Friday, December 11, 2009

နားလည်ခံစားမှုဖြင့် ဘာသာပြန်ခြင်း။

ဘာသာပြန်တယ် ဆိုတာ မိမိရဲ့ မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာတစ်ခုကို မိမိရဲ့မိခင်ဘာသာနဲ့ အများသူငါ နားလည်အောင် ပြန်ဆိုခြင်း အလုပ်ဆိုတာ လူတိုင်း သိပြီးသားဖြစ်ပါတယ်။ ဥပမာ.. အင်္ဂလိပ်ဘာသာ ကနေ မြန်မာဘာသာသို့ အကြောင်းအရာတစ်ခုကို ပြန်ဆိုပြီဆိုပါစို့။ ဘာသာပြန်သူဟာ အင်္ဂလိပ်ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ပဲ ကျွမ်းကျင်မှုရှိပါစေ။ အဲဒီဘာသာပြန်ချင်တဲ့ ဘာသာရပ် သို့မဟုတ် အကြောင်းအရာ တစ်ခုကို နားလည်ခံစားနိုင်မှု မရှိရင် မြန်မာဘာသာသို့ ဘာသာပြန်ဆိုရာမှာ စာဖတ်သူနားလည်နိုင်အောင် ပြန်ဆိုခြင်း ရှိနိုင်မှာ မဟုတ်ပါဘူး။

ဥပမာ ထပ်ပေးရမယ်ဆိုရင် ရူပဗေဒဘာသာရပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုကို ရူပဗေဒဘာသာရဲ့ သီအိုရီတွေ၊ concepts တွေကို နားမလည်ပဲ ဘာသာပြန်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ နားလည်ခံစားနိုင်မှု မရှိပဲ ၀တ္တုတစ်ပုဒ်ကို ဘာသာပြန်တယ်ဆိုရင်လဲ ဖတ်လို့ ကောင်းတဲ့ ဘာသာပြန်ဝတ္တုတစ်ပုဒ် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

အဲဒီလိုပဲ တစ်ဖက်က ပြန်ပြောရမယ်ဆိုရင် အင်္ဂလိပ်ဘာသာရပ်ကို အလွန်ကျွမ်းကျင်သူစာဖတ်သူတစ်ဦး ဟာအင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ မိမိအနေနဲ့ မကျွမ်းဝင် မရင်းနှီးတဲ့ ဘာသာရပ်တစ်ခုကို ဖတ်ပြီး အပြည့်အ၀ နားလည်မှု ရနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတဲ့ မိမိနဲ့ မလေ့လာဖူးတဲ့ အကြောင်းအရာတွေ များစွာ ပါဝင်နေပြီး နားလည်မှု လွဲမှားတဲ့ အဖြစ်မျိုးတောင် ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော် တစ်ခုစဉ်းစားမိတယ်။ ဂျပန်က ကျောင်းသားတွေဟာ ဘာသာရပ်တစ်ခုကို လေ့လာရာမှာ ကျွန်တော်တို့တွေထက် နားလည်မှု ပိုမိုမြင့်မားကြတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ Text books စာအုပ် တွေ၊ ဂျာနယ်တွေ ဟာ သူတို့ ဂျပန်ဘာသာနဲ့ အကုန်ထုတ်ဝေထားတာ ရှိတယ်။ ဂျပန်ကျောင်းသားအများစုဟာ အင်္ဂလိပ်စာ ညံ့တယ်လို့ ပြောလို့ ရပေမဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး နာလည်မှုစွမ်းရည် မြင့်မားကြတယ်။

အခြားဘာသာတစ်ခုကို ဘယ်လောက် ကျွမ်းကျင်နေပါစေ။ မိမိရဲ့ မိခင်ဘာသာနဲ့ ရေးထားတဲ့ စာလောက် နားလည် ခံစားနိုင်မှု မရှိဘူးလို့ ထင်ပါတယ်။

ဘလော့မှာ ၀ါသနာအရ စာမရေးတတ် ရေးတတ်နဲ့ စာရေးနေတယ် ဆိုပေမဲ့ စာဖတ်သူ ဆိုတာလဲ အမျိုးမျိုး ရှိတာကြောင့် မိမိနားလည် ခံစားလိုက်တဲ့ အကြောင်းအရာ တစ်ခု ကို စေတနာနဲ့ မျှဝေပေးခြင်း သာဖြစ်ပါတယ်။
စာရေးသူတစ်ယောက်မှာ စာဖတ်သူအတွက် စေတနာ ထားဖို့ အရေးကြီးတယ်ဆိုတယ် စာရေးသူ နဲ့ စာဖတ်သူ အားလုံး နားလည်ပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။

လာရောက်ဖတ်ရှုသူအားလုံးအား အထူးလေးစား ကျေးဇူးတင်လျှက်ပါ။

Monday, September 28, 2009

မေမေနာယူသောတရားများ - ၂

မီးငယ်လေးရေ....
ဒီနေ့ မေမေနာယူတဲ့ တရားကတော့ မေမေတို့ကို ဘုရားအဆူဆူနဲ့ လွဲစေခဲ့တဲ့ တရားခံ၊ အကြီးဆုံး ရန်သူ ၂ ယောက်အကြောင်းကို မိုးကုတ်ဆရာတော်ကြီးက ပြောပြထားတဲ့ တရားပါ။
အဲဒီရန်သူ ၂ ဦးက တော့ အ၀ိဇ္ဇာနဲ့ တဏှာ တဲ့။

သမုဒ္ဒရာကြီး ငါးစင်းထဲမှာ ရှိတဲ့ ရေတွေဟာ ခန်းခြောက်ကောင်း ခန်းခြောက်နိုင်တယ်။
မြင်းမိုရ်တောင်ကြီးလဲ ပျောက်ချိန်တန်ရင် ပျောက်နိုင်တယ်။
ဒါပေမဲ့ မေမေတို့တွေမှာ အ၀ိဇ္ဇာနဲ့ တဏှာ ရှိနေလို့ကတော့ အိုဘေး၊ နာဘေး၊ သေဘေး တွေနဲ့ ဘယ်လိုမှာ မလွတ်နိုင်ဘူးတဲ့။
ဘုရားတစ်ဆူနဲ့ တစ်ဆူကြားမှာ မေမေတို့အရိုးတွေဟာ ဝေပုလ္လတောင်လောက်မြင့်ခဲ့ကြသတဲ့။ ဝေပုလ္လတောင် ဆိုတာက မြင့်လဲမြင့်၊ ကျယ်လဲကျယ် ၊ လေးရက်တက် လေးရက်ဆင်းရတယ်။

အဲဒီတော့ အ၀ိဇ္ဇာနဲ့ တဏှာ ရန်သူနှစ်ဦးကို အသေသတ်နိုင်မှ အိုနာသေ ဆိုတဲ့ သံသရာဘေးက လွတ်နိုင်ပါတယ်။
အသေသတ်ရမဲ့ နည်းကတော့ ခန္တာမှာ “သစ္စာအနုလောမိကဥာဏ်” ရအောင်သွင်းရပါမယ်။ အဲဒီဥာဏ်သာရှိရင် ကိုယ့်ခန္တာမှာ ဘုရားပွင့်တာနဲ့ အတူတူပါပဲတဲ့။ အဲဒီဥာဏ်ရဖို့ အလွန်အရေးကြီးကြောင်း ဆရာတော်ကြီးက ပြောပါတယ်။

အဲဒီဥာဏ်ရဖို့ နည်းမပြောခင် အ၀ိဇ္ဇာနဲ့ တဏှာအကြောင်း အရင်ပြောပါတယ်။
သား၊ သမီး ကိုမြင်လို့ ခင်တဲ့စိတ်က - တဏှာ
သား၊ သမီး ရဲ့ခန္တာကို ခန္တာ၅ပါးမှန်း မသိတာက - အ၀ိဇ္ဇာ

“သစ္စာအနုလောမိကဥာဏ်” ဆိုတာလဲ “၀ိပဿနာဥာဏ်”နဲ့အတူတူပါပဲ။ သစ္စာကိုသိတဲ့ ဥာဏ်ပေါ့။
စိတ်ကို ရှုတဲ့သူကလဲ စိတ္တာဝိပဿနာ ကိုရှု၊
ဝေဒနာကို ရှုတဲ့သူကလဲ ဝေဒနာဝိပဿနာ ကိုရှု၊
ရုပ်ကို ရှုတဲ့ သူကလဲ ကာယ၀ိပဿနာကိုရှု.... ဘာပဲရှုရှု ဖြစ်ပြီး ပျက်သွားတဲ့ သဘောကို ရှုခိုင်းပါတယ်။

စိတ်ကိုရှုရင် စားချင်တဲ့ စိတ်လေးပေါ်လာတယ်။ ပေါ်လာတဲ့ စိတ်ကလေးကို ကြည့်လိုက်တော့ မရှိတော့ဘူး၊ ဖြစ်ပြီးပျက်သွားတယ်။ အိပ်ချင်စိတ်ကလေး ပေါ်လာပြန်ရင်လဲ ကြည့်လိုက်တော့ မရှိတော့ဘူး။ ထိုနည်းအတိုင်းပဲ ဘာစိတ်ပဲ ပေါ်လာလာ ဖြစ်ပြီးပျက်တာကို သိနေဖို့ပါပဲ။

သွားရင်းလာရင်း သတိထားပြီး ရှုမှတ်နေရင် အင်မတန် တန်ဘိုးရှိပါတယ်။
19th May,2009

Tuesday, July 21, 2009

ဂျပန်မှာ အန္တရာယ်ကင်းကင်း စက်ဘီးစီးကြပါစို့( International Road Safety Festival)


