Showing posts with label Cooking Section. Show all posts
Showing posts with label Cooking Section. Show all posts

Wednesday, December 22, 2010

Let's make မုန့်ရေပါး in Japan

မန္တလေးအခေါ် မုန့်ရေပါး။

ရန်ကုန်အခေါ် လမ်းသရဲမုန့်တဲ့ ဟုတ်လား။ နောက်ထပ် ဘယ်နေရာက ဘယ်လိုခေါ်လဲမသိ။

တစ်ကယ်တော့ မုန့်ရေပါးလုပ်နည်းကို KTML ကြီးသင်ပေးသွားလို့ လုပ်တတ်တာပါ။ အယ်ဒီတာချုပ်တောင်မေ့နေလောက်ပြီ။ တစ်ခါတုံးက ဆန်မှုန့်ထုပ် ဓာတ်ပုံပို့ပေးမယ် ဆိုပြီး ပြောထားဖူးတယ်။ အဲဒါကို သတိရတာနဲ့ ပိုစ်ရေးလိုက်တယ်။

ဒါက ဂျပန်မှာ ၀ယ်လို့ရတဲ့ ဆန်မှုန့်ထုပ်လေးပါ။

မုန့်ရေပါး လုပ်ရန်လိုအပ်သော ပစ္စည်းများ။

၁။ ဆန်မှုန့်ုထုတ် ၁ ထုတ် (မုန့်ရေပါး ၆ ပြားလောက်ရတယ်။)

၂။ ကြက်ဥ ၂လုံး (သို့) ၃ လုံး

၂။ ခရမ်းချဉ်သီး (ကြီး ၂ လုံး)

၃။ ပဲပင်ပေါက် ၁ ထုတ်

၎။ ငရုတ်သီးစိမ်း ၁၀ တောင့်

၅။ မဆလာ

၆။ ဆား နဲ့ ဆီ

၇။ ဒယ်အိုပြား အနောတော်ဆိုဒ် ကောင်းကောင်း။

ဆန်မှုန့်တစ်ဆ ရေသုံးဆ ရောပြီး နာရီဝက်လောက်စိမ်ပေးထားပါ။ အရည်ပျစ်ဖို့မလိုပါ။ အရည်ခပ်ကျဲကျဲဖြစ်မှ မုန့်ပါးပါးဖြစ်မှာ။

ခရမ်းချဉ်သီး နဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။ ကြက်ဥကို ကြေအောင် ခေါက်ထားပါ။

အားလုံးပြင်ပြီးရင် ဒယ်အိုးပြားထဲကို ဆီနည်းနည်းထည့်ပါ။ မုန့်နှစ်ရည်တွေ အနေတော် လောင်းထည့်ပြီး ပြန့်သွားအောင် ဒယ်အိုးကို စောင်းလှည့်ပေးနော်။ ကြက်ဥခေါက်ထားတာကိုလည်း ညီညီညာညာဖြစ်အောင် မုန့်နှစ်ရည်တွေပေါ်ထပ်ပြီး ဖြန့်ခင်းပေးပါ။

ပြီးရင် ဆားနည်းနည်းဖြူးလိုက်ပြီး ပဲပင်ပေါက်လေးတွေကို ဖြန့်ခင်း၊ အဖုံးလေးခဏအုပ်ထားပါ။

မိနစ်ဝက်လောက်ရရင် ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်း စိတ်ထားတာလေးတွေကို ထပ်ပြီး ဖြန့်ခင်းလိုက်နော်။

ပြီးရင် မိနစ်ဝက်လောက် အဖုံးခဏ ထပ်အုပ်ထားပါအုန်း။ ဘေးသားလေးတွေက အရင်စပြီး ကြွတ်လာလိမ့်မယ်။ ဆီကြိုက်ရင် ဘေးသားတွေ တစ်ဝိုက်ကိုဆီနည်းနည်း ထပ်လောင်းပေးလိုက်ပြီး ဆီတွေပြန့်သွားအောင် ဒယ်အိုးကို စောင်းလှည့်ပေးပါ။

