Sunday, April 26, 2009

Tuvalu(သို့မဟုတ်)ပင်လယ်ထဲတွင် နစ်မြုပ်စပြုနေပြီဖြစ်သော နိုင်ငံငယ်လေး ၂။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရမှုကြောင့် ကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းဟာ ပင်လယ်ရေတိုက်စားခံနေရတာကို ပုံပါအတိုင်း တွေ့မြင်နိုင်ပါတယ်။ သာမန်တွေးကြည့်မယ်ဆိုရင် ပင်လယ်ရေတွေက ကုန်းပေါ်ကို လွှမ်းမိုးဝင်ရောက်လာတယ် လို့ထင်စရာရှိပါတယ်။ တကယ်တမ်းတော့ ရေလွှမ်းခံရတာတင်မဟုတ်ပဲ ကုန်းတွင်းပိုင်းမှာလဲ ပင်လယ်ရေတွေက မြေအောက်ကနေ စိမ့်ထွက်ဝင်ရောက်လာတာကို ခံရတာဖြစ်ပါတယ်။


ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု မဖြစ်ခင် ကျွန်းတွေရဲ့ မြေအောက်ရေ တည်ရှိနေပုံအား အထက်ပါ ပုံအတိုင်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
မြေအောက်မှာရှိတဲ့ ရေချိုတွေဟာ ပင်လယ်ရေမျက်နှာပြင် နဲ့တစ်ပြေးညီ တည်ရှိနေတယ်လို့ ယူဆနိုင်ပါတယ်။ တစ်နည်းအားဖြင့် ကုန်းတွင်းပိုင်းမှာ ရရှိနိုင်တဲ့ ရေချို ပမာဏရဲ့သိပ်သည်းဆဟာ ကုန်းတွင်းပိုင်းမှာ ရှိနေတဲ့ မြေအောက်ရေငန် (ပင်လယ်ရေ) ရဲ့သိပ်သည်းဆနဲ့ ဟန်ချက်ညီစွာရှိနေနိုင်မှ ကုန်းတွင်းပိုင်းမှာ သစ်သီးသစ်ပင်တွေ ရှင်သန်နိုင်ရန်အတွက် ရေချိုရရှိမှာ ဖြစ်ပါတယ်။



မြေအောက်ပင်လယ်ရေ မြင့်တက်လာမှုကြောင့် မြေအောက်ရေချိုတွေထဲကို ရေငန်တွေကလွှမ်းမိုး ၀င်ရောက်လာပြီး ရေချိုရရှိနိုင်တဲ့ အရင်းအမြစ်တွေ စတင်ပျက်စီးစပြုလာပါတယ်။
ရေငန်ဝင်မှုကြောင့် အဓိကစားစရာ Pulaka(ပိန်းဥနှင့်ဆင်သော)အပင်များ ပျက်စီးလာပုံ



နောက်ဆုံးမှာတော့ မြေအောက်ပင်လယ်ရေမြင့်တိုက်လာမှုကြောင့် မြေအောက်ရေမျက်နှာပြင် ပါမြင့်တက်လာတဲ့ အတွက် မြေနိမ့်ပိုင်းတွေမှာ မြေမျက်နှာပြင်ပေါ်ကို ရေငန်တွေ စိမ့်ထွက်လာတဲ့အထိ ဆိုးကျိုးများ ဖြစ်ပေါ်လာပါတယ်။




(Mr. Semi Bineအိမ်အောက်ခြေအား နှစ်အလိုက် ရေတက်လာပုံအား ပြနေပုံ)


Tuvalu နိုင်ငံရဲ့တည်နေရာ (08 30’ 10’’S/ 179 12’ 33’’E) မှာ တစ်နှစ်ကို ၅.၈ မီလီမီတာနှုန်း ဖြင့်ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေလျှက်ရှိတာကို ၂၀၀၆ စက်တင်ဘာမှာ ကောက်ယူထားတှဲ့SEAFRAME data အရသိရှိနိုင်ပါတယ်။ အဲဒီနှုန်းအတိုင်းသာ ပင်လယ်ရေမျက်နှာပြင်ဟာ ဆက်လက်မြင့်တက်နေခဲ့မယ်ဆိုရင် နောင်၁၅နှစ်ကြာတဲ့အခါ ၈၇မီလီမီတာ (~0.1 m) လောက်မြင့်တက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် Tuvalu နိုင်ငံဟာ့  ပင်လယ်ရေမျက်နှာပြင်အထက် (highest elevation of 4.5m) မှာတည်ရှိနေတဲ့အတွက် နောင်၁၅နှစ်မှာ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ စိုးရိမ်စရာပါပဲ။



ဘာကြောင့် ပင်လယ်ရေမြင့်တက်လာရတာလဲ။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့်ဖြစ်ပါတယ်။ ကမ္ဘာကြီးဘာကြောင့် ပူနွေးလာရတာပါလဲ။

