Showing posts with label Festival. Show all posts
Showing posts with label Festival. Show all posts

Thursday, August 12, 2010

နွေအားလပ်ရက်လေးတစ်ရက်..




အားလုံးပဲ ပျော်ရွှင်ဖွယ်နွေရက်များ ဖြစ်ကြပါစရှင်။ ဂျပန်မှက ဇူလိုင်လလယ်လောက်က စပြီး စက်တင်ဘာ လလယ်လောက်ထိ နွေရာသီဖြစ်ပါတယ်။
ဒီနှစ်နွေရာသီက ကျွန်မနေတဲ့ ဂျပန်မြောက်ပိုင်းကမြို့မှာတောင် ၃၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ မြင့်တက်ပြီး ပူပြင်းပါတယ်။

ဒီတစ်ခေါက်တော့ ကျွန်မရဲ့ ပျော်ရွှင်ဖွယ် နွေကျောင်းပိတ်ရက်လေးတစ်ရက် အကြောင်း မျှဝေပါရစေနော်။
ကျွန်မရဲ့ Campus ကတောင်ပေါ်မှာ ဖြစ်တဲ့အပြင် Lab ကလဲ ၁၀ထပ်မြောက် မှာရှိတာမို့ Lab ကနေ လှမ်းကြည့်ရင် ပင်လယ်ကြီးကိုမြင်နေရတယ်။ တစ်ခါတစ်လေ ရာသီဥတုသာယာရင် သဘောင်္လေးတွေကိုတောင် မြင်ရတယ်။
ဒီမြို့မှာနေတာ၎နှစ်ကျော်နေပြီ။ ဒါပေမဲ့ အဲဒီလောက်နီးနေတဲ့ ပင်လယ်ကမ်းခြေဆီကို သွားဖို့ တစ်ခါမှ စိတ်မကူးခဲ့မိဘူး။ ဒီတစ်နှစ်တော့ သူငယ်ချင်းတွေ လဲစုံတုန်း၊ ကြိုတင်မစီစဉ်ထားဖြစ်ပဲ ယူရိအာဂဲမြို့ဆိုတဲ့ နေရာက ကပင်လယ်ကမ်းခြေလေး တစ်ခုဆီကို သွားဖြစ်ကြတယ်။ ကျွန်မနေတဲ့ ဆင်ဒိုင်းမြို့ကနေ ဘစ်နဲ့ မိနစ်၄၀လောက်ပဲ သွားရတာ။ အဲဒီကမ်းခြေလေးကလဲ နွေရာသီ အချိန်ပဲ ဖွင့်တဲ့ ယာယီကမ်းခြေလေးပဲဖြစ်တယ်။
အဲဒီနေ့က နေအလွန်ပူပေမဲ့ ပင်လယ်ရေနဲ့ ထိတွေ့ရတာ လူရောစိတ်ရော လန်းဆန်းအေးမြသွားတယ်။

မကြားရတာကြာပီဖြစ်တဲ့ လှိုင်းသံလေးတွေ ကိုနားဆင်ရင်း၊ မမြင်ရတာကြာပီဖြစ်တဲ့ ပင်လယ်လှိုင်းလုံးလေးတွေ၊လေဆိပ်နဲ့ နီးလို့ ပင်လယ်ပေါ်ကဖြတ်ဖြတ်သွားတဲ့ လေယဉ်ပျံတွေ ငေးကြည့်ရင်းနဲ့ပေါ့။ ပင်လယ်ရေက တို့ဆီက ကမ်းခြေတွေကလို သိပ်မသန့်ရှင်းဘူး။ ပုဇွန်အသေးလေးတွေပါ ပါလာပြီး အသားယားလို့ ကြာကြာရေထဲ မဆင်းနိုင်ဘူး။ ထီလေးတစ်ချောင်းနဲ့ ဖြာလေးတစ်ချပ်ငှားပြီး ထိုင်ကြည့်နေရတယ်။
ညီမလေးတွေကတော့ ဓာတ်ပုံတွေ အမျိုးမျိုး ရိုက်ကြပြီး ရေထဲကကို မတက်တော့ဘူး။

ပင်လယ်ထဲမှာ ရေဆင်းဆော့တဲ့သူတွေကို စောင့်ကြည့်တဲ့ မျှော်စင်ရှိတယ်။ ဘောလုံးလေးတွေနဲ့ တားထားတဲ့ နေရာကို ကျော်ပြီးသွားရင် မိုက်ခွက်ကြီးနဲ့ လှမ်းအော်ပြီး သတိပေးတယ်။


