Showing posts with label Tuvalu နိုင်ငံငယ်လေး. Show all posts
Showing posts with label Tuvalu နိုင်ငံငယ်လေး. Show all posts

Friday, May 8, 2009

Tuvalu(သို့မဟုတ်)ပင်လယ်ထဲတွင် နစ်မြုပ်စပြုနေပြီဖြစ်သော နိုင်ငံငယ်လေး ၃။


ကမ္ဘာကြီးပူနွေးလာရမှုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အစရှိတဲ့ ဓာတုဓာတ်ငွေ့တွေကို ထုတ်လုပ်နေကြတဲ့သူတွေကတော့ ဂျပန် အစရှိတဲ့ စက်မှုနိုင်ငံကြီးများပဲဖြစ်ပါတယ်။ အဲဒီစက်မှုထွန်းကားတဲ့ နိုင်ငံကြီးတွေမှာ လူနေမှုအဆင့်အတန်းဟာလဲ မြင့်မားပြီး နေ့စဉ်လူနေမှုဘ၀မှာ အဆင်ပြေလွယ်ကူစေမယ့် ပစ္စည်းများစွာကို ထုတ်လုပ်အသုံးပြုနေကြတယ်။



ဥပမာစတင်ပြောရမယ်ဆိုရင် အရောင်းဆိုင်မှာ တင်ထားတဲ့ သောက်ရေသန့်ဗူးတစ်ဗူးကို ကြည့်လိုက်ပါ။ အဲဒီ ရေသန့်ဗူးဟာ ပြင်သစ်နိုင်ငံ ရေခဲတောင်တွေက ပျော်ကျလာတဲ့ အလွန်တစ်ရာသန့်ရှင်းတဲ့ ရေတွေကို ထည့်ပြီး ဂျပန်နိုင်ငံအထိ ရောက်လာတာဖြစ်ပါတယ်။ ကဲ ဒီရေသန့်ဗူးကို ဘယ်လိုထုတ်လုပ်ပြီး ဂျပန်နိုင်ငံကို ဘယ်လိုရောက်လာလဲဆိုတာ စဉ်းစားကြည့်ကြစို့။ ရေဗူးထဲကို ရေထည့်ဖို့၊ တံဆိပ်ကပ်ဖို့ စက်ပစ္စည်းတွေသုံးရတယ်။ နောက်ပြီး ဂျပန်က အရောင်းဆိုင်ထိ ရောက်ဖို့ နိုင်ငံအဆင့်ဆင့်ဖြတ်ကျော်ပြီး သဘောင်္တစ်တန်၊ ကားတစ်တန်နဲ့ တင်ပို့ရတယ်။ ကဲ ဒီရေသန့်တစ်ဗူး အတွက် စွမ်းအင်တွေ အမျိုးမျိုးသုံးခဲ့ရတယ်။ ဂျပန်က အရောင်းဆိုင် တွေ (Supermarket, Convenient Store, Vending machine စသဖြင့်) ဆီကိုရောက်ပြန်တော့လဲ အအေးခန်းထဲထည့်ထားပြီး ၀ယ်သူအလာကို စောင့်ရပြန်တယ်။



နောက်ပြီး အချိုရည်ဗူး ၊ လက်ဖက်ရည်ကြမ်းဗူး ထုတ်လုပ်သူတွေကလဲ တံဆိပ်အမျိုးမျိုး နဲ့ ၀ယ်ချင်စိတ်ပေါ်လာအောင် စကားလုံး အမျိုးမျိုးသုံးပြီး ထုတ်လုပ်ကြပြန်တယ်။ ဥပမာအားဖြင့်ဆိုရင် အဆီကျသည်။ ခွန်အားဖြစ်စေသည်။ ကျန်းမာစေသည်။ အသားအရေလှစေသည်….စသဖြင့်ပေါ့။