ဂျပန်မှာ စက်ဘီးစီးတဲ့ အခါ အထူးသဖြင့် နိုင်ငံခြားသားတွေဟာ စည်းကမ်းလိုက်နာမှု နည်းလို့ မတော်တဆ ထိခိုက်မှုတွေ များပြားလာပါတယ်။
ဒီလို မတော်တဆ ထိခိုက်မှုတွေ များပြားလာခြင်းဟာ အများစုကတော့ စက်ဘီးစီးတဲ့ အခါ လိုက်နာရမဲ့ စည်းကမ်းတွေကို နားမလည်ကြလို့ ပဲဖြစ်ပါတယ်။
နိုင်ငံခြားသားတွေ အပါအ၀င် သူတို့ ဂျပန်လူမျိုးတွေ ကိုယ်တိုင် စက်ဘီးစီးတဲ့ အခါ လိုက်နာသင့်တဲ့ စည်းကမ်းတွေကို နားမလည်ကြတဲ့ အပြင် လိုက်နာခြင်းလဲ သိပ်မရှိကြပါဘူး။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကစပြီး Miyagi prefecture ရဲ့ သယ်ယူပို့ဆောင်ရေးဌာနက စက်ဘီးစီးတဲ့အခါ လိုက်နာရမဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒါတွေကတော့
ထီးဆောင်းရင်း၊ လက်ကိုင်ဖုန်း ပြောရင်း၊ နားကြပ်နဲ့ သီချင်းနားထောင်ရင်း စက်ဘီးမစီးရပါ။
အရက်မူးနေလျှင် စက်ဘီးမစီးရပါ။ ၂ ယောက်အတူ မစီးရပါ။(အသက် ၁၆နှစ်အထက် ရှိတဲ့ သူက အသက် ၆နှစ်အောက် ကလေးငယ်ကို တင်စီးနိုင်သည်။)
ညအချိန် စက်ဘီးစီးလျှင် မီးမထွန်းပဲ မစီးရန်။ (စက်ဘီးမီးလုံးတပ်မထားပဲ စက်ဘီးမစီးရပါ။ ညအချိန် စက်ဘီးမီးလုံးထွန်းပြီး စီးရသည်မှာ မိမိအား အခြားစက်ဘီးနှင့် ယာဉ်များက သတိထားမိနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။)
စက်ဘီးစီးသည့်အခါ ကားလမ်းမ၏ ဘယ်ဘက်ခြမ်းက ကပ်စီးရန်။
မီးပွိုင့်နှင့် လမ်းညွှန် သင်္ကေတများကို မော်တော်ကားများအတိုင်း လိုက်နာရန်။
မီးပွိုင့် မရှိသည့် လမ်းဆုံးလမ်းခွများ၌ ခဏရပ်ကာ ကားသွားကားလာ ကို ကြည့်ပြီးမှ ဆက်သွားရန်။
လိုက်နာမှုမရှိသည်ကို တွေ့ရှိပါက ဒဏ်ငွေ ယန်း ၅သောင်းအထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ကို သိထားကြပါရဲ့လား။

(Pic. from http://asunaro-kobe.blog.so-net.ne.jp/archive/c242401-1)

ဂျပန်လူမျိုးတွေတောင် ဒီအကြောင်းကို သိပ်မသိကြတဲ့ အပြင် လိုက်နာမှုလည်း သိပ်မရှိကြပါဘူးတဲ့။ နိုင်ငံခြားသားဆိုရင်နားမလည်တဲ့အတွက် ပိုဆိုးမှာပေါ့။
အဲဒီတော့ စက်ဘီးစီးတဲ့ အခါ လိုက်နာရမဲ့ လမ်းစည်းကမ်းတွေကို ပညာပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ International Road Safety Festival ဆိုတဲ့ ပွဲတော်ကို ကျွန်မနေတဲ့ မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲတော်ကို NPO corporation ကဦးစီးကျင်းပခဲ့ပြီး ရဲတပ်ဖွဲ့ ကရဲအရာရှိကြီးတွေလဲ တက်ရောက်ခဲ့ကြပါတယ်။
http://gakuwarinet.com/event/
အဲဒီပွဲတော်မှာ နိုင်ငံ ၁၀ နိုင်ငံရဲ့ အစားအသောက်တွေကို ရောင်းချတဲ့ အစားအသောက်ပွဲတော်အပြင် ယဉ်စည်းကမ်း ပညာပေး ကစားနည်းတွေလဲ ပါဝင်တာဖြစ်ပါတယ်။

အဲဒီပွဲမှာ ကျွန်မတို့အဖွဲ့လဲ မြန်မာနိုင်ငံ အနေနဲ့ ပါဝင်ပြီး အုန်းနို့ ခေါက်ဆွဲချက်ပြီး ရောင်းခဲ့ပါသေးတယ်။
တော်တော်ရောင်းရပြီး ၊ အစောကြီး ပဲ သတ်မှတ်ထားတဲ့ အရေအတွက် ရောင်းပြီးသွားပါတယ်။
ပင်ပန်းပေမဲ့ နိုင်ငံစုံက မုန့်အမျိုးမျိုးလဲ အများကြီးစားရလို့ မမကြီးနဲ့ ညီမလေးတွေလဲ တော်တော်ပျော်ခဲ့ကြပါတယ်။ နောက်ပြီး ပူပူနွေးနွေး ပြည်တော်ပြန်လွင်စံ နဲ့ အော်တောစံ-မိုးစံ အတွက်ပါ မုန့်တွေ တစ်ပွေ့ကြီးနဲ့ ပြန်သွားကြလေရဲ့။



Thursday, July 16, 2009

မေမေ နာယူသော တရားများ ၁။

မီးငယ်လေးရေ....

ဒီနေ့ မေလ(၁)ရက် ၂၀၀၉ ပါ။ ဒီမနက် မေမေနာတဲ့ တရားက ၂၂-၈-၁၉၆၁ ခုနှစ်က ဆရာတော်ဘုရားကြီး ဟောကြားခဲ့တဲ့ ဒိဌိပြုတ်ရေး တရားတော် အမှတ်(၁) ပါ။ နှစ်ပေါင်း ၄၈နှစ်ကြာခဲ့ပေမဲ့ အင်မတန်မှတ်သားစရာ ကောင်းပြီး မေမေတို့ ပုထုဇဉ်တွေ မသိမဖြစ်တဲ့ တရားပါပဲ။ ဒီတရားက တကယ်တမ်းပြောရရင်တော့ အရင်နေ့တွေက ဟောခဲ့တဲ့ တရားအဆက်ပါပဲ။ အဂ္ဂိ၀ဆ္ဆ ဆိုတဲ့ ပုဏ္ဏားက မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ကို အမေးပုစ္ဆာတွေမေးလို့ ဘုရားရှင်းက ဖြေတဲ့ တရားဖြစ်တယ်။ ဆရာတော်ဘုရားကြီး ဟောကြားချက်ကို မီးမီးနဲ့ မေမေ ထိုင်ပြီး စကားပြောနေသလိုပုံစံနဲ့ အဓိကအချက်တွေကိုပဲ နားလည်အောင် ရေးပြမယ်။

ဘုရားရှင်ဟာ ဆေးသမားကြီးနဲ့တူပြီး မေမေတို့ ပုထုဇဉ်တွေဟာ ကိလေသာရောဂါတွေရှိတဲ့ သံသရာခရီးသည်လူမမာတွေနဲ့ တူသတဲ့။ ဆေးသမားကြီးက ရောဂါပျောက်အောင် ရှောင်ကြဉ်ဖို့နဲ့ စားဆေးကိုပေးပါသတဲ့။ သီလဆိုတာက ရှောင်ကြဉ်တာနဲ့တူပြီး ၀ိပဿနာကတော့ စားဆေးနဲ့ တူသတဲ့။ သီလကို စောင့်ထိန်းရင် ရောဂါမတိုးအောင်ပဲ တတ်နိုင်ပြီး ၀ိပဿနာအလုပ်ကို လုပ်မှသာ၊ ဖြစ်ပျက်တွေ ရှုမှတ်မှသာ ကိလေသာ ရောဂါတွေ ပျောက်နိုင်ပါတယ်။ မြတ်စွာဘုရားရှင် ကလဲ သောက်ဆေးမသောက်သူကို အပြစ်တင်မှာပါပဲတဲ့။ ၀ိပဿနာ လုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ တော့သီလကပါပြီးသားဖြစ်တဲ့ အတွက် အထူးသီလနှင့် နေတဲ့သူ (၀ိသေသ ဘာဂိရ သီရ) နဲ့ နေတဲ့သူလို့ အဓိပ္မာယ်ရတယ်။

တစ်ချို့က သီိလဆောက်တည်ရင် ပြီးတာပါပဲ ဆိုပြီး မတင်းတိမ်သင့်တာကို တင်းတိမ်မိမှာ စိုးလို့လဲ ဆရာတော်ကြီးက အထူးသတိပေးလိုက်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်မသိရင် ခန္တာလဲမသိ၊ နိဗ္ဗာန်လဲမသိနိုင်ပါဘူး။ ခန္တာလေးတွေ ဖြစ်ပြီး ပျက်သွားတဲ့ ဓမ္မတွေကို မသိနိုင်ပါဘူး။ ဒါတွေမသိတော့ ငါ..ငါ့ဥစ္စာ ဆိုတဲ့ ဆိတ်သုန်းတဲ့ သုညတရားကို မသိပါဘူး။ သုညတရားဆိုတာ ဘုရားတစ်ဆူပွင့်မှ ကြားရတဲ့ တရားမျိုးဖြစ်တယ်။ အခု တရားနာနေတဲ့ အချိန်မှာ ကိလေသာမီး၊ ဇရာမီးတွေက တောက်လောင်နေတယ်။ ကိလေသာမီးဆိုတာ တစ်နည်းအားဖြင့် ခင်တဲ့ မီးပါပဲ။ တရားနာနေရင်း တောင်တွေး မြောက်တွေး တွေးချင်ရာတွေးနေမယ်။ ယပ်ခပ်ချင်လဲ ခပ်နေမယ်။ ရှူဆေးလေး ရှူပေးရ၊ လျက်ဆားလေး စားပေးရနဲ့ ကိလေသာရဲ့ ကျွန်ဖြစ်နေပါတယ်။

ကိလေသာက “လောင်မီး” သမုဒသသစ္စာ၊ ခန္တာက “လောင်စာ” ဒုက္ခသစ္စာ နဲ့တုပါတယ်။ လူ့ဘ၀ရရပါလို၏ လို့ ဆုတောင်းခဲ့လို့ လောင်စာရပြီး မီးလောင်ခံနေရတယ်။