ဒါက ရေချိုးခန်းလေးတွေပါ။ တစ်ယောက်တစ်ရာတဲ့။

အ၀တ်လဲတဲ့ အခန်းလေးတွေပေါ့။
ယာယီဆိုင်ခန်းလေးတွေပါ။
သဲသောင်ပြင်ကြီကတော့ ပူလိုက်တာ ခြစ်ခြစ်တောက်ပဲ။ ဒါပေမဲ့ ပင်လယ်ရေနဲ့ထိတွေ့လိုက်ရတဲ့ တို့တွေအားလုံး ပူတာကိုမေ့ပြီး အလွန်ကို ပျော်ရွှင်ခဲ့ကြတယ်။

အဲဒီနောက် နေ့လည်စာစားပြီး တော့ နေ့လည်(၁)နာရီခွဲလောက်ပဲ ရှိသေးတာ ၊ ညနေပိုင်း မီရှူးမီးပန်းပစ်တဲ့ပွဲ ၊ ဂျပန်လို ဟနဘိပွဲတော် ကိုစောင့်ကြည့်ဖို့ အတွက်ဘယ်နေရမှာ နားရပါ့။ နေကလဲပူပါ့။ ကံကောင်းထောက်မစွာနဲ့ ကားဂိတ်နားက ကလေးကစားကွင်းထဲက သစ်ပင်ရိပ်မှာ နေရာရကြတယ်။ ညနေ၃ နာရီခွဲလောက် မိုးအုံ့သွားတာနဲ့ ပွဲတော်ဘက်ကို ထွက်လာကြတယ်။
သူများတွေက ဟနဘိကြည့်ဖို့ အခင်းတွေခင်းပြီး နေရာ ကြိုတင်ဦးထားကြတဲ့ နေရာရောက်လာတယ်။

ပွဲဈေးတန်းဘက်လျှောက်။ မုန့်ဝယ်စားလိုက်၊ ရေ၀ယ်သောက်လိုက်နဲ့ ပေါ့။




ကောင်မလေးတွေက သူတို့ ဂျပန်ရိုးရာ Yukata လို့ခေါ်တဲ့ နွေရာသီ ၀တ်စုံလေးတွေ ၀တ်ကြတယ်။


နေလဲဝင်တော့မယ်။စောင့်ရတာ နေ့လည်ထဲကဆိုတော့ ပင်ပန်းလှပြီ။

ကမ်းမှာ ဆိုက်ထားတဲ့ သဘောင်္တွေထွက်သွားလို့ တို့တွေထိုင်နေတဲ့ ရှေ့ကမြင်ကွင်းရှင်းသွားတယ်။

ဒီလိုမျိုး ခေါက်လို့ရတဲ့ စားပွဲနဲ့ ကုလားထိုင်လေးတွေယူလာပြီး စောင့်ကြည့်ကြတာ။


မီးပုံးလေးတွေမျှောနေပြီ။ ဒါပြီးရင်တော့ ဟနဘိ ကြည့်ရတော့မှာပါ။

ဟနဘိက ည ၈ နာရီမှ စပါတယ်။
ရေထဲကနေထွက်လာသလိုမျိုးမြင်ရတာပါ။ မိုးပေါ်ကဟနဘိပဲကြည့်ဖူးသေးတော့ ဒါမျိုး ကြည့်ရတာ စောင့်ရကျိုးနပ်သွားတယ်လို့ပဲ ဆိုရမှာပေါ့။