တစ်ခါ အဲဒီအချိုရည်ဗူးတွေ၊ လက်ဖက်ရည်ကြမ်းဗူးတွေဟာ လူတွေ ဘယ်ချိန်ဝယ်မလဲမသိပဲ Supermarket, Convenient Store, Vending machine ရဲ့ အအေးပေးထားတဲ့ အခန်းတွေမှာ စောင့်နေကြရပြန်တယ်။ အထူးသဖြင့် ဂျပန်နိုင်ငံမှာဆိုရင်
Vending machine တွေကို နေရာအနှံ့တွေ့ရတယ်။ အဲဒီစက်ပစ္စည်းတွေက လူတွေအတွက် အဆင်ပြေလွယ်ကူအောင် ၀န်ဆောင်မှု လုပ်နေတယ်ဆိုပေမဲ့ အဲဒီ အတွက် စွမ်းအင်သုံးစွဲမှု နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုတွေကို အခုကစပြီး လျှော့ချသင့်နေပါပြီ။ အလွန်အကျွံထုတ်လုပ်မှုများ (Mass production) နဲ့ အလွန်အကျွံ သုံးစွဲမှုများ (Mass consumption) ကိုရပ်တန်းကရပ်ဖို့ တိုက်တွန်းချင်ပါတယ်။

ထုတ်လုပ်သူများကို မထုတ်လုပ်ဖို့ လို့ ပြောလို့မရတဲ့အတွက် သုံးစွဲသူ မိတ်ဆွေတို့ကိုပြောချင်တာကတော့ မလိုအပ်ရင် မ၀ယ်ပါနဲ့။ ကိုယ်တစ်ဦးတည်း မ၀ယ်ရုံနဲ့ ဘာထူးမှာလဲ ၊ ပစ္စည်းတွေကတင်ရောင်းနေတာပဲ လို့တွေးမိကောင်းတွေးမိနိုင်ပါတယ်။ဝယ်ယူသုံးစွဲသူတွေ လျော့နည်းလာရင် ထုတ်လုပ်သူကလည်း လိုအပ်သလောက်သာ ထုတ်လုပ်ရောင်းချလာမှာ ဖြစ်ပါတယ်။ ခင်ဗျားတို့အနေနဲ့ ရေသန့်ဗူးဝယ်သောက်ဖို့ မလိုအပ်ပါဘူး။ ရေထည့်တဲ့ ဗူးကောင်းကောင်း တစ်ဗူးသာ ၀ယ်ထားလိုက်ပါ။ ရေသန့်သန့်ကို ခင်ဗျားတို့ရဲ့အိမ်ကနေ ထည့်ယူသွားလို့ ရပါတယ်။ ကုန်ကျစရိတ်လဲသက်သာပါတယ်။



Tuvalu နိုင်ငံက ဒီကလေးလေးတွေရဲ့ အနာဂတ်ကိုတွေးကြည့်စေချင်ပါတယ်။ သူတို့လေးတွေမှာ ရည်မှန်းချက်ကိုယ်စီ၊ မျှော်လင့်ချက်ကိုယ်စီ ရှိကြတယ်။ သူတို့ရဲ့ ရည်မှန်းချက်လေးတွေ ပြည့်ဝနိုင်မှာလားဆိုတာ မိတ်ဆွေအနေနဲ့ ပြောနိုင်ပါသလား။ ကမ္ဘာကြီးပူနွေးလာရမှု အဓိကတရားခံဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို လျော့ချဖို့အရေးဟာ သဘာဝဘေးဒဏ်ခံနေရတဲ့ Tuvalu နိုင်ငံရဲ့ အရေးကိစ္စတစ်ခုမျှသာ မဟုတ်ပဲ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်အရေးလဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့လက်များနဲ့ ကမ္ဘာကြီးရဲ့အနာဂတ်အရေးကို ရွေးချယ်နိုင်ကြပါတယ်။ ဒါကြောင့်မိုလို့ Tuvalu နိုင်ငံသားတွေရဲ့အနာဂတ်ဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday, April 26, 2009

