Thursday, September 25, 2008

Jazz Festival

မောင်လေး NY အပျင်းပြေဖတ်ဖို့-
ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မမနေတဲ့ Sendai မြို့မှာ ကျင်းပခဲ့တဲ့ Jazz Festival ကိုသွားခဲ့တဲ့အကြောင်း ပြောပြချင်တယ်။ အယင်နှစ်တွေက ဒီပွဲတော်ရှိတယ် ဆိုတာကြားမိပေမယ့် မသွားဖြစ်ခဲ့ပဲ ဒီနှစ်မှပဲ ပထမဆုံးအကြိမ် သွားဖြစ်တော့တယ်။ အဲဒီပွဲတော်ကို Kotodai ပန်းခြံ နဲ့ အဲဒီပန်းခြံ နားက Johzenji ဆိုတဲ့ လမ်းမကြီး တစ်လျောက်မှာ ကျင်းပတယ်။ အဲဒီပန်းခြံနဲ့ Johzenji လမ်းမကြီးကတော့ Sendai မြို့ မှာ ပွဲတော်တွေ အမျိုးမျိုး ကျင်းပတဲ့နေရာပေါ့။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလရဲ့ ဒုတိယအပတ် စနေနဲ့တနင်္ဂနွေနေ့ မှာ မနက် ၁၁နာရီလောက်ကစပြီး ည ၉နာရီလောက်ထိ ကျင်းပကြတယ်။ ဒီပွဲတော်ကို အနယ်နယ် အရပ်ရပ်က တီးဝိုင်း အဖွဲ့တွေ အများကြီး လာပြီးတီးမှုတ်ကြတယ်။ စုစုပေါင်း တီးဝိုင်းအဖွဲ့ ၇၀၀ကျော် လောက် ရှိတယ်။ Jozenji လမ်းမကြီးက ဘေးတစ်ဘက်တစ်ချက်မှာ သစ်ပင်ကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ လမ်းလယ်ခေါင်မှာလဲ အတော်ကျယ်တဲ့ လမ်းလယ်ကျွန်းရှိပြီး အဲဒီကျွန်းရဲ့ တစ်ဘက်တစ်ချက်မှာလဲ သစ်ပင်ကြီးတွေက စီတန်းနေတယ်။ သစ်ပင်တွေရဲ့အလယ် ကျွန်းပေါ်မှာ လူတော်တော်များများ လမ်းလျှောက်လို့ရတဲ့ လမ်းလေးရှိပြီး ထိုင်ခုံလေးတွေ လဲရှိတယ်။
Johzenji လမ်းမကြီးဘက်ကို ၀င်လိုက်တာနဲ့ တီးလုံးသံတွေ ကိုကြားရပြီး လမ်းလယ်ခေါင် ကျွန်းလေးပေါ်မှာ အဖြူရောင် အမိုးလေးတွေရဲ့ အောက်မှာ တီးမှုတ် နေကြတဲ့ တီးဝိုင်း အဖွဲ့လေးတွေ အများကြီးကို တွေ့ရတယ်။ လမ်းမကြီးရဲ့ ပလက်ဖောင်းဘေး မှာလဲ တီးခတ်၊ သီဆို ဖျော်ဖြေ နေကြတဲ့ တီးဝိုင်းတွေ လဲရှိတယ်။ လူတွေက သူတို့နှစ်သက်တဲ့ တီးဝိုင်းအဖွဲ့တွေ ရှေ့မှာ ယဉ်ကျေးစွာနဲ့ရပ်ပြီး လက်ခုပ် တဖြောင်းဖြောင်း တီးပြီး အားပေးကြတယ်။ တစ်ချို့ ကောင်မလေး ငယ်ငယ်လေးတွေဆို စီးချက်နဲ့အညီ လိုက်ပြီး ခန္တာကိုယ်လေး တွေက ယိမ်းခါနေကြတယ်။ မမတို့လဲ တီးဝိုင်း တစ်ခုပြီး တစ်ခုပြောင်းပြီး နားထောင်ကြတယ်။ တချို့ တီးဝိုင်းတွေဆို လူတွေများလွန်းပြီး တိုးမပေါက်တော့လို့ ပြန်လှည့်ခဲ့ရတယ်။ မမက ဆူဆူညံညံ တီးလုံးတွေကို မနှစ်သက် တတ်ခဲ့ပေမယ့် ဒီမှာတော့ လာနားထောင်တဲ့ ပရိတ်သတ်ဟာ အောဟစ် ဆူညံခြင်းမရှိပဲ တိတ်ဆိတ်စွာနဲ့ ဂီတသံစဉ်တွေကို ခံစားမှုအပြည့်နဲ့ အားပေး နေကြတာကို တွေ့ရတယ်။ သူတို့နဲ့အတူတူ ၀င်ရောက် နားထောင် ခံစားရင်း ဂီတသံစဉ် အမျိုးမျိုးကို နားထောင်ပြီး ပျော်ရွှင်နေခဲ့တယ်။ တစ်နေရာစီမှာ တီးဝိုင်းအဖွဲ့တွေက အလှည့်ကျ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပြောင်းပြီး ဖျော်ဖြေကြတယ်။