ကိလေသာမီးလောင်လို့ “ခွေးနေရာမရ” ဖြစ်နေကြရတာ။ ဒီနေရာနေလိုက် မကောင်းပြန်ဘူးဆိုပြီး ဟိုနားရွှေ့လိုက်ရ နဲ့တဲ့။
မီးက ကိလေသာ
ခန္တာက လောင်စာ
ကံ က မီးထည့်သမား

တစ်ခါတစ်လေ နတ်ပြည်သွားလောင်ရပြန်တယ်။ တစ်သံသရာလုံးမှာ မီးကုန်ရင် လောင်စာထပ်ရှာထည့်ရတဲ့ အလုပ်နဲ့ အချိန်ကုန်ခဲ့ကြတယ်။

ပူအိုက်တဲ့ အချိန်၊ လေညင်းလေးတိုက်လာရင် ခန္တာကိုယ်မှာ သုခဝေဒနာပေါ်တယ်။ အဲဒါ ပဋိစ္စသမုပ္ပါဒ် စဖြစ်လာတာပဲ။ ဝေဒနာခန္တာပေါ်တာက တစ်ဏှာခန္တာပေါ်တာပါပဲ။ တဏှာ၊ ဥပဒါန်က နေ့စဉ်လုပ်တဲ့ ကံတွေကို သိမ်းထားပြီး တစ်ခုပြီးတစ်ခု လွှတ်ပေးပါတယ်။ ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ ကိုသိပါတယ်။ “ငါ” တရားသွားနာဦးမယ်လို့ပြောရင် ခန္တာ ၅ပါး နားမလည်မှုက စပါတယ်။ တစ်နေ့လုံး အ၀ိဇ္ဖာ ဆိုတဲ့ မသိမှု နဲ့ပဲ နေပြီး ခန္တာရှာမတွေ့ရင် ကြီးစွာသော အပြစ်သင့်တာပဲ လို့ ဆိုပါတယ်။

နောက်တစ်ဖန် ဒိဌိနှင့်ပြော၊ ဒိဌိနှင့် နေကြပါတယ်။ ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဖြစ်ပျက်ပျက်လိုက် ဖြစ်နေတဲ့ ဒုက္ခအစု ကိုသိမယ်။ ဝေဒနာကိုရှုလို့ ဖြစ်ပျက် မြင်ရင် ဝေဒနာချုပ်ပြီး ဒိဌိ၊ အ၀ိဇ္ဖာပါ ပြုတ်ပါတယ်။

ဘုံ၃ပါး မှာ ဖြစ်တဲ့ သတ္တ၀ါတွေဟာ မီးလောင်နေတဲ့ အိမ်ကြီးနဲ့ တူပါတယ်။ အိပ်ယာကနိုးတာနဲ့ မီးလောင်တော့တာပဲတဲ့။ ဘယ်သွားသွား မီလောင်လျက်ပါပဲ။ ပျင်လို့ အလည်သွား၊ ကိစ္စရှိလို့သွား မီလောင်လျက်ပါပဲ။“ လောင်စာ”ကုန်သွားမှာလဲ စိုးရိမ်ကြတယ်။ ဒီသား ဒီသမီး မခွဲချင်လို့ ၊ မိးမငြိမ်းချင်လို့ “ လောင်စာ” ပြန်ထည့်ကြတယ်။ မီးငြိမ်းမှာ စိုးကြတယ်။
၃၁ ဘုံမှာ ဘုရားအဆူဆူနဲ့ လွဲခဲ့တာလဲ ဒါကြောင့်ပဲ။

ဒိဌိချုပ်ခြင်းက နိဗ္ဖာန်ပဲ တဲ့။ ဒါကြောင့် ဒိဌိခွာဖို့ အရေးကြီးပါတယ်။ ပဋိသန္ဒေနေခဲ့တာလဲ ကိုယ်မသိခဲ့။ သေချိန်ကျတော့လဲ ကိုယ်မသိခဲ့။ နေချိန်အလယ်မှာ ရှုပ်နေကြတယ်။ ဇာတိ ပဋိသန္ဒေရကတည်းက ခန္ဒာ ၅ ပါး(မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) ပဲပါတယ်။ ကျား မ အစ ကတည်းက မပါဘူး။ ခန္ဒာနဲ့ အတူ နေပြီး မသိကြတာက အကြားအမြင် (သုတ၀ါ အရိယာ သာဝကော) မရှိလို့ ။ ဒါကြောင့် “ငါ” မြင်တယ်၊ “ငါ”ကြားတယ်၊ စသဖြင့် သိက္ကာယဒိဌိ မင်းမူတာ ခံနေကြရတယ်။ သိက္ကာယဒိဌိ ဟာ အပါယ်ရေသောက်မြစ်ပါပဲ။

Wednesday, July 8, 2009

မေမေ နာယူသော တရားများ (နိဒါန်း)

မီးငယ်လေးရေ....

မေမေ နေ့တိုင်း မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတွေကိုနာရင်းကနေ အတွေးတစ်ခုဖြစ်မိတယ်။ ကိစ္စများမြောင် လူတို့ဘောင်ဆိုတဲ့ ဆိုရိုးစကားလိုပဲ။ မေမေတို့လူတွေမှာ လူ့ဘ၀ကို ရပြီးကတည်းက စားဝတ်နေရေး အတွက် အချိန်တွေဖြုန်းနေရတယ်။ ပညာသင်နေရတာလဲ စားဝတ်နေရေးအတွက်ပါပဲ။ လောကီဘ၀ထဲကနေ လောကုတ္တရာဘ၀ထဲကို ခြေချနေကြတဲ့ သံယာတော်အရှင်သူမြတ် တွေလဲ စားဝတ်နေရေးအတွက်တော့ ရုန်းကန်နေကြရသေးတာပဲ။ မေမေလဲ အသက်၆၀ အထိ ရုန်းကန်းခဲ့ရတာပဲ။ ဒါတောင် အသက်၆၀ပြည့်ရင် နိုင်ငံတော်တာဝန်ထမ်းဆောင်ခြင်းမှ နားလို့ရပြီလို့ သတ်မှတ်လိုက်လို့ကိုး။ ဒါတောင် တစ်ချို့လူတွေမှာတော့ နားပါ ဆိုတာတောင် မနားနိုင်ကြပါဘူး။ (စားဝတ်နေရေးချို့တဲ့သူတွေကတော့ ဘ၀ကို ဆက်ပြီး တစ်နည်းနည်းနဲ့ ရုန်းကန်ရတာကိုတော့ မပြောလိုပါဘူး။ စားဝတ်နေရေးပြည့်စုံလျက်နဲ့ လောဘ မသတ်နိုင်သူတွေကိုသာ ဆိုလိုပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ လောဘရှိနေတယ်လို့လဲ မသိကြပါဘူး။)

အခုမှ နားခွင့်ပေးလိုက်တဲ့ နိုင်ငံတော် ဥပဒေကို အရမ်းကျေးဇူးတင်မိတယ်။ အသက် ၆၀ အထိ သင်သည် စားဝတ်နေရေး၊ သားရေး၊ သမီးရေး ၊ အိမ်ထောင်ရေး များအတွက် တရားသော နည်းလမ်းဖြင့် ဖြစ်စေ၊ မတရားသော နည်းလမ်းဖြင့်ဖြစ်စေ၊ ပူလောင်သောကိလေသာများဖြင့် လောဘ၊ မောဟ၊ မာန၊ က္ကုသရိယတို့ဖြင့် အချိန်ကုန်ခဲ့ပြီး ဖြစ်သည်။ သင်၏ ကံတရားက သင့်ကို အသက်၆၀ အထိ အသက်ရှင်ခွင့် ပေးခဲ့သည်။ နောက်ထပ်နှစ်ပေါင်းမည်မျှ အသက်ရှင်ခွင့်ရမည် ကိုမသိနိုင်သေး။ သို့ဖြစ်၍ ကျန်ရှိသော သက်တမ်းတွင် “ကိလေသာငြိမ်း လောင်စာသိမ်း”သော (“ကိလေသာငြိမ်း လောင်စာသိမ်း” ဆိုတဲ့ စကား အဓိပ္ပာယ်ကို နောက်ပိုင်းမှာ ရှင်းပြပါမယ်။) အလုပ်များကို တစိုက်မတ်မတ်လုပ်ပါတော့ ဆိုတဲ့ အမိန့်စာ ရခဲ့သလိုပါပဲ။

အဲဒီလို အမိန့်စာရခဲ့တဲ့ မေမေဟာ ထပ်ပြီး စဉ်းစားမိပြန်တယ်။ အသက် ၆၀ အထိ ကုန်ခဲ့တဲ့ အချိန်တွေ အတွင်းမှာ တစ်ခါတစ်ရံ မျက်စေ့လည်ပြီး ရိပ်သာတွေရောက်ခဲ့တဲ့ မပြောစလောက် အချိန်လေးကလွဲလို့ (စုစုပေါင်းဆိုရင် သုံးလေးလလောက်ပဲ ဆိုပါတော့) တရားတော်ကို နှလုံးသွင်းခဲ့တဲ့ အချိန်ဆိုတာ မရှိသလောက်ပါပဲ။ မေမေ့ရဲ့ သားသမီးတွေလဲ မေမေ့လိုဖြစ်မှာ မလိုလားပါဘူး။ (ဒါပေမဲ့ မေမေ့ရဲ့ သားသမီး ၄ ယောက်လုံးဟာ တရားတော်ကို လေ့လာလိုက်စားလိုသူများ ဖြစ်ကြပြီး အခုရောက်ရှိနေတဲ့ အသက်အရွယ်မှာ မေမေ့ထက် “အသိ” သာသူများဖြစ်ကြတယ်လို့ မေမေ ခံယူထားပါတယ်) အခုအချိန်မှာ မေမေဟာ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ အမရပူရမြို့ မင်္ဂလာရိပ်သာ တိုက်ကျောင်းကြီးကို နေ့တိုင်းရောက်နေသလို ခံစားရတယ်။ တကာကြွယ်တို့၊ တကာသစ်တို့ နဲ့ အတူတကွ တရားနာနေရသလိုပါပဲ။ အဲဒီလိုအခါမှာ ဆရာတော်ဘုရားကြီးရဲ့ တရားအရသာတွေကို မေမေတစ်ယောက်ထဲ မခံစားလိုပဲ သားသမီးတွေကို ခွဲဝေပေးချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေမိတယ်။ မီးငယ်လေးဟာ တစ်ရပ်တစ်ကျေးမှာ ပညာရေးအတွက် လုံးပမ်းနေရတယ်။ တစ်ခါတစ်ရံမှသာ တရားသံလေးတွေကို ပူဇော်နိုင်တယ်၊ နှလုံးသွင်းနိုင်တယ်။ အရင်တုံးကတော့ မေမေ့ အတွေ့အကြုံတွေ၊ မေမေ့အတွေးတွေကို မီးမီးဆီကို ရေးပို့ခဲ့ပေမဲ့ အခုတော့ မေမေ့မှာ ထူးထူးထွေထွေ ရေးစရာအတွေ့အကြုံမရှိတော့ မေမေနာနေရတဲ့ တရားတော်တွေထဲက မီးမီးကို သိစေချင်တဲ့ ကောက်နုတ်ချက်လေးတွေကို ရေးပြီး ပို့ရရင်ကောင်းမယ်ဆိုတဲ့ အကြံဖြစ်မိတယ်။ ဒီလိုဆိုတော့ မေမေရေးတဲ့ စာတွေကိုလဲဖတ်ရ၊ တရားတော်တွေထဲက မသိမဖြစ်တဲ့ အကြောင်းအရာတွေကိုလဲ အထူးလေ့လာစရာ မလိုတော့ပဲ မေမေ့စာတွေဖတ်ရင်းကနေ သိသွားတဲ့ အကျိုးတရားတွေ အများကြီး ရနိုင်တာပေါ့။

