Showing posts with label မှတ်တမ်းလေးများ. Show all posts
Showing posts with label မှတ်တမ်းလေးများ. Show all posts

Saturday, November 15, 2008

လက်တွဲကူညီခြင်း မှတ်တမ်း (၄)

လှူဒါန်းခြင်း(၂)

သီတဂူဆရာတော်ကြီး တိုကျိုမြို့သို့ကြွရောက်တော်မူခြင်း

သီတဂူဆရာတော်ကြီး အသျှင် ဥာဏိဿရ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ကိုဇွန်လအတွင်း ကြွရောက်ပြီး၊ လေဘေးရန်ပုံငွေအတွက် တရားပွဲတွေ ကျင်းပမယ် လို့ သတင်းရကတည်းက ကျွန်မတို့တွေ အလွန် ၀မ်းမြောက်ခဲ့ကြပါတယ်။

ဆရာတော်ကြီးဟာ “နာဂစ်လေဘေးသည်များအား ကူညီစောင့်ရှောက်ရန်”အတွက် တရားပွဲများကျင်းပပြီး အလှူငွေစုဆောင်းတော်မူရန် အဓိက ရည်ရွယ်ချက်နဲ့ တိုကျိုမြို့ကို ဇွန်လ ၂၇ရက်နေ့မှာ ကြွရောက် တော်မူခဲ့ပါတယ်။

အစ်မတစ်ယောက်လိုခင်မင်ရတဲ့ သူတစ်ဦးရဲ့ ဆက်သွယ်ပေးမှုနဲ့ ဆရာတော်ကြီး တိုကျိုမြို့ကို ကြွရောက်ရေးအတွက် ဆောက်ရွက်ပေးနေကြတဲ့ တိုကျိုမြို့ ကတာဝန်ရှိသူ အချို့နဲ့ ဆက်သွယ်မှု ရခဲ့ပါတယ်။
ဆရာတော်ကြီးကို ဖူးမြော်ချင်စိတ၊် တရားဓမ္မများကို နာကြားချင်စိတ် ၊ ကိုယ်တိုင်ကိုယ်ကျ အလှူငွေတွေကို လှူဒါန်းချင်စိတ် တွေနဲ့အတူ ကျွန်မနဲ့ သူငယ်ချင်း Dust in the wind ဟာ Bus ကားနဲ့ ၅ နာရီသာ သွားရတဲ့ တိုကျိုမြို့သို့ ကိုယ့်စားရိတ်နဲ့ကိုယ် နေ့ချင်းပြန် သွားရောက်ခဲ့ကြပါတယ်။

ကျွန်မတို့ပဲ ကံကောင်းတာလား၊ နယ်ကလာတဲ့ လူတွေမို့လား မပြောတတ်ပါဘူး။
တာဝန်ရှိသူရဲ့ ဆက်သွယ်ပေးမှုနဲ့ ကျွန်မတို့ ၂ ယောက်ဟာ ဆရာတော်ကြီး တည်းခိုတော်မူတဲ့ Shinjuku က ဟော်တယ်ကြီးတစ်ခု မှာဆရာတော်ကြီး ကို အေးအေးဆေးဆေး ဖူးမြော်ခွင့်ရရှိခဲ့ပြီး၊ "........University Myanmar Student Volunteer Group " ရဲ့ ကိုယ်စား အလှူတော်ငွေ ၁၁၀၀၀၀ ယန်း ကို ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လှူဒါန်း နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Myanmar Cyclone Victim Rescue Fund က ပေးပို့တဲ့ ၃၀၀၀၀၀ ယန်း နဲ့
Dust in the Wind ရဲ့ ညီမလေးက တဆင့် Ryokuen -Toshi Community Association Yokohama Japan ကလှူဒါန်းတဲ့ ၁၄၂၀၀ ယန်း ကိုလဲ ကျွန်မတို့ကတစ်ဆင့် ဆက်ကပ် လှူဒါန်းနိုင်ခဲ့ပါတယ်။

အဲဒီအချိန်က ဆရာတော်ကြီးဟာ နေ့လည်ပိုင်း တရားပွဲ တစ်ချိန်ပြီးတဲ့ အတွက် ဟော်တယ်ကို ပြန်ပြီး အနားယူတဲ့ အချိန်ဖြစ်ပါတယ်။