Tuvalu(သို့မဟုတ်)ပင်လယ်ထဲတွင် နစ်မြုပ်စပြုနေပြီဖြစ်သော နိုင်ငံငယ်လေး ၂။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရမှုကြောင့် ကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းဟာ ပင်လယ်ရေတိုက်စားခံနေရတာကို ပုံပါအတိုင်း တွေ့မြင်နိုင်ပါတယ်။ သာမန်တွေးကြည့်မယ်ဆိုရင် ပင်လယ်ရေတွေက ကုန်းပေါ်ကို လွှမ်းမိုးဝင်ရောက်လာတယ် လို့ထင်စရာရှိပါတယ်။ တကယ်တမ်းတော့ ရေလွှမ်းခံရတာတင်မဟုတ်ပဲ ကုန်းတွင်းပိုင်းမှာလဲ ပင်လယ်ရေတွေက မြေအောက်ကနေ စိမ့်ထွက်ဝင်ရောက်လာတာကို ခံရတာဖြစ်ပါတယ်။


ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု မဖြစ်ခင် ကျွန်းတွေရဲ့ မြေအောက်ရေ တည်ရှိနေပုံအား အထက်ပါ ပုံအတိုင်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
မြေအောက်မှာရှိတဲ့ ရေချိုတွေဟာ ပင်လယ်ရေမျက်နှာပြင် နဲ့တစ်ပြေးညီ တည်ရှိနေတယ်လို့ ယူဆနိုင်ပါတယ်။ တစ်နည်းအားဖြင့် ကုန်းတွင်းပိုင်းမှာ ရရှိနိုင်တဲ့ ရေချို ပမာဏရဲ့သိပ်သည်းဆဟာ ကုန်းတွင်းပိုင်းမှာ ရှိနေတဲ့ မြေအောက်ရေငန် (ပင်လယ်ရေ) ရဲ့သိပ်သည်းဆနဲ့ ဟန်ချက်ညီစွာရှိနေနိုင်မှ ကုန်းတွင်းပိုင်းမှာ သစ်သီးသစ်ပင်တွေ ရှင်သန်နိုင်ရန်အတွက် ရေချိုရရှိမှာ ဖြစ်ပါတယ်။



မြေအောက်ပင်လယ်ရေ မြင့်တက်လာမှုကြောင့် မြေအောက်ရေချိုတွေထဲကို ရေငန်တွေကလွှမ်းမိုး ၀င်ရောက်လာပြီး ရေချိုရရှိနိုင်တဲ့ အရင်းအမြစ်တွေ စတင်ပျက်စီးစပြုလာပါတယ်။
ရေငန်ဝင်မှုကြောင့် အဓိကစားစရာ Pulaka(ပိန်းဥနှင့်ဆင်သော)အပင်များ ပျက်စီးလာပုံ



နောက်ဆုံးမှာတော့ မြေအောက်ပင်လယ်ရေမြင့်တိုက်လာမှုကြောင့် မြေအောက်ရေမျက်နှာပြင် ပါမြင့်တက်လာတဲ့ အတွက် မြေနိမ့်ပိုင်းတွေမှာ မြေမျက်နှာပြင်ပေါ်ကို ရေငန်တွေ စိမ့်ထွက်လာတဲ့အထိ ဆိုးကျိုးများ ဖြစ်ပေါ်လာပါတယ်။




(Mr. Semi Bineအိမ်အောက်ခြေအား နှစ်အလိုက် ရေတက်လာပုံအား ပြနေပုံ)


Tuvalu နိုင်ငံရဲ့တည်နေရာ (08 30’ 10’’S/ 179 12’ 33’’E) မှာ တစ်နှစ်ကို ၅.၈ မီလီမီတာနှုန်း ဖြင့်ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေလျှက်ရှိတာကို ၂၀၀၆ စက်တင်ဘာမှာ ကောက်ယူထားတှဲ့SEAFRAME data အရသိရှိနိုင်ပါတယ်။ အဲဒီနှုန်းအတိုင်းသာ ပင်လယ်ရေမျက်နှာပြင်ဟာ ဆက်လက်မြင့်တက်နေခဲ့မယ်ဆိုရင် နောင်၁၅နှစ်ကြာတဲ့အခါ ၈၇မီလီမီတာ (~0.1 m) လောက်မြင့်တက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် Tuvalu နိုင်ငံဟာ့  ပင်လယ်ရေမျက်နှာပြင်အထက် (highest elevation of 4.5m) မှာတည်ရှိနေတဲ့အတွက် နောင်၁၅နှစ်မှာ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ စိုးရိမ်စရာပါပဲ။