ဒီလိုနဲ့ လမ်းမကြီးတစ်လျောက် လှည့်ပတ်နားထောင်ရင်း ဗိုက်ဆာလာတာနဲ့ မုန့်ဆိုင်တွေရှိတဲ့ Kotodai ပန်းခြံ ဘက်ကို ထွက်ခဲ့တယ်။

Kotodai ပန်းခြံ ထဲမှာတော့ တီးဝိုင်းအဖွဲ့ကြီးတွေက စင်မြင့် ကြီးပေါ်မှာ တီးခတ်ဖျော်ဖြေနေတာ တွေ့ရတယ်။
ဒီဘက်မှာလဲမုန့်ဆိုင်တန်းတွေ၊ အဖျော်ရမကာဆိုင်တန်းတွေနဲ့ လူတွေတိုးမပေါက်အောင် စီကားနေတယ်။ ဘာစားရမလဲ လိုက်ရှာရင်း မုန့်ဆိုင်တန်း တစ်ခှုရှေ့မှာ လူတန်းရှည်ကြီး တန်းစီနေတာတွေ့လို့ ဘာဆိုင်လဲလို့ကြည့်လိုက်တော့ Sendai မြို့ရဲ့ နာမည်ကြီး စားစရာ တစ်မျိုးဖြစ်တဲ့ ဂရူတန်း(နွားလျှာ) ယာခိ(အကင်) ဆိုင်ဖြစ်နေပါပေါ့လား။

ယာခိနိခု(အသားကင်)ဆိုင်တွေလဲ အများကြီးပဲ။ ဂျပန်ရိုးရာ မုန့်ဆိုင် တွေလဲ အများကြီးပဲ။ မမတို့ဆီက မုန့်လင်မယား (မုန့်အုပ်ကလေး) နဲ့ပုံစံတူတဲ့ မုန့်လဲရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့မုန့်က မုန်နှစ်ကို မုန့်လုပ်တဲ့ ခွက်ကလေးတွေထဲ လောင်းထည့်ပြီး တကောလို့ခေါ်တဲ့ ရေဘ၀ဲ အသားတွေကို သေးသေးလေး တုံးပြီးထည့်တယ်။




ဒီလိုနဲ့ ဘာစားရမလဲ ရှာရင်း မုန့်နှစ်ထဲမှာ ပုစွန်ခြောက် အသေးလေးတွေ၊ ငါးနဲ့လုပ်ထားတဲ့ အမှုန့်လေးတွေ ထည့်လိပ်ပြီး ကြော်ထားတဲ့ မုန့်တစ်ခုနဲ့ (မုန့်ရေပါးကို သတိရမိတယ်၊ တူတော့မတူပါဘူး) ၀က်သားကင် ကြီးကြီးတစ်ချောင်း၊ သောက်စရာ တစ်ဗူးဝယ်ပြီး ထိုင်စားဖို့နေရာ လိုက်ရှာတယ်။ လူတော်တော်များများလဲ စားသောက်စရာတွေ ၀ယ်ပြီး သစ်ပင်အောက်တွေမှာ၊ ပန်းခုံတွေပေါ်မှာ ထိုင်ပြီးစားသောက်ရင်း အပန်းဖြေနေကြတယ်။ မမတို့လဲ ဗိုက်ဆာဆာနဲ့ ထိုင်ပြီးစားနေတုံး စတိုင်ကျကျ ဟန်လုပ်ပြီး ထိုင်နေတဲ့ ခွေးကလေး တစ်ကောင်ကို တွေ့လိှု့ သဘောကျပြီး ဓာတ်ပုံရိုက်လာခဲ့သေးတယ်။ (ဒီမှာက အိမ်မွေး တိရစ္ဆာန်တွေကို သားသမီးလို သဘောထားပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ကြတယ်။)

