ့ အချိန်ဆိုတာ မရှိသလောက်ပါပဲ။ မေမေ့ရဲ့ သားသမီးတွေလဲ မေမေ့လိုဖြစ်မှာ မလိုလားပါဘူး။ (ဒါပေမဲ့ မေမေ့ရဲ့ သားသမီး ၄ ယောက်လုံးဟာ တရားတော်ကို လေ့လာလိုက်စားလိုသူများ ဖြစ်ကြပြီး အခုရောက်ရှိနေတဲ့ အသက်အရွယ်မှာ မေမေ့ထက် “အသိ” သာသူများဖြစ်ကြတယ်လို့ မေမေ ခံယူထားပါတယ်) အခုအချိန်မှာ မေမေဟာ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ အမရပူရမြို့ မင်္ဂလာရိပ်သာ တိုက်ကျောင်းကြီးကို နေ့တိုင်းရောက်နေသလို ခံစားရတယ်။ တကာကြွယ်တို့၊ တကာသစ်တို့ နဲ့ အတူတကွ တရားနာနေရသလိုပါပဲ။ အဲဒီလိုအခါမှာ ဆရာတော်ဘုရားကြီးရဲ့ တရားအရသာတွေကို မေမေတစ်ယောက်ထဲ မခံစားလိုပဲ သားသမီးတွေကို ခွဲဝေပေးချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေမိတယ်။ မီးငယ်လေးဟာ တစ်ရပ်တစ်ကျေးမှာ ပညာရေးအတွက် လုံးပမ်းနေရတယ်။ တစ်ခါတစ်ရံမှသာ တရားသံလေးတွေကို ပူဇော်နိုင်တယ်၊ နှလုံးသွင်းနိုင်တယ်။ အရင်တုံးကတော့ မေမေ့ အတွေ့အကြုံတွေ၊ မေမေ့အတွေးတွေကို မီးမီးဆီကို ရေးပို့ခဲ့ပေမဲ့ အခုတော့ မေမေ့မှာ ထူးထူးထွေထွေ ရေးစရာအတွေ့အကြုံမရှိတော့ မေမေနာနေရတဲ့ တရားတော်တွေထဲက မီးမီးကို သိစေချင်တဲ့ ကောက်နုတ်ချက်လေးတွေကို ရေးပြီး ပို့ရရင်ကောင်းမယ်ဆိုတဲ့ အကြံဖြစ်မိတယ်။ ဒီလိုဆိုတော့ မေမေရေးတဲ့ စာတွေကိုလဲဖတ်ရ၊ တရားတော်တွေထဲက မသိမဖြစ်တဲ့ အကြောင်းအရာတွေကိုလဲ အထူးလေ့လာစရာ မလိုတော့ပဲ မေမေ့စာတွေဖတ်ရင်းကနေ သိသွားတဲ့ အကျိုးတရားတွေ အများကြီး ရနိုင်တာပေါ့။

ဆရာတော် ဦးဇ၀န(မေတ္တာရှင် ရွှေပြည်သာ)ရဲ့ တရားတစ်ပုဒ်ထဲမှာ ဗိမ္မသာရမင်းကြီးနဲ့ အနာထပိဏ် သဌေးကြီး နှစ်ဦးကို နှိုင်းယဉ်ပြထားတယ်။ ဗိမ္မသာရ မင်းကြီးဟာ ကိုယ်တိုင် သောတာပန်ဖြစ်သော်လည်းမိမိသားတော် အာဇာတသတ်ကို တရားဓမ္မအမွေ မပေးတတ်ခဲ့လို့ ကိုယ်တိုင်လည်း အသေဆိုးနဲ့ သေခဲ့ရတယ်။ သားတော်လည်း ငရဲကျတဲ့ အဖြစ်ရောက်ရတယ်။ အနာထပိဏ် သဌေးကြီးကမေတာ့ တရားအမွေပေးတတ်လို့ သားသမီး ၃ ယောက်လုံးလဲ သောတာပန် (တစ်ယောက်က သကတာဂဏ်) ဖြစ်တယ်။ အငယ်ဆုံးသားက အရက်သမား လူဆိုးဖြစ်နေတာကို နေ့စဉ် မုန့်ဘိုးပေးပြီး ဘုရားကျောင်းတော်ကို သွားခိုင်းတယ်။ ဥပါယ်တံမည် နဲ့ သိမ်းသွင်းခဲ့တာ နောက်တော့ သောတာပန်ဖြစ်သွားတယ်။