ဘာကြောင့် ပင်လယ်ရေမြင့်တက်လာရတာလဲ။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့်ဖြစ်ပါတယ်။ ကမ္ဘာကြီးဘာကြောင့် ပူနွေးလာရတာပါလဲ။

ကမ္ဘာနဲ့ လရဲ့ အပူချိန်ကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် လမျက်နှာပြင်ရဲ့ အပူချိန်ဟာ နေ့မှာ ၁၃၀ဒီဂရီရှိပြီး ညမှာ -၁၇၀ ဒီဂရီရှိပါတယ်။ အပူချိန်ကွာခြားချက်ဟာ ၃၀၀ ဒီဂရီခန့်ရှိပါတယ်။ ကမ္ဘာကြီးမှာတော့ လေထုအလွှာရှိပါတယ်။ အဲဒီ လေထုအလွှာဟာ အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့အတွက် ကမ္ဘာကြီးရဲ့နေ့အပူချိန်နဲ့ ညအပူချိန်ဟာ သိပ်ပြီးကွာခြားမှု မရှိပါဘူး။ လေထုအလွှာတည်ရှိနေမှုရဲ့ကျေးဇူးကြောင့် သက်ရှိသတ္တ၀ါတွေ နဲ့ အပင်တွေ ရှင်သန်နေထိုင်နိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူသားတွေ တီထွင်ပြုလုပ်တဲ့ စက်ပစ္စည်းတွေက ထွက်ပေါ်လာတဲ့ ဓာတုဓာတ်ငွေ့ အမျိုးမျိုးကြောင့် ကမ္ဘာလေထုအလွှာရဲ့ အပူချိန်ကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်မှု စွမ်းရည်ကျဆင်းလာရပါတယ်။ အဲဒီအကြောင်းတရားကြောင့် ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ အပူချိန်တိုးလာပြီး ကမ္ဘာကြီးပူနွေးလာရမှု (Global Warming)ဆိုတဲ့ အကျိုးတရားဖြစ်ပေါ်လာရပါတယ်။ ကမ္ဘာ့ဝင်ရိုးစွန်းရဲ့ အပူချိန်မြင့်တက်လာပြီး ရေခဲတွေ အရည်ပျော်မှုကြောင့် ပင်လယ်ရေမျက်နှာပြင်လဲ မြင့်တက်လာရပါတယ်။



ကမ္ဘာကြီးရဲ့ စက်မှုထွန်းကားလာမှု သမိုင်း နဲ့ ကမ္ဘာ့အပူချိန်ပြောင်းလဲလာမှု ကို ပြန်ပြောင်း ကြည့်မယ်ဆိုရင် ၁၈၀၀ခုနှစ်လောက်က စတင်ပြီး စက်မှုခေတ်သို့ တစ်စတစ်စ ပြောင်းလဲ လာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး လူသားတွေရဲ့ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာတာနဲ့အမျှ စွမ်းအင်သုံးစွဲမှု (Energy Consumption) ဟာ များပြားလာပြီး စွန့်ထုတ်ပစ္စည်းဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အစရှိတဲ့ ဓာတုဓာတ်ငွေ့(Green House Gases) ထုတ်လွှင့်မှုတွေလဲ များပြားလာခဲ့ပါတယ်။
ကမ္ဘာ့အပူချိန်ဟာ ၁၉၀၀ ခုနှစ်ဝန်းကျင်လောက်ကစပြီး သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ အဲဒီတော့ စက်မှု စွန့်ထုတ်ပစ္စည်းတွေရဲ့ အကျိုးဆက်ဟာ နှစ်ပေါင်းတစ်ရာခန့်အကြာမှာ ကမ္ဘာ့လေထုကို ဖန်လုံအိမ်ကဲ့သို့ အကျိုးသက်ရောက်မှု (Greenhouse Effect) ဖြစ်လာစေတယ်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် အခုအချိန်ကစပြီး စွမ်းအင်သုံးစွဲမှု (Energy Consumption) နဲ့ အကျိုးဆက်ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှု ပမာဏကို မလျော့ချဘူးဆိုရင် နောင်နှစ်ပေါင်း တစ်ရာအကြာ ကမ္ဘာကြီးပေါ်မှာ နေထိုင်ကြမဲ့ လူသားတွေရဲ့ အနာဂတ်အရေးကို မစဉ်းစားရာရောက်ပါတယ်။