ဆရာတော်ကြီး ဟော်တယ်၌ အနားယူ သီတင်းသုံးနေစဉ်

သီတဂူဆရာတော်ကြီးရဲ့ တရားပွဲ


ညနေ ၆ နာရီခွဲ၊ Ikebukuro မှာ နောက်တစ်ကြိမ် ညနေပိုင်း တရားပွဲ ရှိပါတယ်။ အဲဒီတရားပွဲကို ကျွန်မတို့ သွားရောက်ပြီး တရားနာ ယူခဲ့ကြပါတယ်။
ဆရာတော်ကြီး ကနာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဘုန်းကြီးကျောင်းပေါင်း ၁၃၀၀ ကျော်ကို လိုအပ်တဲ့ တည်ဆောက်ရေး ပစ္စည်းတွေ လှူဒန်းခဲ့တဲ့ အကြောင်း၊ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသက ဆေးရုံတွေမှာ ဆေးရုံသုံးပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အကြောင်း နဲ့ ပြန်လည်ထူထောင်ရေးအတွက် အချိန်အတိုင်းအတာ တစ်ခုအထိ အကူအညီတွေဆက်လက်လိုအပ်နေသေးကြောင်း အစချီပြီး မိန့်ကြားပါတယ်။

ဒါန၊ သီလ တရားတွေထက် ၀ိပဿနာတရားတွေကို နာယူဖို့ ပိုမိုခုံမင်တဲ့ ကျွန်မဟာ ဒီတစ်ခါမှာတော့ ဆရာတော်ကြီး ဟောကြားသွားခဲ့တဲ့ တရားတော် ထဲက စကားလုံးလေးတွေဟာ လက်တွေ့ကျကျ ရှိလှတာကို သတိပြုမှတ်သားမိခဲ့ပါတယ်။

လုံးစေ့ပတ်စေ့ သေချာမမှတ်မိတော့ပေမဲ့ ဆရာတော်ကြီး မိန့်ကြားသွားတဲ့ ထဲက “ဂရုဏာ” ဆိုတဲ့ စာလုံးလေးကို မှတ်မိနေခဲ့ပါတယ်။ “ကရုဏာ” လို့ အသံထွက်ရပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ "Compassion in Action" တဲ့။

ဂရုဏာတရားထားတယ်ဆိုတဲ့ နေရာမှာ “သတ္တ၀ါများ ချမ်းသာကြပါစေ၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ” စသဖြင့် မေတ္တာဘာဝနာ ပွားများတဲ့ အလုပ်ဟာ အလွန်ကောင်းမွန်တဲ့ အလုပ် ဖြစ်သော်ငြားလည်း မေတ္တာကမ္မဌာန်း တရားပွားများနေရုံကာမျှဖြင့် မိမိတစ်ဦးတည်းသာလျှင် နတ်ပြည်၊ ဗြဟ္မာပြည် ရောက်နိုင်ကာ ချမ်းသာမှု ရချင်ရပါလိမ့်မယ်။ လက်တွေ့ကျတဲ့ ကယ်ဆယ်မှုတွေမရှိရင် ဘေးဒုက္ခရောက်နေသူများဟာ ချမ်းသာမှုရကြမှာ မဟုတ်ပါဘူး။
လူအချင်းချင်း ကရုဏာတရားထားပြီး ဒုက္ခရောက်နေကြသူ တွေကို လက်တွေ့ကျကျ ဆက်လက်ကူညီကြဖို့ တိုက်တွန်းသွားပါတယ်။

ဆရာတော်ကြီးရဲ့ ချီးမြှင့်ခဲ့တဲ့ တရားတော်ဟာ “လူအုပ်ကြားထဲမှာ ဆူးခက်ကြီး ကိုင်ဆွဲပြီးဝင်သွားသလို” ကျွန်မတို့ရဲ့ နှလုံးသားထဲမှာ စွဲငြိကျန်ရစ် နေခဲ့ပါတော့တယ်။

ဆရာတော်ကြီးဆီက လက်ခံရရှိခဲ့တဲ့ အလှူငွေဖြတ်ပိုင်းလေးပါ။
ဂျပန်ယဉ်ကျေးမှုထုံးစံအရ အလှူငွေထည့်ဝင် လှူဒါန်းခဲ့သူတွေဆီကို လက်လှမ်းမှီသရွေ့ ကျေးဇူးတင်လွှာများ ပေးပို့ခဲ့ကြပါတယ်။ အဲဒီကျေးဇူတင်လွှာမှာ အလှူငွေမည်မျှကောက်ခံရရှိခဲ့ကြောင်း၊ မည်သို့လှူဒါန်းခဲ့ကြောင်း အစရှိသဖြင့် ဂျပန်ဘာသာဖြင့် ရေးသားထားကာအလှူငွေလက်ခံဖြတ်ပိုင်း မိတ္တူပုံပါ တွဲပြီး ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အလှူခံတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တစ်ချို့ ဘလောခ်တွေမှာ အလှူခံတဲ့ သူတွေကို ဝေဖန်ရေးသားတာတွေ ရှိပေမဲ့ လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိတာပဲလေလို့ ပဲတွေးမိပါတယ်။ ပုထုဇဉ် လူသားတိုင်းဟာ မိမိတို့ ကြီးပြင်းကျင်လည်ခဲ့ရာ ပတ်ဝန်းကျင်ကိုလိုက်ပြီး ထင်မြင်ယူဆချက် အမျိုးမျိုး ရှိနေတတ်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူအများအတွက် လုပ်သင့်တဲ့ အလုပ်တစ်ခု၊ ကိုယ်လုပ်နိုင်တဲ့ အလုပ်တစ်ခုသာ
ဖြစ်နေခဲ့ရင် အများအကျိုးရှေးရှုပြီး မိမိရဲ့ အတ္တ၊ မာနတွေကို အသာဖယ်နိုင်သလောက်ဖယ၊် စိတ်ကောင်း စေတနာထား၊ အပြောမဟုတ် လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့ သာ အရေးကြီးတာ မဟုတ်ပါလားရှင်။

