Showing posts with label WFWP ဆိုသည်မှာ-. Show all posts
Showing posts with label WFWP ဆိုသည်မှာ-. Show all posts

Saturday, November 1, 2008

တို့ရဲ့ကမ္ဘာငယ်လေး

ဒီခေါင်းစဉ်နဲ့ ဂျပန်သီချင်းလေးကို ကြားဖူးကြပါသလား ရှင်။
It's a small world ဆိုတဲ့ အင်္ဂလိပ်စာသားနဲ့ သီချင်းလေးလဲ ရှိပါတယ်။
ကျွန်မကတော့ ဂျပန် သီချင်းလေးကို စပြီး ကြားဖူးခဲ့တာပါ။
ဒီသီချင်းလေးကို စပြီး ကြားဖူးခဲ့ တာကတော့ WFWP (Women Federation for World Peace) အဖွဲ့ က ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ဖြစ်ပါတယ်။ WFWPရဲ့ အခမ်းအနားတွေမှာ တက်ရောက်လာသူတိုင်းကို အဲဒီ သီချင်းစာရွက်လေးတွေ ဝေပေးပါတယ်။ အခမ်းအနားပြီး တိုင်း တက်ရောက်သူတွေ အားလုံးအတူတကွ အဲဒီသီချင်းလေးကို ဆိုကြပါတယ်။ ဒီသူချင်းလေးရဲ့ အဓိပ္ပာယ်လေး ကိုခံစားကြည့်ကြပါစို့ နော်။
သီချင်းစာသားလေးက တိုပေမယ့် အနှစ်သာရ ရှိလှပါတယ်။
ဂျပန်သီချင်းစာသားလေးကို ဘာသာပြန်ခံစားကြည့်ထားတာ ဖြစ်ပါတယ်ရှင်.......


တို့ရဲ့ ကမ္ဘာငယ်လေး

တိုရဲ့ ကမ္ဘာလေးထဲမှာ
ပျော်ရွှင်စရာတွေလဲရှိတယ်၊ ၀မ်းနည်းစရာတွေလဲရှိတယ်
တို့တွေအတူတကွ လက်တွဲကူညီပြီး နေကြတဲ့
တို့ရဲ့ ကမ္ဘာငယ်လေး

တို့ရဲ့ ကမ္ဘာ ကျဉ်းကျဉ်းလေး မလို့
နေရာတိုင်း သာတူညီမျှခံစားမျှဝေလို့
တို့ရဲ့ ကမ္ဘာဟာ လုံးဝန်းတဲ့အတွက်
အကျိုးသက်ရောက်မှု တွေဟာ တစ်ဆက်တည်းပါပဲ။

တို့ရဲ့ ကမ္ဘာလေးပေါ်က လူတိုင်းဟာ
အပြုံးလေးတွေကိုယ်စီ မျှဝေနိုင်မယ်ဆိုရင်
တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှု တွေ တိုးပွားလာပြီး
အခက်အခဲတွေ့တိုင်း လက်တွဲ ကူညီနိုင်ကြမှာပါ။
ဒါဟာ တို့ရဲ့ ကမ္ဘာငယ်လေးပါ။


ဂျပန်သီချင်းစာသားလေးကို ဖော်ပြလိုက်ပါတယ်။

小さな世界


世界中どこだって
笑いあり、涙あり
皆それぞれ助け合う
小さな世界

* 世界はせまい、世界は同じ
   世界は丸い、ただ一つ

世界中だれだって
ほほえめば、仲良しさ
皆論になり手をつなごう
小さな世界

repeat *


တီးလုံးလေးကို ဒီနေရာမှာ နားဆင်နိုင်ပါတယ်။ Internet Explorer နဲ့ ဖွင့်ရင် ပိုအဆင်ပြေပါတယ်။
အဲဒီမှာ ဂျပန်သီချင်းစာသားရော အင်္ဂလိပ်သီချင်း စာသားကိုပါ ဖတ်နိုင်ပါတယ်။