ဒီတော့ ကမ္ဘာကြီးပူနွေးလာရမှုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အစရှိတဲ့ ဓာတ်ငွေ့တွေများပြားလာရတာ ဘာကြောင့်လဲ၊ ဘယ်သူတွေကြောင့်လဲ။

Tuvalu နိုင်ငံကလူတွေကြောင့်လား။ လုံးဝမဟုတ်ပါဘူး။


တကယ်တမ်းတော့ Tuvalu မှာဘာစက်ပစ္စည်းမှ မရှိပါဘူး။ စက်ပစ္စည်းမရှိတဲ့အတွက်ကြောင့် ၀ယ်ဖို့ပိုက်ဆံလဲမလိုအပ်ပါဘူး။ ပိုက်ဆံရဖို့အတွက် ရုန်းကန်ရမှု၊ ယှဉ်ပြိုင်ရမှုတွေလဲမရှိပါဘူး။ ဒါပေမယ့် သဘာဝကိုအဖော်ပြုပြီး ဘ၀ရပ်တည်မှု အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ရှင်သန်နေထိုင်ရတဲ့ဘ၀ဟာ ခက်ခဲကြမ်းတမ်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုအပြန်အလှန် ကူညီအားပေးနေထိုင်ပြီး ပစ္စည်းနဲ့ ပိုက်ဆံ အစား လူအချင်းချင်းမှာ ထားရှိသင့်တဲ့ ဆက်ဆံရေးကို တန်ဖိုးထားပြီး နေထိုင်တဲ့ဘ၀ဖြစ်ပါတယ်။ ဘာရုပ်ဝတ္တု ပစ္စည်းမှမရှိပေမဲ့ ပျော်ရွှင်စွာနေထိုင်နေကြတဲ့ Tuvalu နိုင်ငံသားတွေဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Sunday, April 19, 2009

Tuvalu (သို့မဟုတ်) ပင်လယ်ထဲတွင်နစ်မြုပ်စပြုနေပြီဖြစ်သော နိုင်ငံငယ်လေး ၁။

(နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ကြိမ် ပြုလုပ်တဲ့ WFWP ရဲ့ နွေဦးနှစ်ပတ်လည် အခမ်းအနားတွေကို တက်ရောက်ခဲ့တာ ဒီနှစ်ဆိုရင် ၃ နှစ်မြောက်ရှိပါပြီ။ ဒီနှစ်တော့ အဲဒီအခမ်းအနားမှာ ဂျပန်လူမျိုး ဓာတ်ပုံဆရာ Mr. Shuuichi Endou ရဲ့ မှတ်သားနာယူဖွယ်ကောင်းလှတဲ့ presentation ကို နားထောင်ခဲ့ရလို့ သူတင်ပြခဲ့တဲ့အတိုင်း နားလည်သလောက် ပြန်လည်မျှဝေချင်ပါတယ်။)

Tuvalu နိုင်ငံငယ်လေးအကြောင်းကြားဖူးပါသလား။

ဂျပန်ကနေသွားမယ်ဆိုရင် အီကွေတာကိုဖြတ်၊ တောင်ပစိဖိတ်သမုဒ္ဒရာ ကိုကျော်လွန်ပြီး သွားရင် Republic of Fiji Islands ကိုအရင် သွားရပါမယ်။ Fiji နိုင်ငံကနေ တစ်ဆင့် လေယဉ်ပျံနဲ့ ၂ နာရီခန့် သွားရပါတယ်။ အလွန်လှပတဲ့ အပြာရောင်ပင်လယ်ပြင်နဲ့ ဒီနိုင်ငံငယ်လေးဟာ ကျွန်းစုငယ်လေး ၉ကျွန်း စုပေါင်းထားပြီး ဧရိယာ စတုရန်း ၂၆ ကီလိုမီတာ အကျယ်အ၀န်းသာ ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။