ဒီလိုနဲ့ ကျွန်မတို့ရဲ့ လေဘေးသင့်သူတွေ အတွက်ကူညီဖို့ အတူတကွလက်တွဲ လုပ်ဆောင်ခဲ့ကြတာဟာ အောင်မြင်စွာနဲ့ ပြီးဆုံးပြီး လှူဒါန်းပြီးမြောက်သွားပါပြီ။
ဒုက္ခရောက်သူတွေကို ကိုယ်ထိလက်ရောက် သွားရောက်ကူညီပေးနေကြသူတွေ နဲ့ ယှဉ်ရင် ကျွန်မတို့ရဲ့ ဆောင်ရွက်မှု ဟာဘာမှ မပြောလောက်ပါဘူး။
မိမိတို့ တတ်စွမ်းနိုင်သရွေ့ အဖက်ဖက်မှ လူအား၊ စိတ်အား၊ ငွေအားဖြင့် ပါဝင်ကူညီခဲ့သူတွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင်။
ကျွန်မရဲ့ Diary လေးကို ဖတ်မိသူတိုင်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ လို့မျှော်လင့်ရင်း....

Friday, November 14, 2008

လက်တွဲကူညီခြင်း မှတ်တမ်း (၃)

လှူဒါန်းခြင်း(၁)

လေဘေးဒုက္ခသည်တွေ အတွက် လက်ခံရှိခဲ့တဲ့ အလှူငွေတွေကို (၂) ကြိမ်ခွဲပြီး လှူဒါန်းခဲ့ပါတယ်ရှင်။

ပထမအကြိမ် အနေနဲ့ Care Internationl Japan ဆိုတဲ့ NGO အဖွဲ့ ကိုဆက်သွယ်ပြီး လှူဒါန်းခဲ့ပါတယ်။
ကျွန်မတို့ဟာ ဂျပန်လူမျိုးတွေဆီက အလှူငွေကောက်ခံ ရရှိခဲ့တာဖြစ်လို့ ဒီငွေတွေကို အသုံးပြုတဲ့ နေရာမှာ သူတို့တွေ အထင်အမြင် လွဲမှားမှုမရှိအောင် စဉ်းစားခဲ့ကြပါတယ်။
အဲဒီတော့ ခိုင်မာတဲ့ အဖွဲ့အစည်း၊ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နေတဲ့ နိုင်ငံတကာ NGO အဖွဲ့ အစည်း၊ ပြီးတော့ ဂျပန် နိုင်ငံမှာလဲ ရှိတဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်း တစ်ခုထံမှာ လှူဒါန်းရင် ပိုပြီးသင့်လျော်မယ် လို့ အားလုံးက သဘောတူခဲ့ကြပါတယ်။
အဲဒီတော့ Mori Volunteer အဖွဲ့ ကအမျိုးသမီးကြီးများထံမှာ အကြံဥာဏ် တောင်းခံခဲ့တဲ့အခါ သူတို့ရဲ့ အကြံပေးချက်အရ Care International Japan ကို ဆက်သွယ်ပြီး ၃၀-၅-၂၀၀၈ နေ့မှာ ၁၃၀၃၀၄ ယန်း ပေးပို့လှူဒါန်းနိုင်ခဲ့ပါတယ်။