http://utagoekissa.web.infoseek.co.jp/itsasmallworld.html

Monday, October 13, 2008

ကျွန်မနဲ့WFWP


WFWP (Women's Federation for World Peace) ဆိုတဲ့ အဖွဲ့အစည်း တစ်ခုကို ကြားဖူးကြသူ တွေလဲ ရှိမှာပါ။ မသိသေးတဲ့သူတွေကိုလဲ မိတ်ဆက်ပေးခြင်ပါတယ်။
ဒီအဖွဲ့အစည်းဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဘာတွေလုပ်ဆောင်နေတာလဲ၊ ဆိုတာတွေကို မပြောခင် ပထမဆုံး ကျွန်မဟာ ဘာကြောင့် ဒီအဖွဲ့အစည်း ကိုစိတ်ဝင်စားခဲ့မိသလဲ၊ ဒီအဖွဲ့အစည်း နဲ့ ဘယ်လိုပတ်သက်ပြီး ဘယ်လို ဆက်သွယ်မိခဲ့တယ်၊ ဆိုတာကို အရင် ပြောပြပါရစေ။

ကျွန်မနဲ့WFWP

ကျွန်မဟာ ဂျပန်ကို ပညာတော်သင် အဖြစ်နဲ့ ရောက်ခါစ ပထမတစ်နှစ်မှာ International Student House မှာ နေခွင့်ရခဲ့ပါတယ်။ ရောက်ပြီး နှစ်တစ်ဝက်လောက်မှာ Notice Board ပေါ်က ကြေငြာတစ်ခုကို စိတ်ဝင်စားမိ သွားပါတယ်။ အဲဒီကြေငြာကတော့ WFWP (Women Federation for World Peace) ဆိုတဲ့ အဖွဲ့အစည်းရဲ့ International student တွေအတွက် ဂျပန်လိုပြောရမဲ့ Speech Contest ကျင်းပပေးတဲ့ ကြေငြာပါပဲ။ ထူးခြားတာကတော့ မိန်းကလေးများသာလျှင် ပြိုင်ပွဲဝင်ခွင့် ရှိတယ်လို့ ရေးသားထားပါတယ်။ ဒီတော့ ကျွန်မလဲ ဂျပန်ရဲ့ အမျိုးသမီးရေးရာ အဖွဲ့အစည်း တစ်ခုလို့ ထင်ခဲ့မိတာပေါ့။ ဂျပန်စာသင်ခဲ့တုံးက speech ပြောဖူးတဲ့ အတွေ့အကြုံလဲရှိ၊ အဲဒီ အမျိုးသမီးရေးရာ အဖွဲ့ ကိုလည်း စိတ်ဝင်စားမိတာနဲ့ ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး လျှောက်လွှာကို fax နဲ့ ပို့လိုက်ပါတယ်။ ပို့လိုက်ပြီး နောက်တစ်နေ့မှာ အဲဒီက အမျိုးသမီး တစ်ယောက်က ကျွန်မဆီ ကိုဖုန်းဆက်ပြီး ရုံးခန်းကိုလာခဲ့ဖို့ ခေါ်ပါတယ်။ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာကိုလဲ ယူလာခဲ့ဖို့ ပြောပါတယ်။ ရုံးခန်းရှိတဲ့ နေရာကို သွားဖို့အတွက် အဲဒီ အမျိုးသမီးက သူနဲ့တစ်နေရာ မှာချိန်းပြီး ရုံးခန်းကို အတူသွားမယ် လို့ပြောပါတယ်။ ဒီလိုနဲ့ Sakurano ဆိုတဲ့ ကုန်တိုက်ကြီး တစ်ခုရဲ့ အ၀င်ပေါက်တစ်ခု မှာ ချိန်းလိုက်ကြပါတယ်။ ဖုန်းချခါနီး သူမပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်မ အလွန်အံ့သြပြီး အားနာသွား ခဲ့မိပါတယ်။ သူမက အသက်(၇၀) ကျော်နေပြီ ဖြစ်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်တဲ့။