မမ အဓိကထား ပြောပြချင်တာကတော့ မုန့်ဆိုင်တန်းတွေ နားမှာ တွေ့ရတဲ့ ဆိုင်လေးတစ်ခုပါပဲ။ အဲဒီဆိုင်လေးရဲ့ အမည်က Recycle station လို့ ဂျပန်လို katakana နဲ့ရေးထားပါတယ်။

တကယ်တမ်းတော့ အဲဒီဆိုင်လေးဟာ အမှိုက်တွေကို စနစ်ကျစွာ အမျိုးအစားခွဲပြီး သိမ်းဆည်းပေးတဲ့ နေရာလေး တစ်ခုဖြစ်ပါတယ်။ Recycle station မှာ တွေ့ခဲ့ရတာကတော့ ခြင်းတောင်းလေးတွေ နဲ့ စားပွဲခုံမှာ စာကပ်ထားပါတယ်- ပလပ်စတစ်၊ သံဗူး၊ pet bottle၊ တစ်ခါသုံးခွက်၊ ၀ါးတူ၊ ဖျော်ရည်သောက်တဲ့ ပိုက်၊ စားကြွင်းစားကျန်အမှိုက် စသဖြင့် ရေးထားပြီး အမှိုက်လာထည့်သူတွေကို စနစ်တကျဖြစ်အောင် ကူညီပေးနေတဲ့ သူတွေကို တွေ့ခဲ့ရပါတယ်။ ဂျပန် လူမျိုးတွေဟာ အမှိုက်ပစ်တဲ့ နေရာမှာ အလွန်စည်းကမ်းရှိလှပါတယ်။ ကြက်ပျံမကျ စည်ကားလှတဲ့ ဒီပွဲတော်ကြီးမှာ အမှိုက်တစ်စမတွေ့ခဲ့ရပါဘူး။ အမှိုက်ပစ်တဲ့သူတွေနဲ့ Recycle station မှာ အမှိုက်သိမ်းပေးနေတဲ့ သူတွေဟာ အပြန်အလှန် လေးစားမှု ရှိကြတာတွေ့ရပါတယ်။
ဒီလိုနဲ့ မုန့်ဝယ်စားလိုက် တီးဝိုင်းတွေဘက် ပတ်ကြည့်လိုက်နဲ့ မှောင်စပျိုး လာခဲ့ပါပြီ။ ပွဲတော်ကြီးကတော့ ဂီတသံတွေနဲ့ ဂီတချစ်သူတွေနဲ့ စည်ကားနေဆဲပါပဲ။

မမတို့ နိုင်ငံမှာလဲ ပျော်ရွှင်စရာ ကောင်းလှတဲ့ မြန်မာ့ရိုးရာ ပွဲတော်တွေကို စည်းကမ်းရှိစွာ၊ သန့်ရှင်းသပ်ရပ်စွာ ဆင်နွှဲနိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်လေမလဲ လို့ အိမ်အပြန် လမ်းမှာ တွေးတော လာမိပါတယ်။




http://www.sentabi.jp/1000/0007/0000/1000000700000002.html

Wednesday, September 24, 2008

Learning in Life

ကျွန်မရဲ့မှတ်စုတို(၁)