ဒါကြောင့် မိဘတွေဟာ တရာအမွေ ပေးတတ်ဖို့ လိုတယ်တဲ့။ အခုခေတ်မှာ မိမိသားသမီးကို လောကီအမွေတွေသာ တွန်းထိုးပေးနေကြတယ် လို့ ဟောပြထားပါတယ်။
ဒါကြောင့် မေမေလဲ တတ်စွမ်းနိုင်သမျှ တရားအမွေလေးတွေ စုဆောင်းမျှဝေဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ရှေ့ဆက်ပြီး စိတ်ဝင်စားစွာ ဖတ်ကြားမှတ်သားနိုင်ပါစေ။

(စာလုံးပေါင်းအမှား သီးခံပါရှင့်)
ဆက်ရန်.......

Friday, June 19, 2009

Rose Festival


Place :
Higashizawa Rose Park
Murayama Town, Yamagata prefecture, Japan

Time:
4th June to 7th July

Entrance Fee:
400 yen (adult), 200 yen (child)

You can go there by train from Yamagata city and it takes about 30minutes. If you are interested in flowers, you can enjoy various kinds of colorful roses in one place. I am sure it's really fun and makes you relax.

Let me share some beautiful photos of roses.

Sunday, June 14, 2009

ဂျပန်စီးပွားရေးနှင့် ထောက်ပံ့ကြေး



သူငယ်ချင်းရေ
အခုတလော စိတ်ရှုပ်လူရှုပ်ဖြစ်နေလို့ မင်းဆီစာမရေးဖြစ်တာကြာပြီ။
မင်းကိုတစ်ခုပြောပြချင်နေတာ ရှိတယ်။


မင်းလဲကြားမိမှာပေါ့။ အယင်နှစ်တုံးက ကမ္ဘာ့စီးပွားရေး ကျတဲ့အတွက် ကမ္ဘာ့ထိပ်တန်း စီးပွားရေး နိုင်ငံ တစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးလဲ ထိုးကျသွားပြီး ဂျပန်ငွေဈေးဟာ နှစ်ပေါင်းများစွာထဲမှာ အနိမ့်ဆုံးအခြေအနေကို ထိုးကျသွားခဲ့တယ်လေ။ ဂျပန်နိုင်ငံက ကုမ္ပဏီကြီးတွေ အများစုဟာ ဒီဒဏ်ကိုခံခဲ့ကြရတာပေါ့။

အခုပြောပြချင်တာက ဂျပန်အစိုးရက ဂျပန်နိုင်ငံမှ နေထိုင်တဲ့ သူတွေအားလုံး (နိုင်ငံခြားသားတွေအပါအ၀င်) ကိုထောက်ပံကြေးပေးတဲ့အကြောင်းလေ။ တို့ ဂျပန်ရောက်နေတဲ့ အချိန် ကံထူးတယ်လို့ပဲ ဆိုရမလားပဲနော်။ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ဂျပန်ရောက်တဲ့သူတွေကလွဲလို့ ဂျပန်နိုင်ငံမှာ တရားဝင် နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေအကုန်လုံး ဒီထောက်ပံ့ကြေးကို ခံစားခွင့် ရရှိကြတယ်လေ။

လူတိုင်း တစ်ယောက်ကို ယန်း၁၂၀၀၀ စီရကြတယ်။ အသက်၁၈နှစ်အောက် နဲ့ အသက်၆၀ ကျော်တဲ့သူတွေ ကတော့ တစ်ယောက်ကို ယန်း ၂၀၀၀၀ စီတောင်ရကြတာ။

ဒီလို ထုတ်ပေးဖို့အတွက် မြို့နယ်ရုံးတွေကတစ်ဆင့် ခံစားခွင့်ရရှိတဲ့သူတိုင်းဆီကို စာပို့တယ်လေ။ သူတို့ ပို့တဲ့ စာရွက်မှာ ကိုယ့်ရဲ့ အမည်၊ နေရပ်လိပ်စာ၊ ဘဏ်နာမည်နဲ့ ဘဏ်စာရင်းနံပါတ်တို့ကို ဖြည့်စွက်ပြီး အသင့်ပါလာတဲ့ စာအိတ်လေးထဲမှာ ထည့်ပြီး ပြန်ပို့ပေးရတယ်။ တို့လို နိုင်ငံခြားသားတွေကတော့ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြား ကော်ပီနဲ့ ဘဏ်စာအုပ်ရဲ့ ပထမစာမျက်နှာ ကော်ပီ ကိုပါအတူတွဲပြီး ထည့်ပို့ရတယ်။ ကိုယ်မပို့ရင်တော့ ပိုက်ဆံမရနိုင်ဘူးပေါ့နော်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလနောက်ဆုံးထားပြီး ပို့ပေးရမယ်တဲ့။ တို့ကတော့ ရောက်တာနဲ့ အချိန်ဆွဲမနေပါဘူး။ မြန်မြန်ဖြည့်ပြီး မြန်မြန်ပို့လိုက်တော့ ပိုက်ဆံမြန်မြန်ရတာပေါ့နော် :D