ချိန်းထားတဲ့နေ့မှာ ချိန်းထားတဲ့နေရာ ကိုအနည်းငယ်စောပြီး ရောက်သွားပါတယ်။ ဂျပန်လူမျိုး တွေက အချိန်ကို လေးစားတဲ့ အတွက် ချိန်းထားတဲ့ အချိန်ကို နောက်မကျအောင် သတိထားပြီး သွားရပါတယ်။ တစ်ခါမှ မတွေ့ဖူး သေးဘူးဆိုတော့ သူမဘယ်လို ပုံစံပါလိမ့် ဆိုပြီး ရောက်လာတဲ့ အဘွားကြီးတွေ မှန်သမျှကို လိုက်ကြည့် နေမိတယ်။ "sumimasen" (excuse me) ဆိုတဲ့ အသံနဲ့ ကျွန်မနံမည် ကိုလာခေါ်တဲ့ သူကို လှည့်ကြည့် လိုက်တော့ တိုပြီးသေသပ်လှပလှတဲ့ ဆံပင်ပုံ နဲ့ ခပ်ချောချော ဂျပန် အမျိုးသမီးကြီး တစ်ယောက်ပေါ့။ အပြောအဆို နဲ့ လှုပ်ရှားမှုကလဲ သွက်မှသွက်ပဲ။ လမ်းလျှောက်နှေးတဲ့ ကျွန်မ သူနဲ့ ခပ်မြန်မြန်လိုက်ပြီး လမ်းလျှောက် လိုက်ရတယ်။ သူမရဲ့ နာမည်က တာကာဟရှိအခိရိုစန် ဖြစ်တယ်။ နောက်ပိုင်းမှာ ကျွန်မက သူ့ကို အော်ခစန် (အမေ)လို့ ခေါ်ပြီး ၊ ကျွန်မအပေါ် သမီးတစ်ယောက်လို ဂရုစိုက်ခဲ့တဲ့သူ ဖြစ်ပါတယ်။

ရုံးခန်းရောက်တော့ ပိုပြီးအံ့သြသွားရတယ်။ တွေ့ရတဲ့ သူမှန်သမျှဟာ အနည်းဆုံး အသက်(၆၀) ကျော်လောက်ရှိကြတဲ့ အမျိုးသမီးကြီးတွေ ချည်းပဲ။ သူတို့အားလုံးဟာ သပ်ရပ်လှပစွာ ပြင်ဆင်ထားကြပြီး ဆံပင်ပုံစံတွေကလဲ အရမ်းလှပြီး သပ်ရပ်တယ်။ သူတို့တွေဟာ ကျွန်မကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြပြီး စကားတွေ အများကြီးပြောကြတယ်။ အခက်အခဲ ရှိတာမှန်သမျှ ဆွေးနွေးတိုင်ပင်လို့ ရတယ် ဆိုတဲ့အကြောင်း၊ မကြာခဏ လာလည်လို့ ရတယ်ဆိုတဲ့ အကြောင်းပြောကြတယ်။ ကျွန်မအနေနဲ့လဲ သူတို့နဲ့ သိကျွမ်းရတာ အလွန်ဝမ်းသာတဲ့ အကြောင်း၊ မြန်မာပြည်က အမေနဲ့ ဝေးနေတဲ့အတွက် အမေလို၊ အဘွားလို သဘောထားကြောင်း ပြန်ပြောတော့ သူတို့တွေက အလွန် သဘောကျကြသွားကြပြီး သူတို့ကို အဘွားလို့ ခေါ်လို့ရကြောင်းလဲ ပြောတယ်။ ဒါပေမဲ့ အမေနဲ့ဝေးနေတဲ့ ကျွန်မက သူတို့ကို အော်ခစန် (အမေ) လို့ပဲ ခေါ်ပါတယ်။