အဲဒီအဖွဲ့ ဟာ နိုင်ငံတကာမှာ ရုံးခန်းတွေဖွင့်ထားပြီး ကူညီထောက်ပံရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ NGO အဖွဲ့ တစ်ခုပါ။
မြန်မာနိုင်ငံမှာလဲ Care Myanmar ဆိုတဲ့ အမည်နဲ့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာဒေသတွေကို သွားရောက်ပြီး မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အဖွဲ့လဲဖြစ်တယ်။
ဒီမှာ ကြည့်နိုင်ပါတယ်။ (ဂျပန်ဘာသာဖြင့်သာ)
http://www.careintjp.org/worldmap/myanmar.html
http://www.careintjp.org/news/newsrelease_080805.html

ဒါကတော့ Care International Japan ရဲ့ ကျေးဇူတင်လွှာနဲ့ Receipt ပါ။

လှူဒါန်းခြင်း (၂) ကို ဆက်လက် မှတ်တမ်းတင်ပါအုံးမယ်။

Wednesday, November 5, 2008

လက်တွဲကူညီခြင်း မှတ်တမ်း (၂)


အလှူငွေကောက်ခံရရှိခြင်း


တစ်ဦးနဲ့ တစ်ဦး လက်တွဲကူညီပြီး စုပေါင်းလုပ်တဲ့ အလုပ်တစ်ခုဟာ အောင်မြင်ခဲ့ပါပြီ။
ကျွန်မတို့ Volunteer အဖွဲ့ဟာ မြို့ထဲမှာ (၂)ရက်ထဲသာ အလှူခံထွက်နိုင်ခဲ့ပေမဲ့ အားပေးကူညီ ခဲ့ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများကြောင့် မျှော်လင့်ထားတာထက် ပိုပြီး အလှူငွေ တွေရရှိခဲ့ပါတယ်။

အပေါ်ကပုံလေးကတော့ အလှူငွေထည့်ဝင်တဲ့ သူတိုင်းကို ကျေးဇူးတင်တဲ့ အနေနဲ့ ပြန်ပေးခဲ့တဲ့ စတစ်ကာလေး ပဲဖြစ်ပါတယ်။ အလှူငွေ ထည့်ဝင်တဲ့ သူတွေဟာလဲ မိမိရဲ့ အလှူအတွက် အမှတ်တရ စတစ်ကာလေး တစ်ခုပြန်ရတဲ့ အတွက် ၀မ်းမြောက်ကြမယ် လို့လဲ ထင်ပါတယ်။

စတစ်ကာလေးမှာ ”သင့်ရဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ၊် မြန်မာ ဆိုင်ကလုံးဒဏ်ခံရသူများအတွက် အရေးပေါ်ထောက်ပံ့ရေး အစီအစဉ် ” လို့ ဂျပန်ဘာသာနဲ့ ရေးထားပါတယ်။ စတစ်ကာရဲ့ ညာဖက်ထောင့်က တော့ ”ပုဂံ၊ မြန်မာ” လို့ရေးထားပြီး ညာဖက်အောက်ဆုံးမှာ ဆိုင်ကလုံးဒဏ်ခံခဲ့ရတဲ့ အချိန်ကာလ ”၂၀၀၈ခုနှစ်၊ ၅လ” ဆိုပြီး ရေးထားပါတယ်။

ပုဂံရှုခင်းပုံ ထည့်ရခြင်း အကြောင်းကတော့(” မြန်မာ”လို့ပြောလိုက်ရင် ဘယ်လိုနိုင်ငံလဲ၊ ဘယ်မှာရှိတာလဲ ဆိုတာကို မသိကြတဲ့ ဂျပန်လူမျိုးတွေ ရှိနိုင်တဲ့အတွက်) ”မြန်မာ” လို့ ပြောလိုက်တဲ့အခါ ဒီလို Image ရှိနိုင်အောင်ရည်ရွယ်ပြီး ပုဂံရှုခင်းပုံကို သုံးလိုက်တာဖြစ်ပါတယ်။

တစ်ကယ်လို့ သူတို့စိတ်ဝင်စားလို့ အင်တာနက်မှာ ပုဂံ(パガン)ဆိုတဲ့ စာလုံးရိုက်ထည့်ပြီး ရှာခဲ့ရင် မြန်မာပြည်ရဲ့ ကြွယ်ဝလှတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို သိရှိနိုင်ကြတာပေါ့။ တစ်ချို့ ဂျပန် အဘိုးကြီး၊ အဘွားကြီးတွေကတော့ ဘိရုမာ လို့ပြောရင် သိပါတယ်။