မီးငယ်လေးရဲ့ဒိုင်ယာရီဖြစ်ပါတယ်။

Wednesday, February 24, 2010

Donto Festival နှင့် ဂျပန်နှစ်သစ်ကူးပွဲတော်


ဂျပန်မှာ နှစ်စဉ် နှစ်သစ်ကူးအခါသမယမှာ ကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်မျိုးအကြောင်း ရေးချင်ပါတယ်။ ဒြီမို့မှာတော့ Donto Matsuri လို့ခေါ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလ (၁၄)ရက်မှာ ကျင်းပပါတယ်။
နှစ်သစ်ကူးချိန်မှာ ဂျပန်လူမျိုးတွေဟာ Jinja လို့ခေါ်တဲ့ နတ်ဘုရားကျောင်းတွေကို သွားကြပြီး နှစ်သစ်ကူးမှာ ဆုတောင်းလေ့ရှိကြပါတယ်။ ကျွန်မလဲ Sendai ကို ရောက်ခါစနှစ်မှာ host family က အစ်ကိုက ခေါ်သွားလို့ ရောက်ဖူးခဲ့ပါတယ်။ ကျွန်မနေတဲ့မြို့မှာ Hachiman Jinja (Hachiman shrine) လို့ခေါ်တဲ့ နတ်ဘုရားကျောင်း ရှိပါတယ်။ Sendai တစ်မြို့လုံးကလူတွေဟာ Hachiman Jinja ကိုလာပြီးဆုတောင်းတယ်လို့ ထင်ရလောက်အောင် စည်ကားလှပါတယ်။ ကျွန်မတို့ ဆီက ပွဲဈေးတန်းလို မုန့်ဆိုင်တွေကလဲ အမျိုးမျိုးနဲ့ ပျော်စရာကြီးပါ။

Hachiman Shrine

ဂျပန်က Shrine တွေရဲ့အ၀င်ဝတိုင်းမှာ လက်ဆေးဖို့ အုတ်ကန်လေးရှိပါတယ်။ အော်နီးစန်(အစ်ကို) က ကျွန်မတို့ကို လက်ဆေးခိုင်းပါတယ်။ နောက်ပြီးမှ ဆုတောင်းဖို့စောင့်နေတဲ့ လူတန်းကြီးရဲ့ နောက်မှာ ဆုတောင်းဖို့ တန်းစီရပါတယ်။ အုန်းဆံကြိုးလို ကြိုးအကြီးကြီးနဲ့ ဆွဲထားတဲ့ အုန်းမောင်းလို ပုံစံမျိုးမှာ ကြိုးကိုဆွဲပြီး ရမ်းကြရပါတယ်။ နောက်တစ်ခါ လက်ခုပ်(၃)ချက်တီးပြီး မှလက်အုပ်ချီပြီး ဆုတောင်းရပါတယ်။ ကျွန်မလဲ ဒီနှစ်နှစ်သစ်တစ်နှစ်လုံး ကျန်းမာရပါလို၏။ ချမ်းသာရပါလို၏။ ပညာရေးမှာလဲ အဆင်ပြေချောမွေ့ ရပါလို၏ စသဖြင့်ဆုတောင်းပြီး၊ ပွဲဈေးတန်းတွေငေးရင်း ပြန်လာခဲ့ပါတယ်။ ဒါက ကျွန်မ Hachiman Shrine ကို အေးမြလှတဲ့ နှစ်သစ်ကူးချိန်မှာ ဒီလိုနည်းနဲ့ ပထမဆုံးရောက်ဖူးတာပါ။

ရောက်ခါစနှစ် အဆောင်မှာနေရတော့ ကျောင်းကနေ အဆောင်ကိုပြန်ရင် Hachiman Shrine ကိုသွားတဲ့ 48လမ်းမကြီးကို ဖြတ်ပြီး ပြန်ရပါတယ်။ နှစ်သစ်ကူးချိန်မှာ ဆိုရင် Hachiman Shrine နဲ့နီးတဲ့ အဲဒီ 48 လမ်းမကြီး တစ်လျှောက် မီးပုံးတွေထွန်းညှိထားတာ အလွန်လှပလှပါတယ်။ တစ်ရက်ကျောင်းကအပြန် ထူးဆန်းတဲ့မြင်ကွင်းကို တွေ့လိုက်ရပါတယ်။



လူအုပ်တစ်အုပ်ဟာ မီးပုန်းတွေကိုင်ဆောင်ပြီး လမ်းမပေါ်မှာပြေးနေပါတယ်။ တစ်ချို့ကလည်း ခေါင်းလောင်းလေးတွေ၊ စာရွက်အဖြူလေးတွေချိတ်ထားတဲ့ တုတ်တန်းလေးတွေကို ကိုင်ထားကြတယ်။ သူတို့ရဲ့ခေါင်းမှာ ပ၀ါအဖြူလေးတွေ ပတ်ထားကြတယ်။ အံသြဖို့ကောင်းတာက သူတို့ဟာ နံငယ်ပိုင်းလေးတွေပဲ ပတ်ထားကြလို့ပါပဲ။ ဇန်နပါရီလရဲ့ ညအပူချိန် ၂ - ၃ ဒီဂရီ စင်တီဂရိတ် လောက်ပဲ ရှိတဲ့အချိန်မှာ အကျီ ဘောင်းဘီ မ၀တ်ပဲ လမ်းမပေါ်မှာ ပြေးပြီး ဘာလုပ်နေကြတာပါလိမ့်။ ကျွန်မတို့မှာတော့ လက်အိတ်၊ မာဖလာ၊ ဦးထုပ်၊ အနွေးထည်တွေ ၀တ်ပြီးချမ်းနေရတဲ့အထဲ။




