ဘာသာပြန်တယ် ဆိုတာ မိမိရဲ့ မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာတစ်ခုကို မိမိရဲ့မိခင်ဘာသာနဲ့ အများသူငါ နားလည်အောင် ပြန်ဆိုခြင်း အလုပ်ဆိုတာ လူတိုင်း သိပြီးသားဖြစ်ပါတယ်။ ဥပမာ.. အင်္ဂလိပ်ဘာသာ ကနေ မြန်မာဘာသာသို့ အကြောင်းအရာတစ်ခုကို ပြန်ဆိုပြီဆိုပါစို့။ ဘာသာပြန်သူဟာ အင်္ဂလိပ်ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ပဲ ကျွမ်းကျင်မှုရှိပါစေ။ အဲဒီဘာသာပြန်ချင်တဲ့ ဘာသာရပ် သို့မဟုတ် အကြောင်းအရာ တစ်ခုကို နားလည်ခံစားနိုင်မှု မရှိရင် မြန်မာဘာသာသို့ ဘာသာပြန်ဆိုရာမှာ စာဖတ်သူနားလည်နိုင်အောင် ပြန်ဆိုခြင်း ရှိနိုင်မှာ မဟုတ်ပါဘူး။
ဥပမာ ထပ်ပေးရမယ်ဆိုရင် ရူပဗေဒဘာသာရပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုကို ရူပဗေဒဘာသာရဲ့ သီအိုရီတွေ၊ concepts တွေကို နားမလည်ပဲ ဘာသာပြန်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ နားလည်ခံစားနိုင်မှု မရှိပဲ ၀တ္တုတစ်ပုဒ်ကို ဘာသာပြန်တယ်ဆိုရင်လဲ ဖတ်လို့ ကောင်းတဲ့ ဘာသာပြန်ဝတ္တုတစ်ပုဒ် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
အဲဒီလိုပဲ တစ်ဖက်က ပြန်ပြောရမယ်ဆိုရင် အင်္ဂလိပ်ဘာသာရပ်ကို အလွန်ကျွမ်းကျင်သူစာဖတ်သူတစ်ဦး ဟာအင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ မိမိအနေနဲ့ မကျွမ်းဝင် မရင်းနှီးတဲ့ ဘာသာရပ်တစ်ခုကို ဖတ်ပြီး အပြည့်အ၀ နားလည်မှု ရနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတဲ့ မိမိနဲ့ မလေ့လာဖူးတဲ့ အကြောင်းအရာတွေ များစွာ ပါဝင်နေပြီး နားလည်မှု လွဲမှားတဲ့ အဖြစ်မျိုးတောင် ရောက်နိုင်မှာ ဖြစ်ပါတယ်။
့
ဒါကြောင့် ကျွန်တော် တစ်ခုစဉ်းစားမိတယ်။ ဂျပန်က ကျောင်းသားတွေဟာ ဘာသာရပ်တစ်ခုကို လေ့လာရာမှာ ကျွန်တော်တို့တွေထက် နားလည်မှု ပိုမိုမြင့်မားကြတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ Text books စာအုပ် တွေ၊ ဂျာနယ်တွေ ဟာ သူတို့ ဂျပန်ဘာသာနဲ့ အကုန်ထုတ်ဝေထားတာ ရှိတယ်။ ဂျပန်ကျောင်းသားအများစုဟာ အင်္ဂလိပ်စာ ညံ့တယ်လို့ ပြောလို့ ရပေမဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး နာလည်မှုစွမ်းရည် မြင့်မားကြတယ်။
အခြားဘာသာတစ်ခုကို ဘယ်လောက် ကျွမ်းကျင်နေပါစေ။ မိမိရဲ့ မိခင်ဘာသာနဲ့ ရေးထားတဲ့ စာလောက် နားလည် ခံစားနိုင်မှု မရှိဘူးလို့ ထင်ပါတယ်။
ဘလော့မှာ ၀ါသနာအရ စာမရေးတတ် ရေးတတ်နဲ့ စာရေးနေတယ် ဆိုပေမဲ့ စာဖတ်သူ ဆိုတာလဲ အမျိုးမျိုး ရှိတာကြောင့် မိမိနားလည် ခံစားလိုက်တဲ့ အကြောင်းအရာ တစ်ခု ကို စေတနာနဲ့ မျှဝေပေးခြင်း သာဖြစ်ပါတယ်။
