Thursday, July 16, 2009

မေမေ နာယူသော တရားများ ၁။

မီးငယ်လေးရေ....

ဒီနေ့ မေလ(၁)ရက် ၂၀၀၉ ပါ။ ဒီမနက် မေမေနာတဲ့ တရားက ၂၂-၈-၁၉၆၁ ခုနှစ်က ဆရာတော်ဘုရားကြီး ဟောကြားခဲ့တဲ့ ဒိဌိပြုတ်ရေး တရားတော် အမှတ်(၁) ပါ။ နှစ်ပေါင်း ၄၈နှစ်ကြာခဲ့ပေမဲ့ အင်မတန်မှတ်သားစရာ ကောင်းပြီး မေမေတို့ ပုထုဇဉ်တွေ မသိမဖြစ်တဲ့ တရားပါပဲ။ ဒီတရားက တကယ်တမ်းပြောရရင်တော့ အရင်နေ့တွေက ဟောခဲ့တဲ့ တရားအဆက်ပါပဲ။ အဂ္ဂိ၀ဆ္ဆ ဆိုတဲ့ ပုဏ္ဏားက မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ကို အမေးပုစ္ဆာတွေမေးလို့ ဘုရားရှင်းက ဖြေတဲ့ တရားဖြစ်တယ်။ ဆရာတော်ဘုရားကြီး ဟောကြားချက်ကို မီးမီးနဲ့ မေမေ ထိုင်ပြီး စကားပြောနေသလိုပုံစံနဲ့ အဓိကအချက်တွေကိုပဲ နားလည်အောင် ရေးပြမယ်။

ဘုရားရှင်ဟာ ဆေးသမားကြီးနဲ့တူပြီး မေမေတို့ ပုထုဇဉ်တွေဟာ ကိလေသာရောဂါတွေရှိတဲ့ သံသရာခရီးသည်လူမမာတွေနဲ့ တူသတဲ့။ ဆေးသမားကြီးက ရောဂါပျောက်အောင် ရှောင်ကြဉ်ဖို့နဲ့ စားဆေးကိုပေးပါသတဲ့။ သီလဆိုတာက ရှောင်ကြဉ်တာနဲ့တူပြီး ၀ိပဿနာကတော့ စားဆေးနဲ့ တူသတဲ့။ သီလကို စောင့်ထိန်းရင် ရောဂါမတိုးအောင်ပဲ တတ်နိုင်ပြီး ၀ိပဿနာအလုပ်ကို လုပ်မှသာ၊ ဖြစ်ပျက်တွေ ရှုမှတ်မှသာ ကိလေသာ ရောဂါတွေ ပျောက်နိုင်ပါတယ်။ မြတ်စွာဘုရားရှင် ကလဲ သောက်ဆေးမသောက်သူကို အပြစ်တင်မှာပါပဲတဲ့။ ၀ိပဿနာ လုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ တော့သီလကပါပြီးသားဖြစ်တဲ့ အတွက် အထူးသီလနှင့် နေတဲ့သူ (၀ိသေသ ဘာဂိရ သီရ) နဲ့ နေတဲ့သူလို့ အဓိပ္မာယ်ရတယ်။

တစ်ချို့က သီိလဆောက်တည်ရင် ပြီးတာပါပဲ ဆိုပြီး မတင်းတိမ်သင့်တာကို တင်းတိမ်မိမှာ စိုးလို့လဲ ဆရာတော်ကြီးက အထူးသတိပေးလိုက်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်မသိရင် ခန္တာလဲမသိ၊ နိဗ္ဗာန်လဲမသိနိုင်ပါဘူး။ ခန္တာလေးတွေ ဖြစ်ပြီး ပျက်သွားတဲ့ ဓမ္မတွေကို မသိနိုင်ပါဘူး။ ဒါတွေမသိတော့ ငါ..ငါ့ဥစ္စာ ဆိုတဲ့ ဆိတ်သုန်းတဲ့ သုညတရားကို မသိပါဘူး။ သုညတရားဆိုတာ ဘုရားတစ်ဆူပွင့်မှ ကြားရတဲ့ တရားမျိုးဖြစ်တယ်။ အခု တရားနာနေတဲ့ အချိန်မှာ ကိလေသာမီး၊ ဇရာမီးတွေက တောက်လောင်နေတယ်။ ကိလေသာမီးဆိုတာ တစ်နည်းအားဖြင့် ခင်တဲ့ မီးပါပဲ။ တရားနာနေရင်း တောင်တွေး မြောက်တွေး တွေးချင်ရာတွေးနေမယ်။ ယပ်ခပ်ချင်လဲ ခပ်နေမယ်။ ရှူဆေးလေး ရှူပေးရ၊ လျက်ဆားလေး စားပေးရနဲ့ ကိလေသာရဲ့ ကျွန်ဖြစ်နေပါတယ်။