ကျွန်မတို့လဲ သူတို့နောက်ကို စက်ဘီးနဲ့လိုက်ပြီး ဓာတ်ပုံလိုက်ရိုက်ကြပါတယ်။ အဲဒီတော့မှာ သူတို့လိုပဲ ပြေးနေကြတဲ့ တစ်ခြားအုပ်စုတွေကိုလဲ တွေ့တယ်။ အမယ်..တစ်ချို့ အဖွဲ့တွေမှာ အမျိုးသမီးတွေပါ ပါကြတယ်။ တစ်မျိုးမထင်နဲ့အုန်းနော်။ အမျိုးသမီးတွေကတော့ အကျီအဖြူအပါးလေးတွေတော့ ၀တ်ထားကြတယ်။
သြော် သိပြီ...သူတို့ဟာ Hachiman Shrine ကိုဦးတည်ပြေးနေကြပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ စီတန်းပြီး Shrine ထဲကို ၀င်သွားတာတွေ့ရတယ်။ အဲဒီနှစ်ကတော့ အဲဒီလောက်ပဲစပ်စုခဲ့ပါတယ်။

နောက်တစ်နှစ်ကျမှာ Hachiman Shrine နားမှာ နေတဲ့ အစ်မက ပွဲရှိတယ်လို့ အကြောင်းကြားလို့ အစ်မအိမ်ကို သွားလည်ရင်းနဲ့ Hachiman Shrine ကိုနောက်တစ်ခေါက်ရောက်ဖြစ်ပါတယ်။ ဒီတော့မှပဲ နှစ်စဉ် ဇန်န၀ါရီ (၁၄)မှာ ကျင်းပလေ့ရှိတယ် ဆိုတဲ့ Donto Festival ဆိုတဲ့ အကြောင်းသိခဲ့ရတော့တယ်။ မနှစ်ကတည်းက တွေ့ဖူးခဲ့တဲ့ လမ်းမှာ ပြေးလာတဲ့ အဖွဲ့တွေဟာ မြို့ရဲ့နေရာအသီးသီးကနေ ဆုတောင်းဖို့လာကြတာဖြစ်ပြီး သူတို့ကို Hadakamairi လို့ခေါ်ပါတယ်။ (Hadaka = အ၀တ်မပါတာ၊ mairi = သွားတာလာတာ)
Pic from here (အင်္ဂလိပ်လိုဖတ်နိုင်ပါတယ်)

Shrine ရဲ့ မုခ်ဦးအ၀င်ပေါက်ကနေ ၀င်သွားပြီး ကွင်းပြင်ကျယ်နေရာတစ်နေရာမှာ ကြီးမားလှတဲ့ မီပုံကြီးကို တွေ့ရပါတယ်။ အဲဒီမီးပုံကြီးကို Goshika= Sacred Fire လို့ခေါ်ပါတယ်။ နေ၀င်ချိန်လောက်ကစပြီး အိမ်တွေမှာ နှစ်သစ်ကူးချိန် အလှအပချိတ်ဆွဲတဲ့ Kadomatsu လို့ ခေါ်တဲ့ အဆင်တန်ဆာတွေ ကို စုပုံပြီး မီးရှို့တာဖြစ်ပါတယ်။
အနီးအနားမြိုနယ်တွေက အိမ်တွေက အဆင်တန်ဆာတွေကို စုဆောင်းထားတာဖြစ်တယ်တဲ့။
အဲဒီမီးပုံကြီးက မီးတောက်တွေဟာ နတ်ဘုရားတွေက နှစ်သစ်အချိန်မှာ လူတွေဆီကိုလာပြီး ကောင်းချီးပေးတဲ့ မီးတောက်တွေဖြစ်တယ်တဲ့။ ရှေးအချိန်ကာလထဲက လက်ခံယုံကြည်နေခဲ့ကြတာကတော့ အဲဒီမီးတောက်နားကို သွားရင် စိတ်ကြည်လင် လန်းဆန်းပြီး တစ်နှစ်လုံး ကျန်းမာချမ်းသာခြင်းတွေနဲ့ ပြည့်စုံစေပြီး မိသားစုတစ်စုလုံး ဘေးရန် ကင်းဝေးစေတယ် ဆိုတာပါပဲ။