စာရေးသူတစ်ယောက်မှာ စာဖတ်သူအတွက် စေတနာ ထားဖို့ အရေးကြီးတယ်ဆိုတယ် စာရေးသူ နဲ့ စာဖတ်သူ အားလုံး နားလည်ပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။
လာရောက်ဖတ်ရှုသူအားလုံးအား အထူးလေးစား ကျေးဇူးတင်လျှက်ပါ။
Showing posts with label ပြောပြချင်တာလေးများ. Show all posts
Showing posts with label ပြောပြချင်တာလေးများ. Show all posts
Friday, December 11, 2009
Sunday, June 14, 2009
ဂျပန်စီးပွားရေးနှင့် ထောက်ပံ့ကြေး
သူငယ်ချင်းရေ
မင်းကိုတစ်ခုပြောပြချင်နေတာ ရှိတယ်။
မင်းလဲကြားမိမှာပေါ့။ အယင်နှစ်တုံးက ကမ္ဘာ့စီးပွားရေး ကျတဲ့အတွက် ကမ္ဘာ့ထိပ်တန်း စီးပွားရေး နိုင်ငံ တစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးလဲ ထိုးကျသွားပြီး ဂျပန်ငွေဈေးဟာ နှစ်ပေါင်းများစွာထဲမှာ အနိမ့်ဆုံးအခြေအနေကို ထိုးကျသွားခဲ့တယ်လေ။ ဂျပန်နိုင်ငံက ကုမ္ပဏီကြီးတွေ အများစုဟာ ဒီဒဏ်ကိုခံခဲ့ကြရတာပေါ့။
အခုပြောပြချင်တာက ဂျပန်အစိုးရက ဂျပန်နိုင်ငံမှ နေထိုင်တဲ့ သူတွေအားလုံး (နိုင်ငံခြားသားတွေအပါအ၀င်) ကိုထောက်ပံကြေးပေးတဲ့အကြောင်းလေ။ တို့ ဂျပန်ရောက်နေတဲ့ အချိန် ကံထူးတယ်လို့ပဲ ဆိုရမလားပဲနော်။ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ဂျပန်ရောက်တဲ့သူတွေကလွဲလို့ ဂျပန်နိုင်ငံမှာ တရားဝင် နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေအကုန်လုံး ဒီထောက်ပံ့ကြေးကို ခံစားခွင့် ရရှိကြတယ်လေ။
လူတိုင်း တစ်ယောက်ကို ယန်း၁၂၀၀၀ စီရကြတယ်။ အသက်၁၈နှစ်အောက် နဲ့ အသက်၆၀ ကျော်တဲ့သူတွေ ကတော့ တစ်ယောက်ကို ယန်း ၂၀၀၀၀ စီတောင်ရကြတာ။
ဒီလို ထုတ်ပေးဖို့အတွက် မြို့နယ်ရုံးတွေကတစ်ဆင့် ခံစားခွင့်ရရှိတဲ့သူတိုင်းဆီကို စာပို့တယ်လေ။ သူတို့ ပို့တဲ့ စာရွက်မှာ ကိုယ့်ရဲ့ အမည်၊ နေရပ်လိပ်စာ၊ ဘဏ်နာမည်နဲ့ ဘဏ်စာရင်းနံပါတ်တို့ကို ဖြည့်စွက်ပြီး အသင့်ပါလာတဲ့ စာအိတ်လေးထဲမှာ ထည့်ပြီး ပြန်ပို့ပေးရတယ်။ တို့လို နိုင်ငံခြားသားတွေကတော့ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြား ကော်ပီနဲ့ ဘဏ်စာအုပ်ရဲ့ ပထမစာမျက်နှာ ကော်ပီ ကိုပါအတူတွဲပြီး ထည့်ပို့ရတယ်။ ကိုယ်မပို့ရင်တော့ ပိုက်ဆံမရနိုင်ဘူးပေါ့နော်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလနောက်ဆုံးထားပြီး ပို့ပေးရမယ်တဲ့။ တို့ကတော့ ရောက်တာနဲ့ အချိန်ဆွဲမနေပါဘူး။ မြန်မြန်ဖြည့်ပြီး မြန်မြန်ပို့လိုက်တော့ ပိုက်ဆံမြန်မြန်ရတာပေါ့နော် :D