မီးငယ်လေးတို့ကတော့ ခဏခဏဘေးသားတွေ တူးသွားဖူးတယ်။ ကဲ ရပြီ။ အလှဆုံး ကြော်လို့ရတဲ့ မုန့်ရေပါးပုံလေးပါ။ မဆလာနံ့ မွှေးမွှေးလေးနဲ့ ချဉ်စပ်စပ်လေး စားလို့ကောင်းတယ်။

စမ်းကြည့်လိုက်ကြပါအုန်းနော်။


မှတ်ချက်။ တစ်ခြမ်းနည်းနည်းတူးသွားလို့ လှတဲ့ တစ်ခြမ်းပဲ ရိုက်ထားတာ။ :D

မီးငယ်လေး ပစ်ထည့်ချက်သည်။

Tuesday, June 29, 2010

ဂျပန်မှာ ချက်တဲ့ဟင်း(အုန်းနို့ခေါက်ဆွဲ)

နိဒါန်း။ ။ ဟင်းချက်နည်းအကြောင်းမစခင် ထုံးစံအတိုင်း နိဒါန်းပျိုးပါရစေ။
အင်ဒိုနီးရှားသူငယ်ချင်းတစ်ယောက်က မီးငယ်လေး ဖေ့ဘွတ်မှာတင်ထားတဲ့ ဟင်းတွေကိုကြည့်၊ အထင်တွေ ကြီးပြီး ဟင်းချက်နည်း ဘလော့ရေးပါလားတဲ့။ သူကလဲ အိမ်ထောင်ကျသွားပြီးမှ ဟင်းချက်နည်းတွေ စိတ်ဝင်စားပြီး ဘလော့ရေးနေလေရဲ့။ မီးငယ်လေးကလဲ ဟင်းသာချက်နေတာ စနစ်တကျသိပ်ရှိတာမဟုတ်၊ စားချင်တာတွေ ကြံဖန်ချက်ပြီး ဖေ့ဘွတ်မှာ တင်ကြွားနေတာဆိုတော့ ..မြန်မာလိုပဲ ဘလော့ရေးတတ်တယ်၊ အင်္ဂလိပ်လို ရေးဖို့အင်္ဂလိပ်စာပြန်လေ့လာရအုန်းမယ်.. ဆိုပြီး ငြင်းထားရတယ်။ :D
ဒါပေမဲ့ အခုတော့ ဂျပန်ရောက်ပြီးမှ ဟင်းချက်နည်းကို စတင် စိတ်ပါဝင်စားလာပြီး သူများတွေကို ချက်ကျွေးချင်နေတဲ့ သူငယ်ချင်းအတွက် ရေးပေးရင်းနဲ့ ဂျပန်မှာ ဟင်းချက်နည်းကို အမှတ်တရအနေနဲ့ ရေးဖြစ်သွားပါတယ်။

အုန်းနို့ခေါက်ဆွဲ
ဟင်းချက်နည်း အကြောင်းရေးတဲ့ ၀က်ဆိုဒ်တွေ ဘလော့တွေမှာလဲ ရှိပြီးသားမိုလို့ ဂျပန်မှာ ၀ယ်လို့ ရတဲ့ Ingredients တွေနဲ့ ပဲချက်တဲ့ နည်းကို ပြောပြမယ်နော်။