ဘ၀မှာ သင်ယူလေ့လာခြင်း


ဒီတစ်ခေါက် မှတ်သားမိခဲ့တာလေးတွေကို ပြောပြချင်ပါတယ်။

ဘာသာရပ်တစ်ခုမှာ အလွန်ထူးချွန်ထက်မြက်ပြီး အတွေ့အကြုံရင့်ကျက်လှတဲ့ Professor ကြီးတစ်ယောက်ဟာ ပင်စင်ယူခါနီး သူ့ရဲ့နောက်ဆုံး Lecture မှာ အခုလို ပြောပြသွားခဲ့ပါတယ်။

၁။ ပညာရပ်တစ်ခုကို ပြီးပြည့်စုံအောင် သင်ယူတယ်ဆိုတာ အဆင့် ၄ ဆင့် ရှိပါတယ်တဲ့။ အဲဒါတွေကတော့

  • သင်ယူလေ့လာလိုက်တဲ့ပညာရပ်ကို မိမိရဲ့ကိုယ်ပိုင်ပစ္စည်းအဖြစ်နဲ့သိမ်းထားပါ။
  • အဲဒီသင်ယူထားတဲ့ပညာကို ဘ၀ရပ်တည်ဖို့အတွက် အသုံးချပါ။
  • ပြီးတော့ အသက်ရှင်နေထိုင်ပါ။
  • အပေါ်ကအချက်တွေနဲ့ ပြည့်စုံပြီဆိုရင်တော့ ပျော်ပျော်ကြီးသာ နေပါတော့တဲ့
အဲဒီအချက်တွေနဲ့ မပြည့်စုံသေးဘူးဆိုရင်တော့ မိတ်ဆွေဟာ အဲဒီပညာရပ်ကို သင်ယူလေ့လာခြင်းအလုပ် ပြီးမြောက်ပြီလို့ မဆိုနိုင်သေးပါဘူးတဲ့။

၂။ မိတ်ဆွေဟာ ဘာသာရပ်တစ်ခုကို လေ့လာတဲ့အခါမှာ မိမိကိုယ်မိမိ အဲဒီဘာသာရပ်နဲ့ပတ်သက်ပြီး အလုံးစုံနားလည်ပြီလို့ ယူဆပြီဆိုရင်တော့ မိတ်ဆွေဟာ ဘွဲ့လက်မှတ်တစ်ခုခု ရဖို့သေချာနေပါပြီ။
ဒါပေမယ့် မိတ်ဆွေဟာ ဆက်လက်ပြီး လေ့လာသင်ယူဖို့ အခြေနေတစ်ခုခု ကြံကြိုက်လာတဲ့အခါမှာ အလုံးစုံ နားလည်ပြီလို့ ယူဆထားတဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘာမှမသိသေးဘူးလို့ ခံစားလာရလိမ့်မယ်။ အဲဒီလိုမျိုး "ငါဘာမှမသိသေးပါလား" လို့ ခံစားမိပြီဆိုတဲ့ အချိန်မှာ မိတ်ဆွေဟာ ဘွဲ့လွန်သင်တန်း (Master course) တက်ဖို့ အံဝင်ခွင်ကျ ဖြစ်နေပါလိမ့်မယ်။

ဒါ့အပြင် မိတ်ဆွေဟာ ဒီထက်ပိုပြီး ဘာသာရပ်ကို လေ့လာဖို့အခွင့်အရေးရပြီ ဆိုပါတော့။ အဲဒီအခြေအနေမှာ မိတ်ဆွေဟာ “တစ်ခြားလူတွေလဲ ငါ့လိုပဲဘာမှ မသိသေးပါလား” ဆိုတာကို တဖြည်းဖြည်း နားလည်ခံစား မိပြီဆိုပါစို့။ အဲဒီလို ခံစားမိပြီ ဆိုရင်တော့ မိတ်ဆွေဟာ ဘွဲ့လွန်ဒေါက်တာသင်တန်း (Ph.D) ဆက်တက်ဖို့ အဆင်သင့် ဖြစ်နေပါပြီတဲ့။