စီးပွားရေးကျတဲ့ ပြဿနာကြောင့် လူတိုင်းမထိခိုက်ဘူးလို့ မဆိုနိုင်ပါဘူး။ အဲဒီပြဿနာကြောင့် ကုမ္ပဏီတွေရဲ့ အလုပ်သမားဦးရေ လျှော့ချမှုပြဿနာတွေလဲရှိသလို ဒီပြဿနာရဲ့ အကျိုးသက်ရောက်မှုကို အနည်းနဲ့ အများ၊ အနှေးနဲ့ အမြန် ဆိုသလို ခံစားကြရတဲ့ သူတွေချည်းပါပဲ။ ဒါပေမယ့် လူချမ်းသာတွေပေါများပြီး၊ လူတန်းစား ကွာဟမှု သိပ်မကြီးလှတဲ့ ဒီနိုင်ငံမှာ ဒီလိုမျိုး ထောက်ပံ့ကြေးဆိုတာ ထုတ်ပေးမယ်လို့ သိရတော့ တို့အနေနဲ့ အံသြမိတာအမှန်ပါပဲ။
ဒီတော့ ဂျပန်အစိုးရက ဘာကြောင့် ပြည်သူအားလုံးကို တစ်ပြေးညီ ပိုက်ဆံထုတ်ပေးတာလို့ ထင်သလဲဟင်။
သိပ်တော့ မတွေးတတ်ဘူး။ တို့ အမြင်ပြောရရင်တော့ ပြည်သူတွေဟာ ပိုက်ဆံအပိုရရှိတဲ့ အတွက် ဒီပိုက်ဆံကို အသုံးပြုပြီး ပစ္စည်းတွေဝယ်ကြမယ်။ အဲဒီလိုဝယ်ကြမယ်ဆိုရင် ရောင်းဝယ်မှုတွေ ပြန်လည် တိုးတက်လာတာနဲ့ အမျှ စီးပွားရေးလဲ ပြန်လည် ဦးမော့လာနိုင်မယ် လို့ထင်တယ်။
နောက်တစ်ချက် မိသားစုတစ်စုအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဥပမာ- ကလေး၂ ယောက်ရှိတဲ့ မိသားစု ဖြစ်ရင် စုစုပေါင်း ယန်း၆၄၀၀၀ ရမယ်လေ။ မိသားစုတစ်စု အနေနဲ့ဆိုရင် အဲဒီထောက်ပံ့ကြေးဟာ အိမ်ထောင်ဦးစီးရဲ့ ဘဏ်စာအုပ်ထဲကို ၀င်မှာဖြစ်တဲ့အတွက် အိမ်အတွက် အသုံးလိုမဲ့ ပစ္စည်းတစ်ခုကို ၀ယ်ဖို့ စဉ်းစားနိုင်တဲ့ ငွေကြေးပမာဏတစ်ခုဖြစ်တယ်လေ။
တီဗွီအစီအစဉ်တစ်ခုမှာ ဒီလိုအစိုးရထောက်ပံ့ကြေးရရှိတဲ့ အတွက် ဘယ်လိုခံစားရပါသလဲဆိုတဲ့ ဂျပန်ပြည်သူ အချို့ကို အင်တာဗျုးတဲ့အစီအစဉ် အမှတ်မထင် ကြည့်မိလိုက်သေးတယ်။ ကလေးတွေကပျော်ကြတယ်။ လူကြီးပိုင်းတွေက ကျေနပ်ကြတယ်။ တစ်ချို့လူငယ်နဲ့ လူလတ်ပိုင်းတွေက ဘာမှသိပ်မထူးပါဘူးဆိုတဲ့ အဖြေမျိုးဖြေကြတဲ့ သူတွေလဲရှိတယ်။ တစ်ချို့ကလဲ ၀ယ်ချင်တာဝယ်ရလို့ ပျော်ကြတယ်တဲ့။
ဘယ်သူမဆို ပိုက်ဆံရရင်တော့ ပျော်ကြမဲ့ သူချည်းပါပဲ။ “ဒါဟာမင်းခံစားခွင့်ရှိတဲ့ပိုက်ဆံပဲ၊ ယူပါ ”လို့ဆိုရင် ငြင်းဆိုမဲ့သူ မရှိသလောက်ရှားမယ်လို့ထင်ပါတယ်။
ဂျပန်အစိုးရက ဘာကြောင့် ပြည်သူအားလုံးကို တစ်ပြေးညီ ပိုက်ဆံထုတ်ပေးတယ် ဆိုတာကို သူငယ်ချင်းရဲ့ ထင်မြင်ချက်လေးရှိရင်လဲ ပြောပြပေးပါလား။ အခု မင်းရောက်နေတဲ့ နိုင်ငံမှာရော ဒီလိုမျိုး စီးပွားရေးကျဆင်းချိန်မှာ အစိုးရက ထောက်ပံ့ကြေးပေးဖူးတယ်လို့ ကြားဖူးလား။
ိ
စီးပွားရေးကြပ်တည်းနေတဲ့လူတွေ ဒီလိုအခွင့်အရေးမျိုး၊ အတွေ့အကြုံမျိုးလေး ခံစားဖူးရင် ဘယ်လောက် ကောင်းမလဲ လို့လဲ တွေးမိနေသေးတယ်။
ခင်မင်စွာနဲ့.....