ဆရာတော် ဦးဇ၀န(မေတ္တာရှင် ရွှေပြည်သာ)ရဲ့ တရားတစ်ပုဒ်ထဲမှာ ဗိမ္မသာရမင်းကြီးနဲ့ အနာထပိဏ် သဌေးကြီး နှစ်ဦးကို နှိုင်းယဉ်ပြထားတယ်။ ဗိမ္မသာရ မင်းကြီးဟာ ကိုယ်တိုင် သောတာပန်ဖြစ်သော်လည်းမိမိသားတော် အာဇာတသတ်ကို တရားဓမ္မအမွေ မပေးတတ်ခဲ့လို့ ကိုယ်တိုင်လည်း အသေဆိုးနဲ့ သေခဲ့ရတယ်။ သားတော်လည်း ငရဲကျတဲ့ အဖြစ်ရောက်ရတယ်။ အနာထပိဏ် သဌေးကြီးကမေတာ့ တရားအမွေပေးတတ်လို့ သားသမီး ၃ ယောက်လုံးလဲ သောတာပန် (တစ်ယောက်က သကတာဂဏ်) ဖြစ်တယ်။ အငယ်ဆုံးသားက အရက်သမား လူဆိုးဖြစ်နေတာကို နေ့စဉ် မုန့်ဘိုးပေးပြီး ဘုရားကျောင်းတော်ကို သွားခိုင်းတယ်။ ဥပါယ်တံမည် နဲ့ သိမ်းသွင်းခဲ့တာ နောက်တော့ သောတာပန်ဖြစ်သွားတယ်။

ဒါကြောင့် မိဘတွေဟာ တရာအမွေ ပေးတတ်ဖို့ လိုတယ်တဲ့။ အခုခေတ်မှာ မိမိသားသမီးကို လောကီအမွေတွေသာ တွန်းထိုးပေးနေကြတယ် လို့ ဟောပြထားပါတယ်။
ဒါကြောင့် မေမေလဲ တတ်စွမ်းနိုင်သမျှ တရားအမွေလေးတွေ စုဆောင်းမျှဝေဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ရှေ့ဆက်ပြီး စိတ်ဝင်စားစွာ ဖတ်ကြားမှတ်သားနိုင်ပါစေ။

(စာလုံးပေါင်းအမှား သီးခံပါရှင့်)
ဆက်ရန်.......

Friday, June 19, 2009

Rose Festival


Place :
Higashizawa Rose Park
Murayama Town, Yamagata prefecture, Japan

Time:
4th June to 7th July

Entrance Fee:
400 yen (adult), 200 yen (child)

You can go there by train from Yamagata city and it takes about 30minutes. If you are interested in flowers, you can enjoy various kinds of colorful roses in one place. I am sure it's really fun and makes you relax.

Let me share some beautiful photos of roses.

Sunday, June 14, 2009

ဂျပန်စီးပွားရေးနှင့် ထောက်ပံ့ကြေး



သူငယ်ချင်းရေ
အခုတလော စိတ်ရှုပ်လူရှုပ်ဖြစ်နေလို့ မင်းဆီစာမရေးဖြစ်တာကြာပြီ။
မင်းကိုတစ်ခုပြောပြချင်နေတာ ရှိတယ်။


မင်းလဲကြားမိမှာပေါ့။ အယင်နှစ်တုံးက ကမ္ဘာ့စီးပွားရေး ကျတဲ့အတွက် ကမ္ဘာ့ထိပ်တန်း စီးပွားရေး နိုင်ငံ တစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးလဲ ထိုးကျသွားပြီး ဂျပန်ငွေဈေးဟာ နှစ်ပေါင်းများစွာထဲမှာ အနိမ့်ဆုံးအခြေအနေကို ထိုးကျသွားခဲ့တယ်လေ။ ဂျပန်နိုင်ငံက ကုမ္ပဏီကြီးတွေ အများစုဟာ ဒီဒဏ်ကိုခံခဲ့ကြရတာပေါ့။

အခုပြောပြချင်တာက ဂျပန်အစိုးရက ဂျပန်နိုင်ငံမှ နေထိုင်တဲ့ သူတွေအားလုံး (နိုင်ငံခြားသားတွေအပါအ၀င်) ကိုထောက်ပံကြေးပေးတဲ့အကြောင်းလေ။ တို့ ဂျပန်ရောက်နေတဲ့ အချိန် ကံထူးတယ်လို့ပဲ ဆိုရမလားပဲနော်။ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ဂျပန်ရောက်တဲ့သူတွေကလွဲလို့ ဂျပန်နိုင်ငံမှာ တရားဝင် နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေအကုန်လုံး ဒီထောက်ပံ့ကြေးကို ခံစားခွင့် ရရှိကြတယ်လေ။

လူတိုင်း တစ်ယောက်ကို ယန်း၁၂၀၀၀ စီရကြတယ်။ အသက်၁၈နှစ်အောက် နဲ့ အသက်၆၀ ကျော်တဲ့သူတွေ ကတော့ တစ်ယောက်ကို ယန်း ၂၀၀၀၀ စီတောင်ရကြတာ။

ဒီလို ထုတ်ပေးဖို့အတွက် မြို့နယ်ရုံးတွေကတစ်ဆင့် ခံစားခွင့်ရရှိတဲ့သူတိုင်းဆီကို စာပို့တယ်လေ။ သူတို့ ပို့တဲ့ စာရွက်မှာ ကိုယ့်ရဲ့ အမည်၊ နေရပ်လိပ်စာ၊ ဘဏ်နာမည်နဲ့ ဘဏ်စာရင်းနံပါတ်တို့ကို ဖြည့်စွက်ပြီး အသင့်ပါလာတဲ့ စာအိတ်လေးထဲမှာ ထည့်ပြီး ပြန်ပို့ပေးရတယ်။ တို့လို နိုင်ငံခြားသားတွေကတော့ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြား ကော်ပီနဲ့ ဘဏ်စာအုပ်ရဲ့ ပထမစာမျက်နှာ ကော်ပီ ကိုပါအတူတွဲပြီး ထည့်ပို့ရတယ်။ ကိုယ်မပို့ရင်တော့ ပိုက်ဆံမရနိုင်ဘူးပေါ့နော်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလနောက်ဆုံးထားပြီး ပို့ပေးရမယ်တဲ့။ တို့ကတော့ ရောက်တာနဲ့ အချိန်ဆွဲမနေပါဘူး။ မြန်မြန်ဖြည့်ပြီး မြန်မြန်ပို့လိုက်တော့ ပိုက်ဆံမြန်မြန်ရတာပေါ့နော် :D

စီးပွားရေးကျတဲ့ ပြဿနာကြောင့် လူတိုင်းမထိခိုက်ဘူးလို့ မဆိုနိုင်ပါဘူး။ အဲဒီပြဿနာကြောင့် ကုမ္ပဏီတွေရဲ့ အလုပ်သမားဦးရေ လျှော့ချမှုပြဿနာတွေလဲရှိသလို ဒီပြဿနာရဲ့ အကျိုးသက်ရောက်မှုကို အနည်းနဲ့ အများ၊ အနှေးနဲ့ အမြန် ဆိုသလို ခံစားကြရတဲ့ သူတွေချည်းပါပဲ။ ဒါပေမယ့် လူချမ်းသာတွေပေါများပြီး၊ လူတန်းစား ကွာဟမှု သိပ်မကြီးလှတဲ့ ဒီနိုင်ငံမှာ ဒီလိုမျိုး ထောက်ပံ့ကြေးဆိုတာ ထုတ်ပေးမယ်လို့ သိရတော့ တို့အနေနဲ့ အံသြမိတာအမှန်ပါပဲ။

ဒီတော့ ဂျပန်အစိုးရက ဘာကြောင့် ပြည်သူအားလုံးကို တစ်ပြေးညီ ပိုက်ဆံထုတ်ပေးတာလို့ ထင်သလဲဟင်။

သိပ်တော့ မတွေးတတ်ဘူး။ တို့ အမြင်ပြောရရင်တော့ ပြည်သူတွေဟာ ပိုက်ဆံအပိုရရှိတဲ့ အတွက် ဒီပိုက်ဆံကို အသုံးပြုပြီး ပစ္စည်းတွေဝယ်ကြမယ်။ အဲဒီလိုဝယ်ကြမယ်ဆိုရင် ရောင်းဝယ်မှုတွေ ပြန်လည် တိုးတက်လာတာနဲ့ အမျှ စီးပွားရေးလဲ ပြန်လည် ဦးမော့လာနိုင်မယ် လို့ထင်တယ်။