Kadomatsu


ကျွန်မတို့လဲ မီးပုံဘေးနားသွားရပ်ပြီး ဆုတောင်းခဲ့ကြသေးတယ်။
ရာသီဥတုကအေးတော့ မီးပုံကြီးကတော့ တော်တော်နွေးတာပဲ။

ဒါကတော့ ဂျပန်နှစ်သစ်ကူးအမှတ်တရပါ။
နှစ်သစ်ကူးပြီးတာ ကြာသွားပေမဲ့လဲ အခုမှ ရေးဖြစ်သွားပါတယ်။

Sunday, December 21, 2008

Pageant of Starlight


Merry Christmas and Happy New Year to you all!! :)

အားလုံးပဲ ခရစ်စမတ်အခါသမယ နဲ့ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။
ဒီတစ်ပတ်တော့ ကျွန်မနေတဲ့ မြို့မှာ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၁၂ရက်နေ့ကနေ ၃၁ရက်နေ့ထိ ကျင်းပတဲ့ Starlight festival ကိုသွားရအောင်နော်။ http://www.sendaihikape.jp/

Let's enjoy Sendai Pageant of Starlight !



Wednesday, November 19, 2008

Potato Festival in Tohoku Prefecture (芋煮会)


ကျွန်မနေတဲ့ Tohoku နယ်မှာ နှစ်စဉ် Authum ရာသီရောက်ရင် ပိန်းဥပါဝင်တဲ့ ဟင်းရည် တစ်မျိုးကို မြစ်ကမ်းနဘေးမှာ သွားရောက်ပြီး ချက်ပြုတ်စားသောက်ကြတဲ့ ဓလေ့ရှိပါတယ်။ ဒီဓလေ့ဟာ ဂျပန်မြောက်ပိုင်း မှာ ရှိတဲ့ Tohoku ဒေသ မှာဘဲ ပြုလုပ်ကြတယ်တဲ့။ ဂျပန်လို အိမို-နိကိုင် (芋煮会)လို့ခေါ်ပါတယ်။
အိမို (芋)= ပိန်းဥ ၊  နိ(煮)=ပြုတ်သည်၊ ချက်သည် ကိုင် (会)=တွေ့ဆုံပွဲ၊ ပွဲ လို့ အဓိပ္ပာယ် ရပါတယ်။ တကယ်တမ်းတော့ အိမိုဆိုတဲ့ အဓိပ္ပာယ်ထဲမှာ အားလူး ၊ ကန်ဇွန်းဥ၊ ပိန်းဥ စတဲ့ သစ်ဥ အမျိုးအနွယ် တွေပါပါတယ်။

လှပတဲ့ မြစ်ကမ်းနဘေးမှာ မိသားစုလိုက်၊ သူငယ်ချင်းအစုလိုက် ပျော်ပွဲစားထွက်သလိုမျိုး အတူတကွ ပျော်ရွှင်စွာ ချက်ပြုတ်စားသောက်ကြတာပါ။ တစ်ချို့က ပိန်းဥဟင်းတစ်မျိုးတည်း မဟုတ်ပဲ၊ Barbecue ပါလုပ်စားလေ့ ရှိကြတယ်။ ကျွန်မတို့ တက္ကသိုလ်တွေမှာလဲ ကိုယ့် Research group အလိုက် အိမိုနိကိုင် အတွက် ရက်ရွေးချယ်ပြီး မြစ်ကမ်းဘေးမှာ ချက်ပြုတ် စားသောက်ကြတာဟာ Authum ရာသီရောက်ရင် လုပ်ရတဲ့ အလုပ်တစ်ခုလိုပါပဲ။