စီးပွားရေးကျတဲ့ ပြဿနာကြောင့် လူတိုင်းမထိခိုက်ဘူးလို့ မဆိုနိုင်ပါဘူး။ အဲဒီပြဿနာကြောင့် ကုမ္ပဏီတွေရဲ့ အလုပ်သမားဦးရေ လျှော့ချမှုပြဿနာတွေလဲရှိသလို ဒီပြဿနာရဲ့ အကျိုးသက်ရောက်မှုကို အနည်းနဲ့ အများ၊ အနှေးနဲ့ အမြန် ဆိုသလို ခံစားကြရတဲ့ သူတွေချည်းပါပဲ။ ဒါပေမယ့် လူချမ်းသာတွေပေါများပြီး၊ လူတန်းစား ကွာဟမှု သိပ်မကြီးလှတဲ့ ဒီနိုင်ငံမှာ ဒီလိုမျိုး ထောက်ပံ့ကြေးဆိုတာ ထုတ်ပေးမယ်လို့ သိရတော့ တို့အနေနဲ့ အံသြမိတာအမှန်ပါပဲ။

ဒီတော့ ဂျပန်အစိုးရက ဘာကြောင့် ပြည်သူအားလုံးကို တစ်ပြေးညီ ပိုက်ဆံထုတ်ပေးတာလို့ ထင်သလဲဟင်။

သိပ်တော့ မတွေးတတ်ဘူး။ တို့ အမြင်ပြောရရင်တော့ ပြည်သူတွေဟာ ပိုက်ဆံအပိုရရှိတဲ့ အတွက် ဒီပိုက်ဆံကို အသုံးပြုပြီး ပစ္စည်းတွေဝယ်ကြမယ်။ အဲဒီလိုဝယ်ကြမယ်ဆိုရင် ရောင်းဝယ်မှုတွေ ပြန်လည် တိုးတက်လာတာနဲ့ အမျှ စီးပွားရေးလဲ ပြန်လည် ဦးမော့လာနိုင်မယ် လို့ထင်တယ်။

နောက်တစ်ချက် မိသားစုတစ်စုအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဥပမာ- ကလေး၂ ယောက်ရှိတဲ့ မိသားစု ဖြစ်ရင် စုစုပေါင်း ယန်း၆၄၀၀၀ ရမယ်လေ။ မိသားစုတစ်စု အနေနဲ့ဆိုရင် အဲဒီထောက်ပံ့ကြေးဟာ အိမ်ထောင်ဦးစီးရဲ့ ဘဏ်စာအုပ်ထဲကို ၀င်မှာဖြစ်တဲ့အတွက် အိမ်အတွက် အသုံးလိုမဲ့ ပစ္စည်းတစ်ခုကို ၀ယ်ဖို့ စဉ်းစားနိုင်တဲ့ ငွေကြေးပမာဏတစ်ခုဖြစ်တယ်လေ။

တီဗွီအစီအစဉ်တစ်ခုမှာ ဒီလိုအစိုးရထောက်ပံ့ကြေးရရှိတဲ့ အတွက် ဘယ်လိုခံစားရပါသလဲဆိုတဲ့ ဂျပန်ပြည်သူ အချို့ကို အင်တာဗျုးတဲ့အစီအစဉ် အမှတ်မထင် ကြည့်မိလိုက်သေးတယ်။ ကလေးတွေကပျော်ကြတယ်။ လူကြီးပိုင်းတွေက ကျေနပ်ကြတယ်။ တစ်ချို့လူငယ်နဲ့ လူလတ်ပိုင်းတွေက ဘာမှသိပ်မထူးပါဘူးဆိုတဲ့ အဖြေမျိုးဖြေကြတဲ့ သူတွေလဲရှိတယ်။ တစ်ချို့ကလဲ ၀ယ်ချင်တာဝယ်ရလို့ ပျော်ကြတယ်တဲ့။
ဘယ်သူမဆို ပိုက်ဆံရရင်တော့ ပျော်ကြမဲ့ သူချည်းပါပဲ။ “ဒါဟာမင်းခံစားခွင့်ရှိတဲ့ပိုက်ဆံပဲ၊ ယူပါ ”လို့ဆိုရင် ငြင်းဆိုမဲ့သူ မရှိသလောက်ရှားမယ်လို့ထင်ပါတယ်။