အလှူငွေထည့်ဝင် ကူညီခဲ့ကြသူတွေပါ။
  • ၂၀၀၈ခုနှစ်၊ မေလနောက်ဆုံးရက်သတ္တပတ်ရဲ့ စနေ၊ တနင်္ဂနွေ (၂)ရက် (စုစုပေါင်း အချိန် ၈ နာရီခန့်) မြို့ထဲက လူစည်ကားရာ ကျွန်မတို့ အလှူခံတဲ့ နေရာမှာ ဖြတ်သန်းသွားလာခဲ့ကြတဲ့ မြို့သူ၊မြို့သားများ
  • ကျွန်မရဲ့ ဆရာနဲ့ ဂျပန်သူငယ်ချင်းများ
  • ဒီအစီအစဉ်ကို ဦးဆောင်တဲ့ သူငယ်ချင်း (Dust in the wind) ရဲ့ ဆရာ
  • ကျွန်မရဲ့ အော်ခစန်(အမေ) နဲ့ သူရဲ့ ဂျပန်မိတ်ဆွေများ
  • Mori Volunteer Group
  • Campus ၄ ခုက အလှူခံပုံးလေးတွေ မှာထည့်ဝင်ခဲ့ကြတဲ့ ကျောင်းသူ/သား၊ ၀န်ထမ်းများ
  • Sendai မြို့အနီး Yamaga ဆိုတဲ့ မြို့လေးတစ်မြို့က ခင်မင်လှတဲ့ မြန်မာသူငယ်ချင်းလေးတစ်ဦး
  • မြန်မာပြည်ပြန်သွားပြီဖြစ်တဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ဂျာမန်လူမျိုး သူငယ်ချင်းတစ်ဦး
  • အလှူခံထွက်ရာမှာ ပါဝင်ကူညီခဲ့တဲ့ ညီမလေး ရဲ့ ဂျပန်စာသင်တဲ့ ဆရာမ
  • အလှူခံထွက် လုပ်အားပေးခဲ့တဲ့ မြန်မာ၊ အင်ဒိုနီးရှား နဲ့ စင်ကာပူ သူငယ်ချင်းများအားလုံး
စတဲ့ သူတွေက အားပေးကူညီခဲ့ကြတဲ့ အတွက် နောက်ဆုံးစာရင်းပိတ်တော့
စုစုပေါင်း အလှူငွေ ၂၄၀၃၀၄ ယန်း စုဆောင်း ရရှိခဲ့ပါတယ်။

(ဘယ်မှာလှူဒါန်းခဲ့တယ် ဆိုတာကို လက်တွဲကူညီခြင်း မှတ်တမ်း (၃)မှာ ဆက်ရေးပါမယ်ရှင်။)

Monday, November 3, 2008

လက်တွဲကူညီခြင်း မှတ်တမ်း (၁)


”ဟင်.....ဟယ်......ဟာ.......” စသဖြင့် ကြေကွဲ ထိတ်လန့်စွာ ထွက်ပေါ်လာတဲ့ ကျွန်မရဲ့ အာမေဋိတ်သံ အမျိုးမျိုးကြောင့် အခန်းထဲက လူတွေအားလုံးဟာ ကျွန်မကြည့်နေတဲ့ ကွန်ပြူတာ စကရင် ဆီကို အကြည့်တွေ ရောက်လာကြပါတယ်။ သူတို့ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ အတုံးအရုန်းလဲပြိုကျနေတဲ့ ခန္တာကိုယ်လေးတွေ၊ ရေထဲမှာ တစ်ဝက်တစ်ပျက် နစ်မြုပ်နေကြတဲ့ ခန္တာကိုယ်လေးတွေ၊ လူတွေနေခဲ့တဲ့ နေရာပါလို့ မဆိုနိုင်လောက်အောင် ပျက်စီးယိုယွင်းသွားခဲ့တဲ့ နေရာတွေ........

ကျွန်မ ဘာအကြောင်းပြောတော့မယ် ဆိုတာ သိလောက်ကြပါပြီ။
ဟုတ်ပါတယ်၊ မြန်မာနိုင်ငံရဲ့သမိုင်းမှာ သဘာဝဘေးအန္တရာယ်ဒဏ် အဆုံးရွားဆုံး ခံခဲ့ရတဲ့ နာဂစ် မုန်တိုင်းကြီး အကြောင်းပေါ့။
ဘယ်သူမှ ဒီ နာဂစ် ဆိုတဲ့ အသံကို ကြားချင်မှာ မဟုတ်ပါဘူး၊ ကျွန်မလဲ ဒီအကြောင်းကို မပြောချင်ပေမဲ့ ကျွန်မရဲ့ Diary လေးပေါ်မှာ မှတ်တမ်းတင်ထားချင်တဲ့ အတွက်ကြောင့် ရေးလိုက်ပါတယ်။