လိုအပ်သော ပစ္စည်းများ
လူ ၁၀ ယောက်မှ ၁၂ ယောက်စာ

၁။ ကြက်သား 1kg ဆိုရင် ရတယ်။ ကြက်ရိုးပြုတ်ရည်က အရသာ ပိုချိုတော့ ကြက်ကောင်လုံး ၁ ကောင်ပဲ ၀ယ်လိုက်ပါ။
၂။ ဂျင်း တစ်ထုတ်၊ ကြက်သွန်ဖြူ ၁ လုံး ၊ ကြက်သွန်နီဥကြီး ၂ လုံး
၃။ ကြက်ဥ ၁၀လုံး၊
၎။ Pasta ခေါက်ဆွဲခြောက် (မုန့်ကြွတ်ကြော်ဖို့) ၁ ထုတ်
၅။ ကုလားပဲ
၆။ Kinako ပဲမှုန့် (ကုလားပဲ ၀ယ်လို့ မရရင် ထည့်ဖို့) ၂ ထုတ်
၇။ အုန်းနို့ ၁ ဗူး
၈။ ခေါက်ဆွဲ (Yakisoba ခေါက်ဆွဲကို သုံးတယ်။ အထဲက အမှုန့်တွေကို လွှင့်ပစ်တယ်)
အထုတ်သေး ၃ထုပ်ပါတဲ့ ခေါက်ဆွဲထုပ် ၄ ထုတ်
၉။ ကြက်သွန်မြိတ် ၁ စည်း
၁၀။ ငံပြာရည် (Nanpala)
၁၁။ lemon ၃ လုံး
၁၂။ သကြား၊ ဆား
၁၃။ ဂေါ်ဖီထုတ် သေးသေးလေးတွေ လှီးပြီးသား အထုတ် ၂ ထုတ်
(သူတို့တွေက ကြက်သွန်နီ အစိမ်းမကြိုက်မှာစိုးလို့ အဲဒါအစား ထည့်တာ)
ပုံ။ ပါစတာခေါက်ဆွဲခြောက်နဲ့ Kinako ပဲမှုန့်ထုတ်

(၂)နာရီလောက်အတွင်း ချက်ပြီးတဲ့ နည်း

ကုလားပဲနဲ့ ချက်မယ်ဆိုရင် ကုလားပဲကို တစ်ညရေစိမ်ပြီး ကြိုပြုတ်ထား။ Mixer or ဘလင်ဒါ နဲ့ မွှေထားပါ။

၁။ ကြက်ဥ ၁၀လုံးကို ထမင်းပေါင်းအိုးထဲ ထည့်ပြီး ပြုတ်ပါ။
၂။ ပထမဆုံး ကြက်ကောင်လုံးကို တစ်ခြမ်းခြမ်း ပြီးပြုတ်ပါ။ မြန်မြန် ကျက်အောင်လို့ ။ ၄ ပိုင်းလောက် ပိုင်းနိုင်ရင်လဲ ပိုင်းပေါ့။ မီးငယ်လေးကတော့ ကြက်ကို ပိုင်းဖို့ အင်အားမရှိလို့ ကြက်အသားချည်း 1kg ၀ယ်။ ဒီကစူပါမှာက ကြက်ကောင်လုံး အရိုးချည်းကို ၆၈ ယန်းလောက်နဲ့ ၀ယ်လို့ရတော့ အဲဒီအရိုးကို ၀ယ်တယ်။ အားလုံးကို ဂျင်း၊ ကြက်သွန်ဖြူ ထုထားတာ၊ ဆား၊ ငံပြာရည်ထည့်ပြီး ပြုတ်ပါ။ ကြက်သားက တစ်အားနူးစရာမလိုတော့ ရိုးရိုးအိုးနဲ့ ပြုတ်ရင်လဲ ရတယ်။