ဂျပန်အစိုးရက ဘာကြောင့် ပြည်သူအားလုံးကို တစ်ပြေးညီ ပိုက်ဆံထုတ်ပေးတယ် ဆိုတာကို သူငယ်ချင်းရဲ့ ထင်မြင်ချက်လေးရှိရင်လဲ ပြောပြပေးပါလား။ အခု မင်းရောက်နေတဲ့ နိုင်ငံမှာရော ဒီလိုမျိုး စီးပွားရေးကျဆင်းချိန်မှာ အစိုးရက ထောက်ပံ့ကြေးပေးဖူးတယ်လို့ ကြားဖူးလား။
ိ
စီးပွားရေးကြပ်တည်းနေတဲ့လူတွေ ဒီလိုအခွင့်အရေးမျိုး၊ အတွေ့အကြုံမျိုးလေး ခံစားဖူးရင် ဘယ်လောက် ကောင်းမလဲ လို့လဲ တွေးမိနေသေးတယ်။
ခင်မင်စွာနဲ့.....

(fig. from wikimedia.org)

Sunday, May 17, 2009

သူတို့......ချမ်းသာလိုက်ပုံများ

ပြီးခဲ့တဲ့ မတ်လက conference တက်ဖို့ တိုကျို မှာရှိတဲ့ တက္ကသိုလ်တစ်ခုကို ရောက်ခဲ့ပါတယ်။ Rikkyo University ဖြစ်ပါတယ်။ ဂျပန်မှာ National University နဲ့ Private University ဆိုပြီးရှိပါတယ်။ Rikkyo University ကတော့ Private University ဖြစ်ပြီး Ikebukuro မြို့လယ်မှာ တည်ရှိပါတယ်။

Campus ထဲမှာ ကြီမားခိုင်ခံလှပတဲ့ ရှေးဟောင်း အဆောက်အဦးတွေ အများကြီးတွေ့ရတယ်။ တက္ကသိုလ် တည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၃၅ နှစ် ပြည့်တော့မယ် သိရပါတယ်။ စာတမ်းဖတ်ကြားတဲ့ အခန်းတွေထဲက ကိုယ့်နဲ့ ပတ်သက်တဲ့၊ စိတ်ပါဝင်စားတဲ့ အခန်းတွေ ကိုရွေးချယ်ပြီး သွားရောက် နားထောင်ကြပါတယ်။ ပထမဆုံးရက် မနက်ပိုင်း ကျွန်မသွားခဲ့တဲ့ အခန်းတွေ (Lecture Room) က ပုံမှန် အခန်းတွေဖြစ်ပေမဲ့ နောက်တစ်ရက်မှာ ရောက်သွားခဲ့တဲ့ Lecture Room ကတော့ ကျွန်မကို အတော်လေး အံ့အားသင့်စေခဲ့ပါတယ်။

ကျယ်ဝန်းလှတဲ့ အခန်းကျယ်ကြီးထဲမှာ လူတစ်ဦးစီအတွက် စားပွဲခုံနဲ့ ကုလားထိုင် တစ်လုံးစီ ရှိပြီး စားပွဲရဲ့ အဖုံးကို လှန်ကြည့်လိုက်ရင် Laptop တစ်လုံး ရှိတယ်။ Internet connection လဲရတယ်။ နားကြပ်လဲရှိတယ်။
စားပွဲတိုင်းမှာ Laptop တစ်လုံးစီရှိတာ။ ရေတွက်ကြည့်လိုက်တော့ စုစုပေါင်း ၁၈၀ လုံးတောင်...


အဲဒီလိုမျိုး Lecture Room တွေက ဒီတစ်ခန်းထဲ မဟုတ်ပါတဲ့။ ဘယ်နှစ်ခန်းရှိလဲတော့ မသိခဲ့ဘူး။
သူတို့...ချမ်းသာလိုက်ပုံများ နော်...

Posts with same label

Related Posts with Thumbnails