၂၀၀၈ခုနှစ်၊ မေလ(၃) ရက်နေ့ မြန်မာနိုင်ငံမှာ အင်အားပြင်းထန်တဲ့ နာဂစ်မုန်တိုင်းဝင်ရောက် တိုက်ခတ်သွားတယ်။ အပျက်အစီး၊ အဆုံးအရှုံး များတယ် စသဖြင့် သတင်းရခဲ့ပေမဲ့ ကျွန်မအနေနဲ့ ”မုန်တိုင်း ၀င်သွားတယ် ဆိုတော့ ပျက်စီးဆုံးရှုံးတာ တော့ ရှိမှာပေါ့ ” အဲဒီလောက်ပဲ တွေးခဲ့ မိပြီး သိပ်အလေးအနက် မထားခဲ့မိပါဘူး။ မုန်တိုင်းဝင်တဲ့နေရာဟာလဲ ကျွန်မရဲ့ ဇာတိမြေ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း တွေ ရှိတဲ့ နေရာနဲ့ အလွန်ပဲ အလှမ်းဝေးတဲ့ အတွက်ကြောင့် အဲဒီလို သဘောထားမိခဲ့တာ ဖြစ်မှာပါ။

နောက်ပိုင်း အင်တာနက် စာမျက်နှာ အမျိုးမျိုးကနေ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသွားတဲ့ မြင်ကွင်းဓာတ်ပုံတွေ၊ သတင်းတွေ၊ ဂျပန် ရုပ်မြင်သံကြားက သတင်းတွေ အဆက်မပြတ် ၀င်လာပါတော့တယ်။
တစ်ရက် ကျောင်းမှာ အင်တာနက် ထိုင်ကြည့်နေတုန်း မြင်လိုက်ရတဲ့ ဓာတ်ပုံတွေကြောင့် အလွန်ပဲ အံ့သြကြေကွဲ ခဲ့ရပြီး၊ ”ဟင်..ဟယ်....အဲဒီလောက်ကြီးတောင် ဖြစ်တာလား” ဆိုပြီး ကျွန်မရဲ့ အာမေဋိတ်သံ အမျိုးမျိုးကြောင့် အခန်းထဲမှာ စာလုပ်နေကြတဲ့ ကျွန်မရဲ့ ဂျပန်သူငယ်ချင်းတွေတောင် ကျွန်မကြည့်နေတဲ့ ကွန်ပြူတာ ဆီကိုလာကြည့်ကြပါလေရဲ့။

ကျွန်မရဲ့ ဆွေမျိုးသားချင်းတွေမဟုတ်၊ ကျွန်မနဲ့ လဲဘယ်သူမှမသိ ပေမဲ့
”အော်.. ငါတို့နဲ့ တစ်မြေတည်းကသီးတဲ့ ဆန်ကိုစား၊ တစ်ရေတည်းသောက်၊ ဘာသာစကားတစ်မျိုးကို အတူတူ ပြောကြတဲ့ ငါတိုရဲ့ နိုင်ငံသားတွေ၊ အနာဂတ်ရဲ့ မျိုးဆက် ကလေးသူငယ်တွေ ဒီသဘာဝဘေးအန္တရာယ် ဆိုးကြီးကြောင့် အသက်အိုးအိမ် ဆုံးရှုံးနေကြရပါပေါ့လား။ ”
ဆိုပြီး အလွန်ကို စိတ်မချမ်းမြေ့ဖြစ်ခဲ့ရပါတယ်။
အဲဒီလောက် လူတွေအများကြီး သေကျေပျက်စီး ကြပြီး အပျက်အစီး အဆုံးအရှုံး များလိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိပါဘူး။

ကဲ...ဒီလိုစိတ်မကောင်းဖြစ်နေရုံနဲ့ ပြီးရောလား...
နေစရာအသင့်၊ စားစရာ အသင့် ရှိနေတဲ့ ကျွန်မဘာလုပ်မလဲ။
နေစရာ၊ စားစရာ၊ အ၀တ်အထည် မရှိ၊ ဆွေမျိုးသားချင်းတွေ ဆုံးရှုံးသွားကြတဲ့ လူတွေအတွက် ဘာလုပ်ပေးနိုင်မလဲ။

မြန်မာနိုင်ငံရဲ့ အဝေးတစ်နေရာမှာ ရောက်နေတော့ ကိုယ်တတ်နိုင်သလောက် အလှူငွေ ထည့်ပြီး လှူလိုက်ရုံ ပေါ့။ အလှူငွေထည့်လို့ရတဲ့ နေရာတွေလဲ အများကြီး။
မြန်မာနိုင်ငံက NGO အဖွဲ့အစည်းတွေဆီ ဆက်သွယ်ပြီး လှူမလား။
အင်တာနက် ပေါ်ကနေ credit card သုံးပြီးလှူမလား။
International NGO တွေဆီ ဆက်သွယ်ပြီး လှူမလား။
ဂျပန်ရုပ်မြင်သံကြားဌာနတွေရဲ့ bank account ထဲ ထည့်ပြီး လှူမလား။
ကျိုတိုက အစ်မ တစ်ယောက် ဦးဆောင်အလှူငွေ ကောက်ခံပြီး မြန်မာနိုင်ငံက NGO အဖွဲ့အစည်းတွေဆီ ဆက်သွယ်ပြီး လှူဒါန်းပေးတဲ့ Cyclone Victim Rescue Fund ဆီကို ပို့ပြီးလှူမလား။
ကြိုက်သလို လှူလို့ ရပါတယ်။