(၈) လပိုင်းအကုန်လောက်ဆိုရင် ဒီက Super Market တွေမှာ အိမိုနိကိုင်အတွက် လိုအပ်တဲ့ ထင်းတွေ ပုံပြီးရောင်းနေတာ တွေ့နိုင်ပါတယ်။ ဒန်အိုးအကြီးကြီးတွေကိုလဲ တွေ့ရတယ်။ အဲဒီဒန်အိုးကြီးတွေကှိုငှားသုံးလို့လဲရတယ်တဲ့။ ကျွန်မရောက်စနှစ်တုံးက super မှာ ထင်းပုံတွေ တွေ့တော့ ဘာလုပ်ဖို့ပါလိမ့်ဆိုပြီး အံ့သြခဲ့မိသေးတယ်။ အိမိုနိကိုင်ပွဲကို ၉လပိုင်း လလယ်လောက်ကစပြီး ၁၀လ ပိုင်းကုန်လောက်ထိ ကျင်းပကြတာပါ။

ဟင်းချက်တဲ့အခါမှာ Miyagi(Sendai) Prefecture ချက်နည်း နဲ့ Yamagata Prefecture ချက်နည်းဆိုပြီး ၂ မျိုးနှစ်စား ချက်လေ့ရှိကြတယ်။
Sendai ချက်နည်းက ၀က်သားနဲ့ ဂျပန်လို မိစော(Miso) လို့ခေါ်တဲ့ ဂျပန်ပဲငပိကို သုံးပါတယ်။ Yamagata ချက်နည်းကတော့ အမဲသား နဲ့ ပဲငံပြာရည် (Shouyu) ကိုသုံးပါတယ်။
ဟင်းချိုထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေကတော့ မုန်ညင်းဖြူရွက်၊ မှို၊ ပဲပြား၊ ကြက်သွန်မိတ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ပိန်းဥ၊ Konnyaku စတာတွေပါ။
ကျွန်မတို့ အုပ်စုကတော့ Sendai ချက်နည်း နဲ့ Yamagata ချက်နည်း ကို အိုး (၂) လုံးခွဲပြီး ချက်ကြပါတယ်။ ရာသီဥတု ခပ်အေးအေးမှာ မြစ်ကမ်းဘေးရဲ့ သဘာဝအလှကိုခံစားရင်း ဟင်းရည်ပူပူ မှုတ်သောက် ရတာ အရသာ တစ်မျိုးပါပဲ။

ဒီလိုမျိုး ငါးလဲကင်စားတယ်။

အိမိုနိကိုင် နဲ့ ဆက်စပ်ပြီး ပြောချင်တာတစ်ခုကတော့ ကျွန်မနေတဲ့ Sendai မြို့ကနေ ဘစ်ကားနဲ့ ၁ နာရီသာ သွားရတဲ့ Yamagata မြို့ရဲ့ အိမိုနိကိုင် ပွဲတော်ဖြစ်ပါတယ်။ အဲဒီမြို့မှာ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ အကြီးဆုံး ဒယ်အိုးကြီးရှိပါတယ်။ ဒီပုံက Yamagata မြို့ က မမကြီး ဆီကိုသွားလည်တုံးက ရိုက်ထားတာပါ။

အဲဒီဒယ်အိုးကြီးထဲမှာ ဟင်းရည်ထည့်ချက်တဲ့ Yamagata အိမိုနိကိုင်ပွဲတော်ကို ကျင်းပပါသတဲ့။
ကျွန်မတော့ မသွားဖူးသေးပါဘူး။
ဒီမှာ လဲ ဒယ်အိုကြီးထဲ ထည့်ချက်နေတဲ့ ဓာတ်ပုံကိုကြည့်လို့ရတယ်။

Friday, October 31, 2008

Japanese Star Festival (တာနဘတ ပွဲတော်)

Tanabata (七夕) ပွဲတော်ကို ကျွန်မနေတဲ့ Sendai မြို့မှာ နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ(၅)ရက် နေ့ကစပြီး (၈)ရက်နေ့ထိ ကျင်းပပါတယ်။ ဂျပန်စာလုံးအရ Tana(七) ဆိုတာက ခုနစ် (၇) ဖြစ်ပြီး bata(夕) စာလုံးရဲ့ အဓိပ္ပာယ်က ညနေခင်း ဖြစ်တယ်။