၃။ အဲဒါတွေ ပြုတ်ထားတုန်း ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို သေးသေးလေးတွေဖြစ်အောင် စဉ်းထားပါ။
၎။ ကြက်သွန်မြိတ် နဲ့ လီမွန်သီးကိုလဲ လှီထားပါ။
၅။ အဲဒါတွေလှီးပြီးတဲ့ အချိန် ကြက်ဥပြုတ်က ရလောက်ပြီ။ ဆယ်ပြီး အအေးခံထား။
၆။ မိနစ် ၂၀လောက်ရှိပြီ ထင်ပါ့။ ကြက်သားပြုတ်ကို ဆယ်ပြီးအအေးခံထား. ။
၇။ ဆီဒယ်အိုးတည်ပြီး ပါစတာခေါက်ဆွဲခြောက်တွေကိုကြော်ပါ။
၈။ ကြက်သားအေးပြီ။ အတုံးသေးသေးလေးတွေဖြစ်အောင် လက်နဲ့ ခွာထားပါ။
၉။ ဆီဒယ်အိုးကို ပူအောင်ပြန်တည် (ဆီများနေရင်ခပ်ထား) ၊ စင်းထားတဲ့ ကြက်သွန်ဖြူနီ ထည့်ပြီးကြော်
အရောင်တင် ငရုတ်သီးမှုန့်ထည့် (အရောင်ပိုလှချင်ရင် နည်းနည်းပိုထည့်)၊ ကြက်သွန်ဖြူနီကြော်က အရောင်နဲနဲ ပြောင်းလာရင် ခွာထားတဲ့ ကြက်သားတွေထည့်ကြော်၊ ငံပြာရည် နည်းနည်းထပ်လောင်းပြီး ကြော်၊
၁၀။ အသားပြုတ်ရည်အိုးကို မီးဖိုပေါ်ပြန်တင်ပြီး ဂျင်းဖတ်တွေကိုဆယ်ပစ်။ Kinako ပဲမှုန့် သုံးမယ်ဆိုရင် ရေနဲ့ ဖျော်ထားပါ။
၁၁။ အရည်ပြန်ပူလာရင် ကြော်ထားတဲ့ ကြက်သားတွေလောင်းထည့်။ ကုလားပဲနှစ်တွေကို ရေဖျော်ပြီးထည့်။ (OR ) ကုလားပဲ မသုံးဘူးဆိုရင် တော့ Kinako ပဲမှုန့် ရေဖျော်ထားတာကို လောင်းထည့်။ မွှေပေးပါ။
၁၂။ ဆူလာပြီဆိုရင် အုန်းနို့ထည့်ပါ။ သကြား နဲ့ ဆား၊ ငံပြာ၇ည် ထပ်ထည့်ပါ။ အပေါ့ အငံမြည်းကြည့်အုန်း။
၁၃။ ဆူပြီဆိုရင် ၅ မိနစ်လောက်ထပ်တည်ထားအုန်း။ အဲဒီအချိန်မှာ ကြက်ဥ ခွာပြီး တစ်ခြမ်းစိတ်ထား။
၁၄။ အချိန်ရမယ်ဆိုရင်တော့ ရာခိစောဘ ခေါက်ဆွဲဖတ်တွေကို ရေနွေးနဲ့ ခဏပြုတ်၊ (OR) မိုက်ခရိုဝေ့ဖ်မှာ အပူပေး။ (ဒီတိုင်းဆိုရင် နည်းနည်းမာမယ်ထင်လို့ )၊ ဒီအတိုင်းလဲ ဟင်းရည်ပူပူနဲ့ဆိုရင် စားလို့ ဖြစ်ပါတယ်။

ကဲ ပွဲပြင်လို့ ရပြီ။



မီးငယ်လေးကတော့ Lab မှာ ဒီအတိုင်းပဲ ချက်ကျွေးဖူးတယ်။ International Festival မှာလဲ Kinako အမှုန့်နဲ့ ဒီနည်းအတိုင်းပဲ ချက်ဖူးတယ်။ သူတို့ဂျပန်တွေကတော့ အိုအိရှိး အိုအိရှီး တဲ့..


ဒီပုံကတော့ အိုခစန်တို့ကို ချက်ကျွေးတုံးကပုံ။ သူတို့ဆီက အူဒုံစားရင် ထည့်စားတဲ့ အကြော်လေးတွေနဲ့ ခေါက်ဆွဲခြောက် ကြော်ပြီးသား ရှာတွေ့လို့ အဲဒါတွေ သုံးထားတယ်။ ခေါက်ဆွဲခြောက် ကြော်ပြီးသားရှာလို့ ရရင်တော့ ပါစတာခြောက် ကြော်စရာမလိုတော့ အလုပ်ရှုပ်သက်သာတာပေါ့။

မီးငယ်လေးကြံဖန်ချက်သည်။

Posts with same label

Related Posts with Thumbnails