ကမ္ဘာနဲ့ လရဲ့ အပူချိန်ကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် လမျက်နှာပြင်ရဲ့ အပူချိန်ဟာ နေ့မှာ ၁၃၀ဒီဂရီရှိပြီး ညမှာ -၁၇၀ ဒီဂရီရှိပါတယ်။ အပူချိန်ကွာခြားချက်ဟာ ၃၀၀ ဒီဂရီခန့်ရှိပါတယ်။ ကမ္ဘာကြီးမှာတော့ လေထုအလွှာရှိပါတယ်။ အဲဒီ လေထုအလွှာဟာ အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့အတွက် ကမ္ဘာကြီးရဲ့နေ့အပူချိန်နဲ့ ညအပူချိန်ဟာ သိပ်ပြီးကွာခြားမှု မရှိပါဘူး။ လေထုအလွှာတည်ရှိနေမှုရဲ့ကျေးဇူးကြောင့် သက်ရှိသတ္တ၀ါတွေ နဲ့ အပင်တွေ ရှင်သန်နေထိုင်နိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူသားတွေ တီထွင်ပြုလုပ်တဲ့ စက်ပစ္စည်းတွေက ထွက်ပေါ်လာတဲ့ ဓာတုဓာတ်ငွေ့ အမျိုးမျိုးကြောင့် ကမ္ဘာလေထုအလွှာရဲ့ အပူချိန်ကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်မှု စွမ်းရည်ကျဆင်းလာရပါတယ်။ အဲဒီအကြောင်းတရားကြောင့် ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ အပူချိန်တိုးလာပြီး ကမ္ဘာကြီးပူနွေးလာရမှု (Global Warming)ဆိုတဲ့ အကျိုးတရားဖြစ်ပေါ်လာရပါတယ်။ ကမ္ဘာ့ဝင်ရိုးစွန်းရဲ့ အပူချိန်မြင့်တက်လာပြီး ရေခဲတွေ အရည်ပျော်မှုကြောင့် ပင်လယ်ရေမျက်နှာပြင်လဲ မြင့်တက်လာရပါတယ်။



ကမ္ဘာကြီးရဲ့ စက်မှုထွန်းကားလာမှု သမိုင်း နဲ့ ကမ္ဘာ့အပူချိန်ပြောင်းလဲလာမှု ကို ပြန်ပြောင်း ကြည့်မယ်ဆိုရင် ၁၈၀၀ခုနှစ်လောက်က စတင်ပြီး စက်မှုခေတ်သို့ တစ်စတစ်စ ပြောင်းလဲ လာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး လူသားတွေရဲ့ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာတာနဲ့အမျှ စွမ်းအင်သုံးစွဲမှု (Energy Consumption) ဟာ များပြားလာပြီး စွန့်ထုတ်ပစ္စည်းဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အစရှိတဲ့ ဓာတုဓာတ်ငွေ့(Green House Gases) ထုတ်လွှင့်မှုတွေလဲ များပြားလာခဲ့ပါတယ်။
ကမ္ဘာ့အပူချိန်ဟာ ၁၉၀၀ ခုနှစ်ဝန်းကျင်လောက်ကစပြီး သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ အဲဒီတော့ စက်မှု စွန့်ထုတ်ပစ္စည်းတွေရဲ့ အကျိုးဆက်ဟာ နှစ်ပေါင်းတစ်ရာခန့်အကြာမှာ ကမ္ဘာ့လေထုကို ဖန်လုံအိမ်ကဲ့သို့ အကျိုးသက်ရောက်မှု (Greenhouse Effect) ဖြစ်လာစေတယ်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် အခုအချိန်ကစပြီး စွမ်းအင်သုံးစွဲမှု (Energy Consumption) နဲ့ အကျိုးဆက်ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှု ပမာဏကို မလျော့ချဘူးဆိုရင် နောင်နှစ်ပေါင်း တစ်ရာအကြာ ကမ္ဘာကြီးပေါ်မှာ နေထိုင်ကြမဲ့ လူသားတွေရဲ့ အနာဂတ်အရေးကို မစဉ်းစားရာရောက်ပါတယ်။

ဒီတော့ ကမ္ဘာကြီးပူနွေးလာရမှုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အစရှိတဲ့ ဓာတ်ငွေ့တွေများပြားလာရတာ ဘာကြောင့်လဲ၊ ဘယ်သူတွေကြောင့်လဲ။

Tuvalu နိုင်ငံကလူတွေကြောင့်လား။ လုံးဝမဟုတ်ပါဘူး။


တကယ်တမ်းတော့ Tuvalu မှာဘာစက်ပစ္စည်းမှ မရှိပါဘူး။ စက်ပစ္စည်းမရှိတဲ့အတွက်ကြောင့် ၀ယ်ဖို့ပိုက်ဆံလဲမလိုအပ်ပါဘူး။ ပိုက်ဆံရဖို့အတွက် ရုန်းကန်ရမှု၊ ယှဉ်ပြိုင်ရမှုတွေလဲမရှိပါဘူး။ ဒါပေမယ့် သဘာဝကိုအဖော်ပြုပြီး ဘ၀ရပ်တည်မှု အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ရှင်သန်နေထိုင်ရတဲ့ဘ၀ဟာ ခက်ခဲကြမ်းတမ်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုအပြန်အလှန် ကူညီအားပေးနေထိုင်ပြီး ပစ္စည်းနဲ့ ပိုက်ဆံ အစား လူအချင်းချင်းမှာ ထားရှိသင့်တဲ့ ဆက်ဆံရေးကို တန်ဖိုးထားပြီး နေထိုင်တဲ့ဘ၀ဖြစ်ပါတယ်။ ဘာရုပ်ဝတ္တု ပစ္စည်းမှမရှိပေမဲ့ ပျော်ရွှင်စွာနေထိုင်နေကြတဲ့ Tuvalu နိုင်ငံသားတွေဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Posts with same label

Related Posts with Thumbnails