(fig. from wikimedia.org)

Sunday, November 16, 2008
Made in Myanmar (ミャンマー製)
ိုဂျပန်နိုင်ငံမှာ Made in Myanmar (ミャンマー製) လူ့အသုံးအဆောင် ပစ္စည်းလေးတွေကို တွေ့ဖူးကြမှာပါ။
ကျွန်မအနေနဲ့တော့ အဲဒီစာတန်းလေးကို ပထမဆုံးအကြိမ် တွေ့ရတဲ့ အချိန်တုံးက တကယ့် ကို အံသြ၀မ်းသာခဲ့ရပါတယ်။
စာဖတ်သူတို့လဲ Made in Myanmar (ミャンマー製) လို့ ရေးထားတဲ့ ဘယ်လိုမျိုးပစ္စည်းလေးတွေကို တွေ့ဖူးကြပါသလဲရှင်။
ကျွန်မက ဂျပန်ရောက်နေမှတော့ Made in Japan (日本製) သုံးချင်တာပေါ့ ဆိုပြီး Made in Japan ပစ္စည်းလေးတွေကို ရှာပြီး ၀ယ်ပါတယ်။ ပစ္စည်းတစ်ခု ၀ယ်တော့မယ်ဆိုရင် ဘာမိတ်(made)လဲဆိုပြီး ကြည့်ရတာ အမောပါ။
အဟဲ ...သိကြတဲ့ အတိုင်း Made in Japan ပစ္စည်းတွေက ဈေးကြီးတာများတဲ့ အတွက် ဈေးလျော့တဲ့ (Sale) အချိန်မှသာ ၀ယ်နိုင်ပါတယ်။ ဒါတောင် လျော့ထားတဲ့ တန်ဖိုးက ကိုယ်တတ်နိုင်တာထက် များနေလို့ မ၀ယ်ဖြစ်တာများပါတယ်။
ပထမဆုံးတွေ့ဖူးခဲ့တာကတော့ အမျိုးသားစီး ရှူးဖိနပ်တစ်ရံပါ။ ပုံစံကလဲလှပြီး တော်တော်သေသေသပ်သပ် ရှိပါတယ်။ အမျိုးအစားကလဲကောင်း၊ ဈေးကလည်း ယန်းတစ်သောင်းကျော်ဆိုတော့ Made in Japan (日本製) ဖြစ်မှာပဲလို့ အပိုင်တွက်ပြီး ကြည့်လိုက်တော့ Made in Myanmar ဆိုတဲ့ စာတန်းလေးကို တွေ့လိုက်ရပါတယ်။ အဲဒီတုံးက ကင်မရာပါမသွားလို့ မှတ်တမ်းမတင်ခဲ့လိုက်နိုင်ဘူး။
ဒီလိုနဲ့ Sale အချိန်မှာ shopping ထွက်တဲ့တစ်နေ့ မိန်မစီးဖိနပ်ကလေးတစ်ရံကို တွေ့မိပါတယ်။ ဖိနပ်ပုံစံကလဲ ကျွန်မကြိုက်တဲ့ ပုံစံ ဖြစ်နေတော့ ထုံးစံအတိုင်း ဘာမိတ်လဲ လို့ ကြည့်လိုက်တော့ Made in Myanmar ပါတဲ့။ နဂိုမူရင်းဈေး ယန်း ၈၀၀၀ ကျော်ကို ယန်း ၃၀၀၀ကျော်နဲ့ ဈေးချရောင်းနေတာပါ။ အပေါ်ကပုံလေးပေါ့။
ကျွန်မက ကိုယ်နှစ်သက်တဲ့ ပစ္စည်းတစ်ခုတွေ့ရင် ၀ယ်ဝယ်မ၀ယ်ဝယ် ဘာမိတ်လဲလို့ ကြည့်တာ အကျင့်ပါနေပါပြီလေ။
နောက်ထပ်တစ်ခုက ဖလန်ထည်အသား ရှပ်အင်္ကျီလေးပါ။ ဂျပန်လို ミャンマー製 (အဓိပ္ပာယ်က Made in Myanmar) လို့ရေးထားပြီး တံဆိပ်က Mario Valentino ဖြစ်ပါတယ်။ ဖလန်ထည် အသားလေးကလဲ တော်တော်ကောင်းပြီး ချုပ်ထားတာလဲ အတော်သပ်ရပ်ပါတယ်။ ဈေနှုန်းက ယန်း ၂၉၉၀ ပါ။