နောက်တစ်ချက် မိသားစုတစ်စုအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဥပမာ- ကလေး၂ ယောက်ရှိတဲ့ မိသားစု ဖြစ်ရင် စုစုပေါင်း ယန်း၆၄၀၀၀ ရမယ်လေ။ မိသားစုတစ်စု အနေနဲ့ဆိုရင် အဲဒီထောက်ပံ့ကြေးဟာ အိမ်ထောင်ဦးစီးရဲ့ ဘဏ်စာအုပ်ထဲကို ၀င်မှာဖြစ်တဲ့အတွက် အိမ်အတွက် အသုံးလိုမဲ့ ပစ္စည်းတစ်ခုကို ၀ယ်ဖို့ စဉ်းစားနိုင်တဲ့ ငွေကြေးပမာဏတစ်ခုဖြစ်တယ်လေ။

တီဗွီအစီအစဉ်တစ်ခုမှာ ဒီလိုအစိုးရထောက်ပံ့ကြေးရရှိတဲ့ အတွက် ဘယ်လိုခံစားရပါသလဲဆိုတဲ့ ဂျပန်ပြည်သူ အချို့ကို အင်တာဗျုးတဲ့အစီအစဉ် အမှတ်မထင် ကြည့်မိလိုက်သေးတယ်။ ကလေးတွေကပျော်ကြတယ်။ လူကြီးပိုင်းတွေက ကျေနပ်ကြတယ်။ တစ်ချို့လူငယ်နဲ့ လူလတ်ပိုင်းတွေက ဘာမှသိပ်မထူးပါဘူးဆိုတဲ့ အဖြေမျိုးဖြေကြတဲ့ သူတွေလဲရှိတယ်။ တစ်ချို့ကလဲ ၀ယ်ချင်တာဝယ်ရလို့ ပျော်ကြတယ်တဲ့။
ဘယ်သူမဆို ပိုက်ဆံရရင်တော့ ပျော်ကြမဲ့ သူချည်းပါပဲ။ “ဒါဟာမင်းခံစားခွင့်ရှိတဲ့ပိုက်ဆံပဲ၊ ယူပါ ”လို့ဆိုရင် ငြင်းဆိုမဲ့သူ မရှိသလောက်ရှားမယ်လို့ထင်ပါတယ်။

ဂျပန်အစိုးရက ဘာကြောင့် ပြည်သူအားလုံးကို တစ်ပြေးညီ ပိုက်ဆံထုတ်ပေးတယ် ဆိုတာကို သူငယ်ချင်းရဲ့ ထင်မြင်ချက်လေးရှိရင်လဲ ပြောပြပေးပါလား။ အခု မင်းရောက်နေတဲ့ နိုင်ငံမှာရော ဒီလိုမျိုး စီးပွားရေးကျဆင်းချိန်မှာ အစိုးရက ထောက်ပံ့ကြေးပေးဖူးတယ်လို့ ကြားဖူးလား။

စီးပွားရေးကြပ်တည်းနေတဲ့လူတွေ ဒီလိုအခွင့်အရေးမျိုး၊ အတွေ့အကြုံမျိုးလေး ခံစားဖူးရင် ဘယ်လောက် ကောင်းမလဲ လို့လဲ တွေးမိနေသေးတယ်။
ခင်မင်စွာနဲ့.....

(fig. from wikimedia.org)

Sunday, May 17, 2009

သူတို့......ချမ်းသာလိုက်ပုံများ

ပြီးခဲ့တဲ့ မတ်လက conference တက်ဖို့ တိုကျို မှာရှိတဲ့ တက္ကသိုလ်တစ်ခုကို ရောက်ခဲ့ပါတယ်။ Rikkyo University ဖြစ်ပါတယ်။ ဂျပန်မှာ National University နဲ့ Private University ဆိုပြီးရှိပါတယ်။ Rikkyo University ကတော့ Private University ဖြစ်ပြီး Ikebukuro မြို့လယ်မှာ တည်ရှိပါတယ်။

Campus ထဲမှာ ကြီမားခိုင်ခံလှပတဲ့ ရှေးဟောင်း အဆောက်အဦးတွေ အများကြီးတွေ့ရတယ်။ တက္ကသိုလ် တည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၃၅ နှစ် ပြည့်တော့မယ် သိရပါတယ်။ စာတမ်းဖတ်ကြားတဲ့ အခန်းတွေထဲက ကိုယ့်နဲ့ ပတ်သက်တဲ့၊ စိတ်ပါဝင်စားတဲ့ အခန်းတွေ ကိုရွေးချယ်ပြီး သွားရောက် နားထောင်ကြပါတယ်။ ပထမဆုံးရက် မနက်ပိုင်း ကျွန်မသွားခဲ့တဲ့ အခန်းတွေ (Lecture Room) က ပုံမှန် အခန်းတွေဖြစ်ပေမဲ့ နောက်တစ်ရက်မှာ ရောက်သွားခဲ့တဲ့ Lecture Room ကတော့ ကျွန်မကို အတော်လေး အံ့အားသင့်စေခဲ့ပါတယ်။

ကျယ်ဝန်းလှတဲ့ အခန်းကျယ်ကြီးထဲမှာ လူတစ်ဦးစီအတွက် စားပွဲခုံနဲ့ ကုလားထိုင် တစ်လုံးစီ ရှိပြီး စားပွဲရဲ့ အဖုံးကို လှန်ကြည့်လိုက်ရင် Laptop တစ်လုံး ရှိတယ်။ Internet connection လဲရတယ်။ နားကြပ်လဲရှိတယ်။
စားပွဲတိုင်းမှာ Laptop တစ်လုံးစီရှိတာ။ ရေတွက်ကြည့်လိုက်တော့ စုစုပေါင်း ၁၈၀ လုံးတောင်...


အဲဒီလိုမျိုး Lecture Room တွေက ဒီတစ်ခန်းထဲ မဟုတ်ပါတဲ့။ ဘယ်နှစ်ခန်းရှိလဲတော့ မသိခဲ့ဘူး။
သူတို့...ချမ်းသာလိုက်ပုံများ နော်...

Friday, May 8, 2009

Tuvalu(သို့မဟုတ်)ပင်လယ်ထဲတွင် နစ်မြုပ်စပြုနေပြီဖြစ်သော နိုင်ငံငယ်လေး ၃။


ကမ္ဘာကြီးပူနွေးလာရမှုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အစရှိတဲ့ ဓာတုဓာတ်ငွေ့တွေကို ထုတ်လုပ်နေကြတဲ့သူတွေကတော့ ဂျပန် အစရှိတဲ့ စက်မှုနိုင်ငံကြီးများပဲဖြစ်ပါတယ်။ အဲဒီစက်မှုထွန်းကားတဲ့ နိုင်ငံကြီးတွေမှာ လူနေမှုအဆင့်အတန်းဟာလဲ မြင့်မားပြီး နေ့စဉ်လူနေမှုဘ၀မှာ အဆင်ပြေလွယ်ကူစေမယ့် ပစ္စည်းများစွာကို ထုတ်လုပ်အသုံးပြုနေကြတယ်။



ဥပမာစတင်ပြောရမယ်ဆိုရင် အရောင်းဆိုင်မှာ တင်ထားတဲ့ သောက်ရေသန့်ဗူးတစ်ဗူးကို ကြည့်လိုက်ပါ။ အဲဒီ ရေသန့်ဗူးဟာ ပြင်သစ်နိုင်ငံ ရေခဲတောင်တွေက ပျော်ကျလာတဲ့ အလွန်တစ်ရာသန့်ရှင်းတဲ့ ရေတွေကို ထည့်ပြီး ဂျပန်နိုင်ငံအထိ ရောက်လာတာဖြစ်ပါတယ်။ ကဲ ဒီရေသန့်ဗူးကို ဘယ်လိုထုတ်လုပ်ပြီး ဂျပန်နိုင်ငံကို ဘယ်လိုရောက်လာလဲဆိုတာ စဉ်းစားကြည့်ကြစို့။ ရေဗူးထဲကို ရေထည့်ဖို့၊ တံဆိပ်ကပ်ဖို့ စက်ပစ္စည်းတွေသုံးရတယ်။ နောက်ပြီး ဂျပန်က အရောင်းဆိုင်ထိ ရောက်ဖို့ နိုင်ငံအဆင့်ဆင့်ဖြတ်ကျော်ပြီး သဘောင်္တစ်တန်၊ ကားတစ်တန်နဲ့ တင်ပို့ရတယ်။ ကဲ ဒီရေသန့်တစ်ဗူး အတွက် စွမ်းအင်တွေ အမျိုးမျိုးသုံးခဲ့ရတယ်။ ဂျပန်က အရောင်းဆိုင် တွေ (Supermarket, Convenient Store, Vending machine စသဖြင့်) ဆီကိုရောက်ပြန်တော့လဲ အအေးခန်းထဲထည့်ထားပြီး ၀ယ်သူအလာကို စောင့်ရပြန်တယ်။



နောက်ပြီး အချိုရည်ဗူး ၊ လက်ဖက်ရည်ကြမ်းဗူး ထုတ်လုပ်သူတွေကလဲ တံဆိပ်အမျိုးမျိုး နဲ့ ၀ယ်ချင်စိတ်ပေါ်လာအောင် စကားလုံး အမျိုးမျိုးသုံးပြီး ထုတ်လုပ်ကြပြန်တယ်။ ဥပမာအားဖြင့်ဆိုရင် အဆီကျသည်။ ခွန်အားဖြစ်စေသည်။ ကျန်းမာစေသည်။ အသားအရေလှစေသည်….စသဖြင့်ပေါ့။

တစ်ခါ အဲဒီအချိုရည်ဗူးတွေ၊ လက်ဖက်ရည်ကြမ်းဗူးတွေဟာ လူတွေ ဘယ်ချိန်ဝယ်မလဲမသိပဲ Supermarket, Convenient Store, Vending machine ရဲ့ အအေးပေးထားတဲ့ အခန်းတွေမှာ စောင့်နေကြရပြန်တယ်။ အထူးသဖြင့် ဂျပန်နိုင်ငံမှာဆိုရင်
Vending machine တွေကို နေရာအနှံ့တွေ့ရတယ်။ အဲဒီစက်ပစ္စည်းတွေက လူတွေအတွက် အဆင်ပြေလွယ်ကူအောင် ၀န်ဆောင်မှု လုပ်နေတယ်ဆိုပေမဲ့ အဲဒီ အတွက် စွမ်းအင်သုံးစွဲမှု နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုတွေကို အခုကစပြီး လျှော့ချသင့်နေပါပြီ။ အလွန်အကျွံထုတ်လုပ်မှုများ (Mass production) နဲ့ အလွန်အကျွံ သုံးစွဲမှုများ (Mass consumption) ကိုရပ်တန်းကရပ်ဖို့ တိုက်တွန်းချင်ပါတယ်။