ဒါပေမယ့် ကျွန်မစဉ်းစားတယ်။ ဘယ်လောက်လှူနိုင်မှာလဲ လို့လေ...
ကိုယ်တစ်ဦးတည်းတတ်နိုင်တဲ့ ငွေကြေးပမာဏထက် ပိုပြီး တတ်နိုင်သလောက် ထိထိရောက်ရောက် လှူဒါန်းချင်တဲ့ ဆန္ဒတွေ ဖြစ်လာနေခဲ့တယ်။
မုန်တိုင်းဘေးသင့်တဲ့ နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လှူဒါန်းနေတဲ့ သူတွေကို လဲ အထူးအားကျပြီး သာဓုခေါ်မိပါတယ်။

အဲဒီအချိန်မှာ အင်ဒိုနီးရှားသူငယ်ချင်းလေး တစ်ယောက်ဆီက e-mail ၀င်လာပါတယ်။ မြန်မာမှာ ကြီးမားပြင်းထန်လှတဲ့ မုန်တိုင်းတိုက်သွားတာ သိရတဲ့ အတွက်ဝမ်းးနည်းကြောင်း အစချီထားပြီး၊ ”မုန်တိုင်းဘေးသင့်တဲ့ လူတွေအတွက် အလှူငွေ မကောက်ဘူးလား၊ အလှူငွေ ကောက်မယ်ဆိုရင် လိုအပ်တာတွေ ကူညီပေးလို့ရတယ်၊ အင်ဒိုနီးရှားမှာ ၂၀၀၆ ခုနှစ်က ဖြစ်သွားခဲ့တယ် ဆူနာမီ ငလျင်ဘေးသင့်သူ တွေအတွက် အလှူငွေ ကောက်ခဲ့တဲ့အတွေ့အကြုံ ရှိတဲ့အတွက် ကူညီပေးမယ်လေ”
ဆိုတဲ့ e-mail ကြောင့် ကိုယ်တတ်စွမ်းသရွေ့ လှူဒါန်းတာထက်ပိုပြီး တစ်ခုခု လုပ်ချင်နေတဲ့ ကျွန်မဟာ ”လုပ်မယ်၊ အလှူငွေကောက်တဲ့ အတွေ့ အကြုံလဲ မရှိတဲ့ အတွက် လိုအပ်တာ အကူအညီပေးပါနော်” လို့စာပြန်လိုက်ပါတယ်။

နီးစပ်ရာ မြန်မာသူငယ်ချင်းတွေနဲ့ တိုင်ပင်ကြည့်တဲ့ အခါ သူတို့ကလဲ တတ်အားသရွေ့ ကူညီမယ်၊ ဆိုပြီး လက်တွဲလာကြတဲ့ အတွက် အလွန် ၀မ်းမြောက်ခဲ့ရပါတယ်။
ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်ကို ဦးဆောင်စေပြီး ကျွန်မတို့ရဲ့ အလှူခံမဲ့ အစီအစဉ် စတင်ကြပါတော့တယ်။

ပြင်ဆင်ခြင်း

မြို့ထဲမှာ အလှူခံဖို့အတွက် မြို့နယ် ရဲတပ်ဖွဲ့ရဲ့ ထောက်ခံချက်လိုအပ်တယ်။ အလှူခံတဲ့ အကြောင်းအရင်း၊ အလှူခံမဲ့ နေ့ရက်၊ အချိန် နဲ့ နေရာ အတိအကျ ကိုမြေပုံနဲ့ တကွ တွဲတင်ရပြီး၊ ထောက်ခံချက်ရဖို့အတွက် အနည်းဆုံး (၁)ပတ်လောက် စောင့်ရပါတယ်။ ထောက်ခံချက်ရဖို့ စောင့်နေစဉ် အတောအတွင်းမှာ ကျွန်မတို့တွေဟာ အလှူခံထွက်ရင် လိုအပ်မဲ့ ပိုစတာ၊ အလှူခံပုံး စတာတွေကို ပြင်ဆင်ကြရပါတယ်။ ပိုစတာတွေကိုလဲ ကျွန်မရဲ့ အင်ဒိုနီးရှား သူငယ်ချင်းကပဲ ဦးဆောင်ပြီး ပိုစတာ (၂)မျိုးကို ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ(၂)မျိုးစီနဲ့ ပြင်ဆင်ခဲ့ကြတယ်။
ဒါက ဂျပန်ဘာသာနဲ့ နောက်တစ်မျိုးပါ။