၁၉၇၈ ခုနှစ်မှာ လွတ်လပ်သော Tuvalu Republic နိုင်ငံတော် ဖြစ်လာပြီး လူဦးရေစုစုပေါင်း ၁၀၀၀၀ ခန့်သာ နေထိုင်ပါတယ်။ ဘာသာစကားကတော့ Tuvalu ဘာသာနဲ့ အင်္ဂလိပ်ဘာသာ တွေကိုအသုံးပြုပါတယ်တဲ့။ Tuvalu =start Valu =8 လို့အဓိပ္ပာယ်ဖွင့်ဆိုပြီး မြို့တော်နာမည်က Funafuti ကျွန်းဖြစ်တယ်။



Tuvalu ရဲ့မြို့တော် Funafuti ရဲ့လေဆိပ်ဟာ အလွန်သေးငယ်တဲ့အတွက် စုစုပေါင်းလူဦးရေ ၄၄ယောက် ခန့်သာ သယ်ဆောင်နိုင်တဲ့ ဖော်ကာလေယဉ်ပဲ ဆင်းသက်လို့ ရပါတယ်။ ဒါပေမယ့် ကုန်ပစ္စည်းအလေးချိန်ပါထည့်တွက်မယ်ဆိုရင် စုစုပေါင်းလူဦးရေ ၃၅ယောက်ခန့်သာ တင်ဆောင်ပြီး တစ်ပတ်ကို ၂ရက်သာလျှင် လေယဉ်ပျံသန်းလေ့ရှိပါတယ်။ ဒါကြောင့် Tuvalu နိုင်ငံကို တစ်ပတ်လျှင် လူဦးရေ ၇၀ ခန့်သာ အသွားအလာ လုပ်နိုင်ပါတယ်။

Funafuti လေဆိပ်ရဲ့လေယာဉ်ပြေးလမ်း
Photo From: http://monden.daa.jp/01tuvalu/injapanwater01.html

Tuvalu နိုင်ငံရဲ့မြေပုံ
Photo from :http://www.tuvalu-overview.tv/eng/about/index.html


သူတိုရဲ့ ပုံမှန် မနက်စာကတော့ ငါး၊ အုန်းသီးနဲ့ အုန်းရည်ပဲဖြစ်တယ်။ တချို့အမျိုးသားများဟာ ကြည်လင်လှတဲ့ပင်လယ်ထဲမှာ ရေဆင်းငုပ်ပြီး မနက်စာအတွက်ငါးကို ရှာဖွေကာ ပင်လယ်ထဲမှာပဲ ငါးကိုဆေးကြောသန့်စင်ပြီး အစိမ်းလိုက် ချက်ချင်းစားတတ်ကြပါတယ်။ သူတို့နိုင်ငံရဲ့ပင်လယ်ပြင်မှာ ရှာဖွေစားသောက်ကြတဲ့ ငါးအမျိုးအစားတွေဟာ ဂျပန်လူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးလေ့ရှိတဲ့ ငါးအမျိုးအစားတွေပါပဲ။ အီကွေတာနဲ့နီးတဲ့အတွက် မနက်နေပွင့်ချိန်ဟာ ၃၀ဒီဂရီ စင်တီဂရိတ်ခန့် ရှိတာကြောင့် ပင်လယ်ထဲမှာပဲရေစိမ်ပြီး မနက်စာစားလေ့ရှိတတ်ပါတယ်။