မြန်မာငွေတန်ဖိုးနဲ့ တွက်လိုက်ရင် ဂျပန်မှာ ရောင်းနေတဲ့ Made in Myanmar ပစ္စည်းလေးတွေဟာ တန်ဖိုးမနည်းလှပါဘူး။ ဒီပစ္စည်းလေးတွေကို ဘယ်လိုနည်း မြန်မာပြည်မှာ ထုတ်လုပ်ပြီး၊ ဂျပန်မှာ တင်သွင်းရောင်းချ နေတယ်ဆိုတာ မသိရပေမဲ့ ကျွန်မတို့ နိုင်ငံထုတ် Made in Myanmar ပစ္စည်းလေးတွေကို အရည်အသွေးကောင်းကောင်း နဲ့ တန်ဖိုးမြင့်မြင့် တွေ့မြင်လိုက်ရတဲ့အတွက် ၀မ်းသာ ဂုဏ်ယူပါကြောင်း ဖောက်သည်ချလိုက်ပါရစေ။
Wednesday, September 24, 2008
Learning in Life
ကျွန်မရဲ့မှတ်စုတို(၁)
ဘ၀မှာ သင်ယူလေ့လာခြင်း
ဒီတစ်ခေါက် မှတ်သားမိခဲ့တာလေးတွေကို ပြောပြချင်ပါတယ်။
ဘာသာရပ်တစ်ခုမှာ အလွန်ထူးချွန်ထက်မြက်ပြီး အတွေ့အကြုံရင့်ကျက်လှတဲ့ Professor ကြီးတစ်ယောက်ဟာ ပင်စင်ယူခါနီး သူ့ရဲ့နောက်ဆုံး Lecture မှာ အခုလို ပြောပြသွားခဲ့ပါတယ်။
၁။ ပညာရပ်တစ်ခုကို ပြီးပြည့်စုံအောင် သင်ယူတယ်ဆိုတာ အဆင့် ၄ ဆင့် ရှိပါတယ်တဲ့။ အဲဒါတွေကတော့

- သင်ယူလေ့လာလိုက်တဲ့ပညာရပ်ကို မိမိရဲ့ကိုယ်ပိုင်ပစ္စည်းအဖြစ်နဲ့သိမ်းထားပါ။
- အဲဒီသင်ယူထားတဲ့ပညာကို ဘ၀ရပ်တည်ဖို့အတွက် အသုံးချပါ။
- ပြီးတော့ အသက်ရှင်နေထိုင်ပါ။
- အပေါ်ကအချက်တွေနဲ့ ပြည့်စုံပြီဆိုရင်တော့ ပျော်ပျော်ကြီးသာ နေပါတော့တဲ့
၂။ မိတ်ဆွေဟာ ဘာသာရပ်တစ်ခုကို လေ့လာတဲ့အခါမှာ မိမိကိုယ်မိမိ အဲဒီဘာသာရပ်နဲ့ပတ်သက်ပြီး အလုံးစုံနားလည်ပြီလို့ ယူဆပြီဆိုရင်တော့ မိတ်ဆွေဟာ ဘွဲ့လက်မှတ်တစ်ခုခု ရဖို့သေချာနေပါပြီ။
ဒါပေမယ့် မိတ်ဆွေဟာ ဆက်လက်ပြီး လေ့လာသင်ယူဖို့ အခြေနေတစ်ခုခု ကြံကြိုက်လာတဲ့အခါမှာ အလုံးစုံ နားလည်ပြီလို့ ယူဆထားတဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘာမှမသိသေးဘူးလို့ ခံစားလာရလိမ့်မယ်။ အဲဒီလိုမျိုး "ငါဘာမှမသိသေးပါလား" လို့ ခံစားမိပြီဆိုတဲ့ အချိန်မှာ မိတ်ဆွေဟာ ဘွဲ့လွန်သင်တန်း (Master course) တက်ဖို့ အံဝင်ခွင်ကျ ဖြစ်နေပါလိမ့်မယ်။