သူတို့ အဖွဲ့နဲ့ သိကျွမ်းခင်မင်ပြီး နောက်ပိုင်းမှာ သူတို့နဲ့အတူ မြန်မာထမင်းဟင်း ချက်ပြုတ်ပြီး အတူတူ စားသောက်ခြင်း၊ သူတို့ ဖိတ်ကြားခဲ့ အခမ်းအနား တွေဆီကို သွားရောက်ခြင်း၊ စသဖြင့် ပူးပေါင်းကူညီ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မက ငယ်စဉ် ကလေးဘ၀ထဲက ကခုန်ခြင်း ကိုဝါသနာပါခဲ့တဲ့သူ ဆိုတော့ နှစ်စဉ်နှစ်တိုင်း နွေဦးရာသီ မှာပြုလုပ်တဲ့ သူတို့ရဲ့ နှစ်ပတ်လည် အခမ်းအနားတစ်ခုမှာ သင်္ကြန်အက ကပေးပြီး ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီခဲ့ဘူးတယ်။

ကဲ....ဆက်ပြီးတော့ သူတို့အဖွဲ့အကြောင်း ဆက်ဖတ်ရအောင်။

Women's Federation For World Peace (WFWP)

WFWP အဖွဲ့ကို ၁၉၉၂ ခုနှစ်မှာ Dr. Hak Ja Jan Moon ဆိုတဲ့ ကိုရီးယား အမျိုးသမီးကြီး တစ်ဦး က စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် နိုင်ငံပေါင်း ၉၀ ကျော်မှာ ရုံးခွဲတွေ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အဓိကထား ဆောင်ရွက်တဲ့ လုပ်ငန်းတွေကတော့ အမျိုးသမီးများ အကူအညီရရှိရေး၊ ပညာရေးထောက်ပံ့မှု လုပ်ငန်းများ၊ အိပ်စ်ရောဂါ ကာကွယ်ရေး ပညာပေး လုပ်ငန်းများ၊ တကိုယ်ရေသန့်ရှင်းမှု နဲ့ အာဟာရပြည့်ဝစွာ စားသောက်မှု ပညာပေး လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စသဖြင့် ဖြစ်ပါတယ်။
WFWP အဖွဲ့ ဟာ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီး ရဲ့ စီးပွားရေးနဲ့ လူမှုရေးကောင်စီ မှာအထွေထွေ အကြံပေး NGO အဖွဲ့အစည်း တစ်ခုအနေနဲ့ လဲရပ်တည်နေတာ ဖြစ်တယ်။

WFWP ရဲ့ ရည်ရွယ်ချက်

“ကမ္ဘာကြီး ဟာ မိသားစုတစ်စုပဲ ဖြစ်တယ်” ဆိုတဲ့ခံယူချက်ကို လက်ကိုင်ထားကာ ကမ္ဘာကြီးသာယာငြိမ်းချမ်းရေး ကိုဦးတည်ခြင်း၊
အမျိုးသမီးတွေနဲ့ ကလေးများရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကိုအဓိကထားပြီး ငြိမ်းချမ်းရေးတံတား (peace of bridge) ဆောက်လုပ်ခြင်း။