ထုတ်လုပ်သူများကို မထုတ်လုပ်ဖို့ လို့ ပြောလို့မရတဲ့အတွက် သုံးစွဲသူ မိတ်ဆွေတို့ကိုပြောချင်တာကတော့ မလိုအပ်ရင် မ၀ယ်ပါနဲ့။ ကိုယ်တစ်ဦးတည်း မ၀ယ်ရုံနဲ့ ဘာထူးမှာလဲ ၊ ပစ္စည်းတွေကတင်ရောင်းနေတာပဲ လို့တွေးမိကောင်းတွေးမိနိုင်ပါတယ်။ဝယ်ယူသုံးစွဲသူတွေ လျော့နည်းလာရင် ထုတ်လုပ်သူကလည်း လိုအပ်သလောက်သာ ထုတ်လုပ်ရောင်းချလာမှာ ဖြစ်ပါတယ်။ ခင်ဗျားတို့အနေနဲ့ ရေသန့်ဗူးဝယ်သောက်ဖို့ မလိုအပ်ပါဘူး။ ရေထည့်တဲ့ ဗူးကောင်းကောင်း တစ်ဗူးသာ ၀ယ်ထားလိုက်ပါ။ ရေသန့်သန့်ကို ခင်ဗျားတို့ရဲ့အိမ်ကနေ ထည့်ယူသွားလို့ ရပါတယ်။ ကုန်ကျစရိတ်လဲသက်သာပါတယ်။



Tuvalu နိုင်ငံက ဒီကလေးလေးတွေရဲ့ အနာဂတ်ကိုတွေးကြည့်စေချင်ပါတယ်။ သူတို့လေးတွေမှာ ရည်မှန်းချက်ကိုယ်စီ၊ မျှော်လင့်ချက်ကိုယ်စီ ရှိကြတယ်။ သူတို့ရဲ့ ရည်မှန်းချက်လေးတွေ ပြည့်ဝနိုင်မှာလားဆိုတာ မိတ်ဆွေအနေနဲ့ ပြောနိုင်ပါသလား။ ကမ္ဘာကြီးပူနွေးလာရမှု အဓိကတရားခံဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို လျော့ချဖို့အရေးဟာ သဘာဝဘေးဒဏ်ခံနေရတဲ့ Tuvalu နိုင်ငံရဲ့ အရေးကိစ္စတစ်ခုမျှသာ မဟုတ်ပဲ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်အရေးလဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့လက်များနဲ့ ကမ္ဘာကြီးရဲ့အနာဂတ်အရေးကို ရွေးချယ်နိုင်ကြပါတယ်။ ဒါကြောင့်မိုလို့ Tuvalu နိုင်ငံသားတွေရဲ့အနာဂတ်ဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday, April 26, 2009

Tuvalu(သို့မဟုတ်)ပင်လယ်ထဲတွင် နစ်မြုပ်စပြုနေပြီဖြစ်သော နိုင်ငံငယ်လေး ၂။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရမှုကြောင့် ကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းဟာ ပင်လယ်ရေတိုက်စားခံနေရတာကို ပုံပါအတိုင်း တွေ့မြင်နိုင်ပါတယ်။ သာမန်တွေးကြည့်မယ်ဆိုရင် ပင်လယ်ရေတွေက ကုန်းပေါ်ကို လွှမ်းမိုးဝင်ရောက်လာတယ် လို့ထင်စရာရှိပါတယ်။ တကယ်တမ်းတော့ ရေလွှမ်းခံရတာတင်မဟုတ်ပဲ ကုန်းတွင်းပိုင်းမှာလဲ ပင်လယ်ရေတွေက မြေအောက်ကနေ စိမ့်ထွက်ဝင်ရောက်လာတာကို ခံရတာဖြစ်ပါတယ်။


ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု မဖြစ်ခင် ကျွန်းတွေရဲ့ မြေအောက်ရေ တည်ရှိနေပုံအား အထက်ပါ ပုံအတိုင်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
မြေအောက်မှာရှိတဲ့ ရေချိုတွေဟာ ပင်လယ်ရေမျက်နှာပြင် နဲ့တစ်ပြေးညီ တည်ရှိနေတယ်လို့ ယူဆနိုင်ပါတယ်။ တစ်နည်းအားဖြင့် ကုန်းတွင်းပိုင်းမှာ ရရှိနိုင်တဲ့ ရေချို ပမာဏရဲ့သိပ်သည်းဆဟာ ကုန်းတွင်းပိုင်းမှာ ရှိနေတဲ့ မြေအောက်ရေငန် (ပင်လယ်ရေ) ရဲ့သိပ်သည်းဆနဲ့ ဟန်ချက်ညီစွာရှိနေနိုင်မှ ကုန်းတွင်းပိုင်းမှာ သစ်သီးသစ်ပင်တွေ ရှင်သန်နိုင်ရန်အတွက် ရေချိုရရှိမှာ ဖြစ်ပါတယ်။



မြေအောက်ပင်လယ်ရေ မြင့်တက်လာမှုကြောင့် မြေအောက်ရေချိုတွေထဲကို ရေငန်တွေကလွှမ်းမိုး ၀င်ရောက်လာပြီး ရေချိုရရှိနိုင်တဲ့ အရင်းအမြစ်တွေ စတင်ပျက်စီးစပြုလာပါတယ်။
ရေငန်ဝင်မှုကြောင့် အဓိကစားစရာ Pulaka(ပိန်းဥနှင့်ဆင်သော)အပင်များ ပျက်စီးလာပုံ



နောက်ဆုံးမှာတော့ မြေအောက်ပင်လယ်ရေမြင့်တိုက်လာမှုကြောင့် မြေအောက်ရေမျက်နှာပြင် ပါမြင့်တက်လာတဲ့ အတွက် မြေနိမ့်ပိုင်းတွေမှာ မြေမျက်နှာပြင်ပေါ်ကို ရေငန်တွေ စိမ့်ထွက်လာတဲ့အထိ ဆိုးကျိုးများ ဖြစ်ပေါ်လာပါတယ်။




(Mr. Semi Bineအိမ်အောက်ခြေအား နှစ်အလိုက် ရေတက်လာပုံအား ပြနေပုံ)


Tuvalu နိုင်ငံရဲ့တည်နေရာ (08 30’ 10’’S/ 179 12’ 33’’E) မှာ တစ်နှစ်ကို ၅.၈ မီလီမီတာနှုန်း ဖြင့်ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေလျှက်ရှိတာကို ၂၀၀၆ စက်တင်ဘာမှာ ကောက်ယူထားတှဲ့SEAFRAME data အရသိရှိနိုင်ပါတယ်။ အဲဒီနှုန်းအတိုင်းသာ ပင်လယ်ရေမျက်နှာပြင်ဟာ ဆက်လက်မြင့်တက်နေခဲ့မယ်ဆိုရင် နောင်၁၅နှစ်ကြာတဲ့အခါ ၈၇မီလီမီတာ (~0.1 m) လောက်မြင့်တက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် Tuvalu နိုင်ငံဟာ့  ပင်လယ်ရေမျက်နှာပြင်အထက် (highest elevation of 4.5m) မှာတည်ရှိနေတဲ့အတွက် နောင်၁၅နှစ်မှာ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ စိုးရိမ်စရာပါပဲ။



ဘာကြောင့် ပင်လယ်ရေမြင့်တက်လာရတာလဲ။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့်ဖြစ်ပါတယ်။ ကမ္ဘာကြီးဘာကြောင့် ပူနွေးလာရတာပါလဲ။

ကမ္ဘာနဲ့ လရဲ့ အပူချိန်ကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် လမျက်နှာပြင်ရဲ့ အပူချိန်ဟာ နေ့မှာ ၁၃၀ဒီဂရီရှိပြီး ညမှာ -၁၇၀ ဒီဂရီရှိပါတယ်။ အပူချိန်ကွာခြားချက်ဟာ ၃၀၀ ဒီဂရီခန့်ရှိပါတယ်။ ကမ္ဘာကြီးမှာတော့ လေထုအလွှာရှိပါတယ်။ အဲဒီ လေထုအလွှာဟာ အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့အတွက် ကမ္ဘာကြီးရဲ့နေ့အပူချိန်နဲ့ ညအပူချိန်ဟာ သိပ်ပြီးကွာခြားမှု မရှိပါဘူး။ လေထုအလွှာတည်ရှိနေမှုရဲ့ကျေးဇူးကြောင့် သက်ရှိသတ္တ၀ါတွေ နဲ့ အပင်တွေ ရှင်သန်နေထိုင်နိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူသားတွေ တီထွင်ပြုလုပ်တဲ့ စက်ပစ္စည်းတွေက ထွက်ပေါ်လာတဲ့ ဓာတုဓာတ်ငွေ့ အမျိုးမျိုးကြောင့် ကမ္ဘာလေထုအလွှာရဲ့ အပူချိန်ကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်မှု စွမ်းရည်ကျဆင်းလာရပါတယ်။ အဲဒီအကြောင်းတရားကြောင့် ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ အပူချိန်တိုးလာပြီး ကမ္ဘာကြီးပူနွေးလာရမှု (Global Warming)ဆိုတဲ့ အကျိုးတရားဖြစ်ပေါ်လာရပါတယ်။ ကမ္ဘာ့ဝင်ရိုးစွန်းရဲ့ အပူချိန်မြင့်တက်လာပြီး ရေခဲတွေ အရည်ပျော်မှုကြောင့် ပင်လယ်ရေမျက်နှာပြင်လဲ မြင့်တက်လာရပါတယ်။