ဒါ့အပြင် မိတ်ဆွေဟာ ဒီထက်ပိုပြီး ဘာသာရပ်ကို လေ့လာဖို့အခွင့်အရေးရပြီ ဆိုပါတော့။ အဲဒီအခြေအနေမှာ မိတ်ဆွေဟာ “တစ်ခြားလူတွေလဲ ငါ့လိုပဲဘာမှ မသိသေးပါလား” ဆိုတာကို တဖြည်းဖြည်း နားလည်ခံစား မိပြီဆိုပါစို့။ အဲဒီလို ခံစားမိပြီ ဆိုရင်တော့ မိတ်ဆွေဟာ ဘွဲ့လွန်ဒေါက်တာသင်တန်း (Ph.D) ဆက်တက်ဖို့ အဆင်သင့် ဖြစ်နေပါပြီတဲ့။
၃။ သုတေသန ပညာရှင်ကောင်းတစ်ယောက်မှာ အောက်ပါအရည်အချင်းများ ရှိသင့်ပါတယ်တဲ့။
အထူးသဖြင့် ဘွဲ့လွန်ပညာရပ်တွေ (Ph.D,Master စသဖြင့်) ဆည်းပူးလေ့လာနေသူများ၊ သုတေသန ပြုလုပ်နေသူများ (Researcher, Research student) အတွက် သိသင့်သိထိုက်တဲ့ အချက်များပါပဲ။
အဲဒါတွေကတော့
- Originality,Irreplaceable, Professional
- Creative
- Productive
- Pedagogical (Educational)
တစ်နည်းအားဖြင့် မိမိဆောင်ရွက်လိုက်တဲ့ သုတေသနဟာ ပညာရပ်မှာ မဖြရှင်းနိုင်သေးတဲ့ ပဟေဠိတွေကို ဖြေရှင်းနိုင်ရမယ်။
၎။ သုတေသနလုပ်ငန်းဆိုတာ ကမ္ဘာလောကကြီးနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကာ ဆောင်ရွက်နေကြတာ ဖြစ်ပေမယ့် မိမိရဲ့လုပ်ဆောင်ချက်ကို လူအများက သဘောတူလက်ခံဖို့ လိုအပ်ပါတယ်။
လူ့လောကမှာ ဘယ်လိုအလုပ်ပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်တည်းထက် အသင်းအဖွဲ့ဖြင့် စုပေါင်း လုပ်ဆောင်ခြင်းဟာ လူအချင်းချင်း ရင်းနှီးချစ်ခင်မှု၊ စည်းလုံးမှုများ ကိုဖွံ့ဖြိုးတိုးတက်စေပြီး အောင်မြင်မှု ကိုပိုမိုရရှိစေနိုင်ပါတယ်။ TEAM ဆိုတဲ့ စာလုံးကို အစုအဖွဲ့ဆိုပြီး နားလည်ကြပါတယ်။ ဒီစာလုံးလေးမှာ ဘယ်လိုမျိုး လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတယ်ဆိုတာကို ကြည့်ကြရအောင်။
- T =Together အတူတကွ ပူးပေါင်းလုပ်ဆောင်မှု
- E = Esteem တစ်ဦးရဲ့ အလုပ်ကို တစ်ဦးက အပြန်အလှန် လေးစားမှု
- A = Ambition ရည်မှန်းချက် တစ်ခုတည်းကို ဦးတည်ပြီး လုပ်ဆောင်နေမှု
- M = Mental Toughness စိတ်ဓာတ်ကြံခိုင်မှု ဆိုတာတွေပါပဲ။
(Professor Dr. Noboru Takigawa, Tohoku University အား လေးစားလျှက် )
Subscribe to:
Posts (Atom)