ကျွန်မတို့မြို့မှာ နေတဲ့ မြန်မာဦးရေဟာ အလှူခံထွက်ဖို့ အတွက်ကို မလုံလောက်အောင် နည်းလွန်းတဲ့အတွက် အင်ဒိုနီးရှား သူငယ်ချင်းလေးက သူကိုယ်တိုင်လဲ ပါဝင်ကူညီမယ်၊ သူ့သူငယ်ချင်း အင်ဒိုနီးရှားလေးတွေကို လဲအကူအညီတောင်းပေးပြီး စုစုပေါင်း အင်ဒိုနီးရှား သူငယ်ချင်း (၄)ယောက် (အဲဒီထဲက ၃ ယောက်ဟာ Ph.D တက်နေကြတဲ့ ကျောင်းသားတွေဖြစ်ပြီး၊ တစ်ယောက်ကတော့ Post-Doctorate ဖြစ်ပါတယ်) နဲ့ စင်ကာပူသူငယ်ချင်း (၁)ယောက် လက်တွဲကူညီပေးခဲ့ ကြတယ်။ သူတို့ ရဲ့ Volunteer စိတ်ဓာတ် နဲ့ Leadership skill တွေဟာ ချီးကျုး၊ အတုယူစရာ မကောင်းပေဘူးလား။

ဒီလိုနဲ့ ကျွန်မတို့ရဲ့ အလှူခံ အဖွဲ့လေးဟာ ”........ University Myanmar Student Volunteer Group ” ဆိုပြီးအလှူခံထွက်ဖို့ ခြေလှမ်းပြင်ကြပါပြီ။

အလှူခံထွက်ဖို့ လူအင်အားကနည်းပြီး အားလုံးကလည်း အချိန်နဲ့ လုပြီး သုတေသန လုပ်နေကြတဲ့ သူတွေချည်းပဲ ဖြစ်တဲ့အတွက် အားလုံးလဲ အဆင်ပြေတဲ့ မေလ နောက်ဆုံးရက်သတ္တပတ်ရဲ့ စနေ၊ တနင်္ဂနွေ (၂) ရက်တည်းပဲ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်မတို့ကို ဒီမြို့က နိုင်ငံခြားကျောင်းသားတွေကို အကူအညီပေးနေတဲ့ Mori Volunteer အဖွဲ့ က အမျိုးသမီးကြီးများကလဲ အားပေးကူညီခဲ့ကြပါတယ်။

နောက်တစ်ခုကတော့ အဲဒီသူငယ်ချင်းရဲ့ အကြံပေးချက်နဲ့ပဲ တက္ကသိုလ်က campus အသီးသီးမှာ အလှူခံပုံး ထားဖို့ပဲ ဖြစ်တယ်။ အဲဒီအတွက်လဲ တက္ကသိုလ်က ခွင့်ပြုချက်ကို ရယူပြီးမှ တစ်လတိတိ ကျွန်မတို့ တက္ကသိုလ်ရဲ့campus (၄) ခုက ရုံးခန်းတွေမှာ အလှူခံပုံးလေးတွေ (၁)လတိတိ ထားခဲ့ပါသေးတယ်။
(ဘယ်လောက်ရရ ဆိုပြီးတော့ပါ၊ Better than nothing လေ၊ ဟုတ်တယ်မဟုတ်လား။)

ဒီပုံက တက္ကသိုလ် campus တစ်ခုရဲ့ ကျောင်းသားရေးရာ ရုံးခန်းရှေ့မှာ ထားခဲ့တဲ့ အလှူခံပုံးလေး ဖြစ်ပါတယ်။

ပါဝင်ကူညီခဲ့ကြတဲ့ သူငယ်ချင်းများအားလုံးကို အထူးလေးစားချစ်ခင်လျက်.........
(အလှူခံရရှိခဲ့ရပုံ နဲ့ ရရှိခဲ့တဲ့ အလှူငွေတွေကို ဘယ်လိုလှူဒါန်းခဲ့တယ် ဆိုတာကို အလှူငွေရှာပွဲ မှတ်တမ်း(၂)မှာ ဆက်ဖတ်စေချင်ပါတယ်ရှင်။)

Posts with same label

Related Posts with Thumbnails