ရှေးက ဒဏ္ဍာရီ ပုံပြင်တွေအရ Altair ကြယ်နဲ့ Vega ကြယ်ဆိုတဲ့ ကြယ်နှစ်လုံးဟာ တစ်နှစ်မှာတစ်ခါသာ ဒီအချိန်ရောက်တိုင်း ဆုံတွေ့နိုင်ကြတာ ဖြစ်ပါသတဲ့။ ဒါကြောင့်မိုလို့ ဒီပွဲတော်ကို Japanese Star Festival လို့လဲ ခေါ်သေးတယ်။

ဒီပွဲတော်ကို ဂျပန်နိုင်ငံ အနယ်နယ် အရပ်ရပ်မှာ ကျင်းပလေ့ ရှိပေမဲ့ Sendai က တာနဘတ ပွဲတော်ဟာ ဂျပန်မှာ အထင်ရှားဆုံးပွဲတော် လို့ဆိုကြတယ်။

ဒီပွဲတော်ရဲ့ ထူးခြားချက်ကတော့ ဂျပန်လူမျိုးတွေဟာ မိမိတို့ဖြစ်ချင်တဲ့ ဆန္ဒတွေကို စာရွက်ရောင်စုံလေးတွေပေါ် မှာရေးပြီး အလှအပတန်ဆာဆင်ထားတဲ့ ၀ါးပင်လေးတွေမှာ ချိတ်ဆွဲ ဆုတောင်းရင် မိမိဆန္ဒပြည့်တယ်လို့ ယုံကြည်ကြတာပဲ။

ဒီပွဲတော်မှာ တွေ့ရတာကတော့ ဒီဇိုင်းစုံ၊ အရောင်စုံစက္ကူနဲ့ ပြုလုပ်ထားတဲ့fukinagashi လို့ခေါ်တဲ့ မီးပုံးသဏ္ဍန်အလှဆင်ထားတဲ့အရာတွေဖြစ်ပြီး ၊ ပုံစံအမျိုးမျိုးဖော်ထားတဲ့ စက္ကူစတွေကို တွဲလျားချထားတယ်။ Sendai မြို့ရဲ့ရှည်လျားကျယ်ဝန်းလှတဲ့ shopping arcade ကြီး တစ်လျောက်မှာ (ကျွန်မတို့ဆီက မီးပုံးတွေ ချိတ်ဆွဲထားသလို) ချိတ်ဆွဲထားတာ၊ ကြည့်လို့မ၀အောင်ပါပဲ။

ပွဲတော်ကြီးဟာ ကြက်ပျံမကျ စည်ကားလှပါတယ်။ လူတွေကြားထဲ တိုးပြီး ဒီဇိုင်းစုံ၊ အရောင်စုံ လျှောက်ကြည့်ရတာ ပျော်စရာပါ။ ကဲ- ကျွန်မနဲ့ အတူ လျှောက်ကြည့်ရအောင်လား.....
အောက်ကပုံရဲ့ အလယ်ဆုံး decoration က အော်ရိဂမိ (origami) လို့ခေါ်တဲ့ စက္ကူခေါက်တဲ့ နည်းနဲ့ ငှက်ရုပ်သေးသေးလေးတွေ အများကြီးခေါက်ပြီး သီတန်းထားတာပါ။ ပုံကြီး ချဲ့ကြည့်ရင် မြင်နိုင်ပါတယ်။

ဒီမှာလဲ နောက်တစ်ခု အ၀ါရောင် ငှက်ရုပ်လေးတွေပါ။
ဒီအရုပ်ပုံလေးတွေ ကလဲ ဆန်းပါတယ်။
ဒါကလဲ တစ်မျိုး....
ရှည်လျားကြီးမားလှတဲ့ fukinagashi တစ်မျိုး....

ညနေပိုင်းအချိန် အလှတစ်မျိုးပေါ့........

Jozenji လမ်းမကြီးဘက် ကိုထွက်ပြီး ကပွဲတွေ သွားကြည့်ကြအုံးစို့...
အကအဖွဲ့ တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ လမ်းမကြီးကို ပတ်ပြီး ဖျော်ဖြေနေကြတယ်။
ဒီကလေးလေးတွေ ကနေတာ ချစ်စရာကောင်းတယ်...

တာနဘတ ပွဲတော် ဖြစ်ပေါ်လာပုံ နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီ ပုံပြင်လေး အကြောင်း ဆက်ရေးပါအုန်းမယ်။

Posts with same label

Related Posts with Thumbnails