ကမ္ဘာကြီးရဲ့ စက်မှုထွန်းကားလာမှု သမိုင်း နဲ့ ကမ္ဘာ့အပူချိန်ပြောင်းလဲလာမှု ကို ပြန်ပြောင်း ကြည့်မယ်ဆိုရင် ၁၈၀၀ခုနှစ်လောက်က စတင်ပြီး စက်မှုခေတ်သို့ တစ်စတစ်စ ပြောင်းလဲ လာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး လူသားတွေရဲ့ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာတာနဲ့အမျှ စွမ်းအင်သုံးစွဲမှု (Energy Consumption) ဟာ များပြားလာပြီး စွန့်ထုတ်ပစ္စည်းဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အစရှိတဲ့ ဓာတုဓာတ်ငွေ့(Green House Gases) ထုတ်လွှင့်မှုတွေလဲ များပြားလာခဲ့ပါတယ်။
ကမ္ဘာ့အပူချိန်ဟာ ၁၉၀၀ ခုနှစ်ဝန်းကျင်လောက်ကစပြီး သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ အဲဒီတော့ စက်မှု စွန့်ထုတ်ပစ္စည်းတွေရဲ့ အကျိုးဆက်ဟာ နှစ်ပေါင်းတစ်ရာခန့်အကြာမှာ ကမ္ဘာ့လေထုကို ဖန်လုံအိမ်ကဲ့သို့ အကျိုးသက်ရောက်မှု (Greenhouse Effect) ဖြစ်လာစေတယ်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် အခုအချိန်ကစပြီး စွမ်းအင်သုံးစွဲမှု (Energy Consumption) နဲ့ အကျိုးဆက်ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှု ပမာဏကို မလျော့ချဘူးဆိုရင် နောင်နှစ်ပေါင်း တစ်ရာအကြာ ကမ္ဘာကြီးပေါ်မှာ နေထိုင်ကြမဲ့ လူသားတွေရဲ့ အနာဂတ်အရေးကို မစဉ်းစားရာရောက်ပါတယ်။

ဒီတော့ ကမ္ဘာကြီးပူနွေးလာရမှုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အစရှိတဲ့ ဓာတ်ငွေ့တွေများပြားလာရတာ ဘာကြောင့်လဲ၊ ဘယ်သူတွေကြောင့်လဲ။

Tuvalu နိုင်ငံကလူတွေကြောင့်လား။ လုံးဝမဟုတ်ပါဘူး။


တကယ်တမ်းတော့ Tuvalu မှာဘာစက်ပစ္စည်းမှ မရှိပါဘူး။ စက်ပစ္စည်းမရှိတဲ့အတွက်ကြောင့် ၀ယ်ဖို့ပိုက်ဆံလဲမလိုအပ်ပါဘူး။ ပိုက်ဆံရဖို့အတွက် ရုန်းကန်ရမှု၊ ယှဉ်ပြိုင်ရမှုတွေလဲမရှိပါဘူး။ ဒါပေမယ့် သဘာဝကိုအဖော်ပြုပြီး ဘ၀ရပ်တည်မှု အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ရှင်သန်နေထိုင်ရတဲ့ဘ၀ဟာ ခက်ခဲကြမ်းတမ်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုအပြန်အလှန် ကူညီအားပေးနေထိုင်ပြီး ပစ္စည်းနဲ့ ပိုက်ဆံ အစား လူအချင်းချင်းမှာ ထားရှိသင့်တဲ့ ဆက်ဆံရေးကို တန်ဖိုးထားပြီး နေထိုင်တဲ့ဘ၀ဖြစ်ပါတယ်။ ဘာရုပ်ဝတ္တု ပစ္စည်းမှမရှိပေမဲ့ ပျော်ရွှင်စွာနေထိုင်နေကြတဲ့ Tuvalu နိုင်ငံသားတွေဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Sunday, April 19, 2009

Tuvalu (သို့မဟုတ်) ပင်လယ်ထဲတွင်နစ်မြုပ်စပြုနေပြီဖြစ်သော နိုင်ငံငယ်လေး ၁။

(နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ကြိမ် ပြုလုပ်တဲ့ WFWP ရဲ့ နွေဦးနှစ်ပတ်လည် အခမ်းအနားတွေကို တက်ရောက်ခဲ့တာ ဒီနှစ်ဆိုရင် ၃ နှစ်မြောက်ရှိပါပြီ။ ဒီနှစ်တော့ အဲဒီအခမ်းအနားမှာ ဂျပန်လူမျိုး ဓာတ်ပုံဆရာ Mr. Shuuichi Endou ရဲ့ မှတ်သားနာယူဖွယ်ကောင်းလှတဲ့ presentation ကို နားထောင်ခဲ့ရလို့ သူတင်ပြခဲ့တဲ့အတိုင်း နားလည်သလောက် ပြန်လည်မျှဝေချင်ပါတယ်။)

Tuvalu နိုင်ငံငယ်လေးအကြောင်းကြားဖူးပါသလား။

ဂျပန်ကနေသွားမယ်ဆိုရင် အီကွေတာကိုဖြတ်၊ တောင်ပစိဖိတ်သမုဒ္ဒရာ ကိုကျော်လွန်ပြီး သွားရင် Republic of Fiji Islands ကိုအရင် သွားရပါမယ်။ Fiji နိုင်ငံကနေ တစ်ဆင့် လေယဉ်ပျံနဲ့ ၂ နာရီခန့် သွားရပါတယ်။ အလွန်လှပတဲ့ အပြာရောင်ပင်လယ်ပြင်နဲ့ ဒီနိုင်ငံငယ်လေးဟာ ကျွန်းစုငယ်လေး ၉ကျွန်း စုပေါင်းထားပြီး ဧရိယာ စတုရန်း ၂၆ ကီလိုမီတာ အကျယ်အ၀န်းသာ ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။


၁၉၇၈ ခုနှစ်မှာ လွတ်လပ်သော Tuvalu Republic နိုင်ငံတော် ဖြစ်လာပြီး လူဦးရေစုစုပေါင်း ၁၀၀၀၀ ခန့်သာ နေထိုင်ပါတယ်။ ဘာသာစကားကတော့ Tuvalu ဘာသာနဲ့ အင်္ဂလိပ်ဘာသာ တွေကိုအသုံးပြုပါတယ်တဲ့။ Tuvalu =start Valu =8 လို့အဓိပ္ပာယ်ဖွင့်ဆိုပြီး မြို့တော်နာမည်က Funafuti ကျွန်းဖြစ်တယ်။



Tuvalu ရဲ့မြို့တော် Funafuti ရဲ့လေဆိပ်ဟာ အလွန်သေးငယ်တဲ့အတွက် စုစုပေါင်းလူဦးရေ ၄၄ယောက် ခန့်သာ သယ်ဆောင်နိုင်တဲ့ ဖော်ကာလေယဉ်ပဲ ဆင်းသက်လို့ ရပါတယ်။ ဒါပေမယ့် ကုန်ပစ္စည်းအလေးချိန်ပါထည့်တွက်မယ်ဆိုရင် စုစုပေါင်းလူဦးရေ ၃၅ယောက်ခန့်သာ တင်ဆောင်ပြီး တစ်ပတ်ကို ၂ရက်သာလျှင် လေယဉ်ပျံသန်းလေ့ရှိပါတယ်။ ဒါကြောင့် Tuvalu နိုင်ငံကို တစ်ပတ်လျှင် လူဦးရေ ၇၀ ခန့်သာ အသွားအလာ လုပ်နိုင်ပါတယ်။

Funafuti လေဆိပ်ရဲ့လေယာဉ်ပြေးလမ်း
Photo From: http://monden.daa.jp/01tuvalu/injapanwater01.html

Tuvalu နိုင်ငံရဲ့မြေပုံ
Photo from :http://www.tuvalu-overview.tv/eng/about/index.html


သူတိုရဲ့ ပုံမှန် မနက်စာကတော့ ငါး၊ အုန်းသီးနဲ့ အုန်းရည်ပဲဖြစ်တယ်။ တချို့အမျိုးသားများဟာ ကြည်လင်လှတဲ့ပင်လယ်ထဲမှာ ရေဆင်းငုပ်ပြီး မနက်စာအတွက်ငါးကို ရှာဖွေကာ ပင်လယ်ထဲမှာပဲ ငါးကိုဆေးကြောသန့်စင်ပြီး အစိမ်းလိုက် ချက်ချင်းစားတတ်ကြပါတယ်။ သူတို့နိုင်ငံရဲ့ပင်လယ်ပြင်မှာ ရှာဖွေစားသောက်ကြတဲ့ ငါးအမျိုးအစားတွေဟာ ဂျပန်လူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးလေ့ရှိတဲ့ ငါးအမျိုးအစားတွေပါပဲ။ အီကွေတာနဲ့နီးတဲ့အတွက် မနက်နေပွင့်ချိန်ဟာ ၃၀ဒီဂရီ စင်တီဂရိတ်ခန့် ရှိတာကြောင့် ပင်လယ်ထဲမှာပဲရေစိမ်ပြီး မနက်စာစားလေ့ရှိတတ်ပါတယ်။



ပင်လယ်ရေလှိုင်းသံတွေနဲ့ သစ်ရွက်တွေကြားထဲက လေတိုးသံလေးတွေဟာ Tuvalu ရဲ့သဘာဝတေးသွားသံစဉ်များပဲ ဖြစ်ပါတယ်။
Tuvalu နိုင်ငံဟာ သဘာဝတရားရဲ့ အလှအပများစွာနဲ့ ဖွဲ့စည်းထားပြီး နိုင်ငံသားတွေရဲ့ နေထိုင်စားသောက်မှု ပုံစံတွေဟာလည်း ရိုးရှင်းလှပါတယ်။ လူဦးရေအလွန်နည်းတာကြောင့် နိုင်ငံသားတွေဟာ မိသားစုတစ်ခုလို အချင်းချင်း ခင်မင်ရင်းနှီးစွာ နေထိုင်ကြပါတယ်။ Tuvalu ရဲ့လမ်းတွေပေါ်ကို လျှောက်သွားတဲ့အခါတိုင်း အိမ်တွေဆီက ရယ်မောသံများ၊ စကားပြောသံများ ကိုကြားရပြီး အမြဲပြုံးရွှင်နေတဲ့ သူတို့ရဲ့မျက်နှာများကို တွေ့နိုင်ပါတယ်။ စာသင်ကျောင်းတွေမှာ ဆိုရင်လည်း ကျောင်းသားအားလုံးဟာ မိမိရဲ့ သူငယ်ချင်း၊ ဆွေမျိုးများ ဖြစ်ကြပြီး အားလုံးရဲ့ နာမည်ကို သိကြတယ်လို့ဆိုပါတယ်။