WFWP, Japan


ဂျပန် နိုင်ငံ ရဲ့ အမြို့မြို့ အနယ်နယ်မှာ WFWP ရဲ့ ရုံးခွဲတွေရှိပြီး နိုင်ငံအသီးသီး အတွက်တာဝန်ယူ ဆောင်ရွက်နေကြတယ်။ ဥပမာဆိုရင် ကျွန်မ နေတဲ့မြို့က WFWP အဖွဲ့ခွဲဟာ ကင်ညာနိုင်ငံ ရဲ့ ပညာရေး၊ ကျန်းမာရေး နဲ့ပတ်သက်တဲ့ ထောက်ပံ့ကူညီတဲ့ လုပ်ငန်းတွေကို တာဝန်ယူရတာတဲ့။ ကင်ညာနိုင်ငံ အတွက် ရံပုံငွေရှာတဲ့ ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်ကို ကျွန်မရဲ့အော်ခစန်တို့ ဖိတ်ကြားချက်နဲ့ သွားရောက်ခဲ့ဖူးတယ်။ ကင်ညာနိုင်ငံကို ကြိမ်ဖန်များစွာ သွားရောက်ခဲ့ပြီး ကလေးတွေနဲ့ အမျိုးသမီးလေးတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ခဲ့တဲ့ ဂျပန် အမျိုးသမီးကြီးတစ်ဦးနဲ့လဲ တွေဆုံခွင့်ရခဲ့တယ်။ သူက ကင်ညာမှာ မူလတန်းကျောင်းတွေ ဆောက်ပေးခဲ့တဲ့ အကြောင်း၊ အမျိုးသမီးများအတွက် အိမ်တွင်းမှုသင်တန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေလုပ်ခဲ့တဲ့ အကြောင်း ဗွီဒီယို ဆလိုက်တွေနဲ့ ပြသသွားတယ်။

နောက်ထပ်ပြောပြချင်တာက ဂျပန်မှာ ကျောင်းလာတက်တဲ့ နိုင်ငံခြားသား ကျောင်းသူလေးတွေ အတွက်လဲ ထောက်ပံ့မှု တွေပြုလုပ်ပေးတဲ့ အကြောင်းပါ။
ဂျပန်မှာရှိတဲ့ WFWP အဖွဲ့ခွဲတွေဟာ နိုင်ငံခြားသား ကျောင်းသူလေးတွေအတွက် ဂျပန်စကားပြောပြိုင်ပွဲကို တစ်နှစ်တစ်ခါ ကျင်းပပေးပါတယ်။ (အပေါ်မှာရေးခဲ့ပြီးပါပြီ။) အဲဒီပြိုင်ပွဲမှာ ၀င်ပြိုင်တဲ့သူတွေအားလုံးကို ဆုပေးပါတယ်။ ဒါ့အပြင် ပညာသင် ထောက်ပံ့ကြေးကို တစ်နှစ်မှာ တစ်ယောက် (တမြို့နယ်စီမှာ) ရွေးချယ် ထောက်ပံ့ပေးတဲ့ လုပ်ငန်းတွေကို လဲလုပ်ပါသေးတယ်။

WFWP မှာ အလုပ်လုပ်နေတဲ့ သူတွေဟာ များသောအားဖြင့် အလုပ်တာဝန်များမှ ရပ်နားပြီး တဲ့အချိန်မှာ မိမိရဲ့ အချိန်နဲ့ ငွေတွေကို လူမှုရေးလုပ်ငန်း တွေမှာ မြုပ်နှံလုပ်ဆောင်နေကြသူတွေ ပဲဖြစ်ပါတယ်။

WFWP ရဲ့အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ၀င်ကြေးနဲ့ လစဉ်ကြေးတွေကို ပေးသွင်းနေကြပြီး လူအများ အကျိုးအတွက်၊ “ကမ္ဘာကြီးဟာ မိသားစုတစ်ခု” ဆိုတဲ့ ခံယူချက်နဲ့ မပြည့်စုံသေးတဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီတဲ့ ၊လွန်စွာမှ မွန်မြတ်ကောင်းမွန်လှတဲ့ အလုပ်တွေကို လုပ်ဆောင်နေကြသူများပဲ ဖြစ်ပါကြောင်း ဂုဏ်ပြု ဖော်ပြချင်ပါတယ်ရှင်။

အသေးစိတ် သိလိုပါလျှင်----http://www.wfwp.org/wfwpi/index.cfm မှာဖတ်နိုင်ပါတယ်။
ဗွီဒီယို ကို ဒီမှာကြည့်ပါ
http://www.wfwp.org/wfwpi/index.cfm?SectionGroupsID=2&SectionListsID=2&PageID=65

သိထားသမျှလေးရေးလိုက်တာပါ။
(The above logo is from www.wfwp.org.)

Posts with same label

Related Posts with Thumbnails