ပင်လယ်ရေလှိုင်းသံတွေနဲ့ သစ်ရွက်တွေကြားထဲက လေတိုးသံလေးတွေဟာ Tuvalu ရဲ့သဘာဝတေးသွားသံစဉ်များပဲ ဖြစ်ပါတယ်။
Tuvalu နိုင်ငံဟာ သဘာဝတရားရဲ့ အလှအပများစွာနဲ့ ဖွဲ့စည်းထားပြီး နိုင်ငံသားတွေရဲ့ နေထိုင်စားသောက်မှု ပုံစံတွေဟာလည်း ရိုးရှင်းလှပါတယ်။ လူဦးရေအလွန်နည်းတာကြောင့် နိုင်ငံသားတွေဟာ မိသားစုတစ်ခုလို အချင်းချင်း ခင်မင်ရင်းနှီးစွာ နေထိုင်ကြပါတယ်။ Tuvalu ရဲ့လမ်းတွေပေါ်ကို လျှောက်သွားတဲ့အခါတိုင်း အိမ်တွေဆီက ရယ်မောသံများ၊ စကားပြောသံများ ကိုကြားရပြီး အမြဲပြုံးရွှင်နေတဲ့ သူတို့ရဲ့မျက်နှာများကို တွေ့နိုင်ပါတယ်။ စာသင်ကျောင်းတွေမှာ ဆိုရင်လည်း ကျောင်းသားအားလုံးဟာ မိမိရဲ့ သူငယ်ချင်း၊ ဆွေမျိုးများ ဖြစ်ကြပြီး အားလုံးရဲ့ နာမည်ကို သိကြတယ်လို့ဆိုပါတယ်။

ဂျပန်လူမျိုးအများစုဟာ အဲဒီလိုပုံစံ နေထိုင်သွားလာမှုတွေကို မေ့လျော့နေခဲ့ကြတာ နှစ်ပေါင်းကြာမြင့် နေပြီဖြစ်ပါတယ်။ ဥပမာအားဖြင့် တိုကျိုမြို့မှာ ဆိုရင် မနက်မိုးလင်းတာနဲ့ ရထားချိန်မှီဖို့ အလုအယက်ပြေးလွှားသွားလာနေကြရတဲ့ ဂျပန်လူမျိုးများကို တွေ့နိုင်ပါတယ်။ သူတို့မျက်နှာတွေပေါ်မှာ အပြုံးဆိုတာကို ရှာဖို့ခက်လှပါတယ်။

ချစ်စဖွယ်အပြုံးကိုယ်စီနဲ့ ကလေးငယ်များ


လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ကမ္ဘာကြီးပူနွေးလာရမှု အကြောင်းတရားကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရပြီး Tuvalu နိုင်ငံရဲ့ ကမ်းရိုးတန်းတစ်လျောက်မှာ ရှိတဲ့ သစ်ပင်တွေဟာ ပင်လယ်ရေတိုက်စားမှုဒဏ်ခံခဲ့ရတာကြောင့် ၁၀နှစ်အတွင်းမှာ ၂၀မီတာထိ ရေလွမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ နေရာတွေရှိပါတယ်။ ဒါ့အပြင် တစ်နှစ်မှာ အကြိမ်ပေါင်း ၁၇ကြိမ် ခန့် ရေလွှမ်းခံရပြီး ရေတင်နေတဲ့ အချိန်ကလဲ ၃နာရီခန့် ကြာမြင့် နေတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ ရေလွှမ်းမိုးမှုဒဏ်ခံရတဲ့ အကြိမ်အရေအတွက် များလာတာနဲ့အမျှ ပင်လယ်ရေမှာပါဝင်တဲ့ ဆားဓာတ်တွေဟာ မြေမျက်နှာပြင်ပေါ်မှာ တင်ကျန်နေခဲ့တဲ့အတွက် မြေအောက်ရေနဲ့ သစ်သီးသစ်ပင်များ ရှင်သန်နိုင်မှုအတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ် ပြန့်ပွား နေလျက် ရှိပါတယ်။





(ဆက်လက်ဖော်ပြပါမည်။)



CNN သတင်းဌာနကနေ Mr. Shuuichi Endou နဲ့အင်တာဗျုးနဲ့ Tuvalu နိုင်ငံအကြောင်း ထုတ်လွှင့်ခဲ့တဲ့ သတင်း ဗွီဒီယိုကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။


Posts with same label

Related Posts with Thumbnails