ကိလေသာက “လောင်မီး” သမုဒသသစ္စာ၊ ခန္တာက “လောင်စာ” ဒုက္ခသစ္စာ နဲ့တုပါတယ်။ လူ့ဘ၀ရရပါလို၏ လို့ ဆုတောင်းခဲ့လို့ လောင်စာရပြီး မီးလောင်ခံနေရတယ်။

ကိလေသာမီးလောင်လို့ “ခွေးနေရာမရ” ဖြစ်နေကြရတာ။ ဒီနေရာနေလိုက် မကောင်းပြန်ဘူးဆိုပြီး ဟိုနားရွှေ့လိုက်ရ နဲ့တဲ့။
မီးက ကိလေသာ
ခန္တာက လောင်စာ
ကံ က မီးထည့်သမား

တစ်ခါတစ်လေ နတ်ပြည်သွားလောင်ရပြန်တယ်။ တစ်သံသရာလုံးမှာ မီးကုန်ရင် လောင်စာထပ်ရှာထည့်ရတဲ့ အလုပ်နဲ့ အချိန်ကုန်ခဲ့ကြတယ်။

ပူအိုက်တဲ့ အချိန်၊ လေညင်းလေးတိုက်လာရင် ခန္တာကိုယ်မှာ သုခဝေဒနာပေါ်တယ်။ အဲဒါ ပဋိစ္စသမုပ္ပါဒ် စဖြစ်လာတာပဲ။ ဝေဒနာခန္တာပေါ်တာက တစ်ဏှာခန္တာပေါ်တာပါပဲ။ တဏှာ၊ ဥပဒါန်က နေ့စဉ်လုပ်တဲ့ ကံတွေကို သိမ်းထားပြီး တစ်ခုပြီးတစ်ခု လွှတ်ပေးပါတယ်။ ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ ကိုသိပါတယ်။ “ငါ” တရားသွားနာဦးမယ်လို့ပြောရင် ခန္တာ ၅ပါး နားမလည်မှုက စပါတယ်။ တစ်နေ့လုံး အ၀ိဇ္ဖာ ဆိုတဲ့ မသိမှု နဲ့ပဲ နေပြီး ခန္တာရှာမတွေ့ရင် ကြီးစွာသော အပြစ်သင့်တာပဲ လို့ ဆိုပါတယ်။

နောက်တစ်ဖန် ဒိဌိနှင့်ပြော၊ ဒိဌိနှင့် နေကြပါတယ်။ ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဖြစ်ပျက်ပျက်လိုက် ဖြစ်နေတဲ့ ဒုက္ခအစု ကိုသိမယ်။ ဝေဒနာကိုရှုလို့ ဖြစ်ပျက် မြင်ရင် ဝေဒနာချုပ်ပြီး ဒိဌိ၊ အ၀ိဇ္ဖာပါ ပြုတ်ပါတယ်။

ဘုံ၃ပါး မှာ ဖြစ်တဲ့ သတ္တ၀ါတွေဟာ မီးလောင်နေတဲ့ အိမ်ကြီးနဲ့ တူပါတယ်။ အိပ်ယာကနိုးတာနဲ့ မီးလောင်တော့တာပဲတဲ့။ ဘယ်သွားသွား မီလောင်လျက်ပါပဲ။ ပျင်လို့ အလည်သွား၊ ကိစ္စရှိလို့သွား မီလောင်လျက်ပါပဲ။“ လောင်စာ”ကုန်သွားမှာလဲ စိုးရိမ်ကြတယ်။ ဒီသား ဒီသမီး မခွဲချင်လို့ ၊ မိးမငြိမ်းချင်လို့ “ လောင်စာ” ပြန်ထည့်ကြတယ်။ မီးငြိမ်းမှာ စိုးကြတယ်။
၃၁ ဘုံမှာ ဘုရားအဆူဆူနဲ့ လွဲခဲ့တာလဲ ဒါကြောင့်ပဲ။

ဒိဌိချုပ်ခြင်းက နိဗ္ဖာန်ပဲ တဲ့။ ဒါကြောင့် ဒိဌိခွာဖို့ အရေးကြီးပါတယ်။ ပဋိသန္ဒေနေခဲ့တာလဲ ကိုယ်မသိခဲ့။ သေချိန်ကျတော့လဲ ကိုယ်မသိခဲ့။ နေချိန်အလယ်မှာ ရှုပ်နေကြတယ်။ ဇာတိ ပဋိသန္ဒေရကတည်းက ခန္ဒာ ၅ ပါး(မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) ပဲပါတယ်။ ကျား မ အစ ကတည်းက မပါဘူး။ ခန္ဒာနဲ့ အတူ နေပြီး မသိကြတာက အကြားအမြင် (သုတ၀ါ အရိယာ သာဝကော) မရှိလို့ ။ ဒါကြောင့် “ငါ” မြင်တယ်၊ “ငါ”ကြားတယ်၊ စသဖြင့် သိက္ကာယဒိဌိ မင်းမူတာ ခံနေကြရတယ်။ သိက္ကာယဒိဌိ ဟာ အပါယ်ရေသောက်မြစ်ပါပဲ။

Posts with same label

Related Posts with Thumbnails