၃။ သုတေသန ပညာရှင်ကောင်းတစ်ယောက်မှာ အောက်ပါအရည်အချင်းများ ရှိသင့်ပါတယ်တဲ့။

အထူးသဖြင့် ဘွဲ့လွန်ပညာရပ်တွေ (Ph.D,Master စသဖြင့်) ဆည်းပူးလေ့လာနေသူများ၊ သုတေသန ပြုလုပ်နေသူများ (Researcher, Research student) အတွက် သိသင့်သိထိုက်တဲ့ အချက်များပါပဲ။

အဲဒါတွေကတော့
  • Originality,Irreplaceable, Professional
မိမိပြုလုပ်နေတဲ့ သုတေသနလုပ်ငန်းဟာ မိမိရဲ့ ကိုယ်ပိုင် အတွေးအခေါ် အယူအဆကို ဖော်ပြနိုင်ရမယ်။ အခြားလူတစ်ဦးတစ်ယောက်က အစားထိုး၍မရနိုင်တဲ့ မှန်ကန်တဲ့ အတွေးအခေါ် ဆုံးဖြတ်ချက်မျိုးကို ပြသနိုင်ရမယ်။ ကျွမ်းကျင်မှု ရှိရမယ်။
  • Creative
တီထွင်မှု စိတ်ကူးဥာဏ်ကောင်းရမယ်။ ဆန်းသစ်နေတဲ့ အတွေးအခေါ်တွေကို ဖန်တီးနိုင်ရမယ်။
  • Productive
မိမိရဲ့ သုတေသနလုပ်ငန်းကို အခြေခံပြီး အခြားသုတေသနများ ဆက်လက်ဆောင်ရွက်နိုင်ဖို့ လမ်းကြောင်းတွေ ဖွင့်ပေးနိုင်ရမယ်။
  • Pedagogical (Educational)
ပညာရပ်ဆိုင်ရာ တိုးတက်ဖွင့်ဖြိုးမှု မှာ အထောက်အကူပြုတဲ့သုတေသနမျိုး ဖြစ်ရမယ်။
တစ်နည်းအားဖြင့် မိမိဆောင်ရွက်လိုက်တဲ့ သုတေသနဟာ ပညာရပ်မှာ မဖြရှင်းနိုင်သေးတဲ့ ပဟေဠိတွေကို ဖြေရှင်းနိုင်ရမယ်။

၎။ သုတေသနလုပ်ငန်းဆိုတာ ကမ္ဘာလောကကြီးနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကာ ဆောင်ရွက်နေကြတာ ဖြစ်ပေမယ့် မိမိရဲ့လုပ်ဆောင်ချက်ကို လူအများက သဘောတူလက်ခံဖို့ လိုအပ်ပါတယ်။
လူ့လောကမှာ ဘယ်လိုအလုပ်ပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်တည်းထက် အသင်းအဖွဲ့ဖြင့် စုပေါင်း လုပ်ဆောင်ခြင်းဟာ လူအချင်းချင်း ရင်းနှီးချစ်ခင်မှု၊ စည်းလုံးမှုများ ကိုဖွံ့ဖြိုးတိုးတက်စေပြီး အောင်မြင်မှု ကိုပိုမိုရရှိစေနိုင်ပါတယ်။ TEAM ဆိုတဲ့ စာလုံးကို အစုအဖွဲ့ဆိုပြီး နားလည်ကြပါတယ်။ ဒီစာလုံးလေးမှာ ဘယ်လိုမျိုး လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတယ်ဆိုတာကို ကြည့်ကြရအောင်။

  • T =Together အတူတကွ ပူးပေါင်းလုပ်ဆောင်မှု
  • E = Esteem တစ်ဦးရဲ့ အလုပ်ကို တစ်ဦးက အပြန်အလှန် လေးစားမှု
  • A = Ambition ရည်မှန်းချက် တစ်ခုတည်းကို ဦးတည်ပြီး လုပ်ဆောင်နေမှု
  • M = Mental Toughness စိတ်ဓာတ်ကြံခိုင်မှု ဆိုတာတွေပါပဲ။
နားလည်သမျှလေးတွေ ပြန်ပြောပြတာပါ။
(Professor Dr. Noboru Takigawa, Tohoku University အား လေးစားလျှက် )

Posts with same label

Related Posts with Thumbnails