ဂျပန်လူမျိုးအများစုဟာ အဲဒီလိုပုံစံ နေထိုင်သွားလာမှုတွေကို မေ့လျော့နေခဲ့ကြတာ နှစ်ပေါင်းကြာမြင့် နေပြီဖြစ်ပါတယ်။ ဥပမာအားဖြင့် တိုကျိုမြို့မှာ ဆိုရင် မနက်မိုးလင်းတာနဲ့ ရထားချိန်မှီဖို့ အလုအယက်ပြေးလွှားသွားလာနေကြရတဲ့ ဂျပန်လူမျိုးများကို တွေ့နိုင်ပါတယ်။ သူတို့မျက်နှာတွေပေါ်မှာ အပြုံးဆိုတာကို ရှာဖို့ခက်လှပါတယ်။

ချစ်စဖွယ်အပြုံးကိုယ်စီနဲ့ ကလေးငယ်များ


လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ကမ္ဘာကြီးပူနွေးလာရမှု အကြောင်းတရားကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရပြီး Tuvalu နိုင်ငံရဲ့ ကမ်းရိုးတန်းတစ်လျောက်မှာ ရှိတဲ့ သစ်ပင်တွေဟာ ပင်လယ်ရေတိုက်စားမှုဒဏ်ခံခဲ့ရတာကြောင့် ၁၀နှစ်အတွင်းမှာ ၂၀မီတာထိ ရေလွမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ နေရာတွေရှိပါတယ်။ ဒါ့အပြင် တစ်နှစ်မှာ အကြိမ်ပေါင်း ၁၇ကြိမ် ခန့် ရေလွှမ်းခံရပြီး ရေတင်နေတဲ့ အချိန်ကလဲ ၃နာရီခန့် ကြာမြင့် နေတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ ရေလွှမ်းမိုးမှုဒဏ်ခံရတဲ့ အကြိမ်အရေအတွက် များလာတာနဲ့အမျှ ပင်လယ်ရေမှာပါဝင်တဲ့ ဆားဓာတ်တွေဟာ မြေမျက်နှာပြင်ပေါ်မှာ တင်ကျန်နေခဲ့တဲ့အတွက် မြေအောက်ရေနဲ့ သစ်သီးသစ်ပင်များ ရှင်သန်နိုင်မှုအတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ် ပြန့်ပွား နေလျက် ရှိပါတယ်။





(ဆက်လက်ဖော်ပြပါမည်။)



CNN သတင်းဌာနကနေ Mr. Shuuichi Endou နဲ့အင်တာဗျုးနဲ့ Tuvalu နိုင်ငံအကြောင်း ထုတ်လွှင့်ခဲ့တဲ့ သတင်း ဗွီဒီယိုကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။


Monday, April 13, 2009

မြန်မာမှာ ပိတောက်၊ ဂျပန်မှာ ဆာကူရာ

မုန့်လုံးရေပေါ်
အုန်းနို့သာကူ
မုန့်လက်ကောက်နဲ့ ကတိုးဝကြော်

မန္တလေးမုန့်တီ

ဒီနှစ် မြန်မာ နှစ်သစ်မှာ ကျွန်မတို့မြို့မှာ ရှိတဲ့ မြန်မာ(၆)ယောက်နဲ့ ဂျပန်မိတ်ဆွေ အချို့ကိုဖိတ်ပြီး သင်္ကြန်အမှတ်တရ မုန့်တွေ လုပ်စားဖြစ်ကြတယ်။
သင်္ကြန်သီချင်းဖွင့်ပြီး ရာမဂတသူ မမကြီးနဲ့အတူ သင်္ကြန်အက ကဖြစ်တယ်။ မမကြီးက မုန့်လက်ကောက် ကြော်ပေးတယ်။ ညီမလေး ၂ယောက်ကတော့ တက်ညီလက်ညီ မုန့်လုံးရေပေါ်လုံးကြတယ်။
လွင်စံက ကျောက်ကျောထိုးပြီးယူလာပေးတယ်။ ကျောက်ကျောပုံတောင် ဓာတ်ပုံမရိုက်လိုက်ရဘူး။ Sorry!

ကျွန်မနေတဲ့ မြို့မှာတော့ ဒီရက်ပိုင်းမှ Sakura လို့ခေါ်တဲ့ ချယ်ရီပန်းတွေပွင့်တယ်။ Sakura တွေအဆုပ်လိုက် ပွင့်နေတာ တွေ့ရပြန်တော့ ကျွန်မတို့ ဆီက ရနံသင်းတဲ့ ပိတောက်ပန်းကို သတိရမိပါတယ်။

ညီမလေး ပို့ပေးတဲ့ ဇော်ဝင်းထွဋ်ရဲ့ သူချင်းထဲကလို
“ ပိတောက်ပွင့်လေးများ.... ပင်လယ်ကြီးတစ်ခုခြားပြီလား....”

အားလုံးပဲ နှစ်သစ်မှာ လိုရာဆန္ဒပြည့်ဝကြပါစေ။

Tuesday, April 7, 2009

တိုကျိုက စေတီပုထိုးလေး

Conference ရှိလို့ တိုကျိုမြို့ကိုရောက်တုံးက ဂျူနီယာညီမလေးရဲ့ ကောင်းမှုနဲ့တိုကျိုမှာ အမှတ်မထင် ဖူးမြော်ခဲ့ရတဲ့ စေတီလေးအကြောင်း ရေးချင်ပါတယ်။

တိုကျိုမှာ နေကြတဲ့သူတွေ ဒီနေရာကို သိတဲ့ သူတွေလဲ ရှိကြမယ်လို့ထင်ပါတယ်။ မသိသေးတဲ့သူတွေလဲ သွားလည်လို့ရတာပေါ့နော်။
အဲဒီစေတီလေး တည်ရှိတဲ့ နေရာကတော့ Yomiuri Land လို့ခေါ်တဲ့ နေရာမှာ တည်ရှိပါတယ်။
Yomiuri Land (よみうりレンド) က ဘူတာနာမည်ပါ။ Shinjuku(新宿)ကနေ Keio လိုင်း(京王線)ကိုစီးပြီး Chofu (調布)ဘူတာမှာ ရထား ပြောင်းစီးရပါတယ်။ ဂျပန်လို Yomi = ဖတ်သည်။ Uri = ရောင်းသည် လို့ အဓိပ္ပာယ်ရပြီး အဲဒီဘူတာမှာ သတင်းစာရောင်းတဲ့အခါ အရေးကြီးတဲ့သတင်းတွေ၊ ထူးဆန်းတဲ့သတင်းတွေကို ဖတ်ပြပြီး ရောင်းခဲ့တယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီနာမည်ဖြစ်လာတာလို့ ညီမလေးက ပြောပြပါတယ်။



တကယ်တမ်းတော့ Yomiuri Land က ကစားကွင်းနာမည်လဲ ဖြစ်ပါတယ်။ တောင်ပေါ်မှာ တည်ရှိတဲ့ အတွက် ဘစ်ကားနဲ့ သွားရင်လဲ ရတယ်။ ဘူတာကထွက်တာနဲ့ တောင်ခြေကနေ Cable car နဲ့ အဲဒီကစားကွင်းရှိတဲ့ နေရာကို အတက်အဆင်းလုပ်ရင်လဲရပါတယ်။

ဖူးတွေ့ခဲ့ရတဲ့ စေတီလေးက အဲဒီ Yomiuri Land ကစားကွင်းထဲက ကုန်းမြင့်လေးပေါ်မှာ တည်ရှိပါတယ်။
စေတီရှိတဲ့ နေရာကို သွားချင်ရင် ကစားကွင်းထဲဝင်ပြီးမှ သွားလို့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့သွားတဲ့ ရက်က ကစားကွင်းထဲဝင်ဖို့ ကလေး၊ လူငယ် အုပ်စုတွေ အများကြီး တန်းစီနေကြပါတယ်။ ကစားကွင်းထဲဝင်ဖို့အချိန်လဲ နည်းနေတာနဲ့ Cable car ပေါ်ကပဲ ဖူးမြော်ခဲ့ရပါတယ်။ ကစားကွင်းထဲဝင်ရင် တစ်နေကုန်နေနိုင်မှ တန်မှာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကစားကွင်း ၀င်ကြေးက တစ်ယောက် ၃၉၀၀ယန်းတဲ့။ ဈေးကြီးတယ်နော်။

စေတီလေးရဲ့ ပုံစံက ထိုင်း၊ လာအို ဘက်က စေတီပုံစံနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ကစားကွင်းဘက်က မိုးပျံရထားစီးတဲ့ သူတွေရဲ့ အော်သံတွေ ကြားရပါတယ်။ ဒါပေမယ့် စေတီတည်ရှိတဲ့ ကုန်းမြင့်လေးပေါ်ကတော့ အင်မတန်မှ ငြိမ်သက် အေးချမ်းပုံပေါ်ပါတယ်။ ကုန်းမြင့်ပေါ်ကနေ စီဆင်းလာတဲ့ ရေတံခွန်လေးနဲ့ အရောင်စုံသစ်ပင်တွေနဲ့ ရှုခင်းက အလွန်လှပပါတယ်။ ဒီစေတီအကြောင်းသေချာသိခွင့်ရရင် ထပ်ရေးပါအုံးမယ်။


ဂျပန်ရောက်ပြီးမှ စေတီပုထိုးကို ပထမဆုံး ဖူးမြော်ခွင့်ရခဲ့တဲ့ အတွက် အလွန်ပဲ ၀မ်းသာပျော်ရွှင်မိပြီး အဲဒီနေရာလေးကို ညွှန်ပြခေါ်ဆောင်သွားပေးတဲ့ ညီမလေးခိုင်ကို အထူး ကျေးဇူးတင်ပါတယ်။

Posts with same label

Related Posts with Thumbnails