Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Saturday, February 14, 2009

Thesis တစ်စောင် ဘယ်လိုရေးမလဲ(၆)

figure from www.CartoonStock.com

အကြံပြုချက်များ

သုသေသနကျမ်းအား ဖတ်ရှူမည့်သူ၏နောက်ခံအကြောင်းအရာအား ထည့်သွင်းတွက်ဆထားခြင်း။
သင်သည် သင်၏ သုသေသနကျမ်းအား မည်သို့သောပုဂ္ဂိုလ်၊ မည်သို့သော (ပညာရပ်ဆိုင်ရာ အတွေ့အကြုံရှိသော) လူတန်းစားက ဖတ်ရှူမည် (အတွက် ရည်ရွှယ်၍ရေးမည်)၊ ထိုသူများသည် မည်သည့်အကြောင်းအရာ၊အခြေခံမှ စတင် ရေးသားခြင်းအားဖြင့် သင်၏ သုသေသနကျမ်းအား ပိုမိုနားလည်စေမည်၊ စသည်ဖြင့် ကြိုတင်တွက်ဆ ထားရပေမည်။ ပုံမှန်အားဖြင့် ထိုသူများသည် သင်၏ သုသေသနဆိုင်ရာ ဘာသာရပ်၌ ကျယ်ကျယ်ပြန့်ပြန့် နှံ့စပ်သောသူများ ဖြစ်ကြသော်လည်း သင်၏ သုသေသနလုပ်ငန်းစဉ် (ဘွဲ့လွန်စာတမ်း ကဖြေရှင်းပေးမည့် မေးခွန်း(သို့) ပြဿနာ) နှင့် ဆက်စပ်၍ လက်ရှိ အချိန်တွင် သင်လက်ပွန်းတတီး ရင်းရင်းနှီးနှီး ရှိနေသလောက် ရှိချင်မှ ရှိနေပေလိမ့်မည်။ ထို့ကြောင့် သင်၏ သုသေသနကျမ်းအား ပိုမိုလွယ်ကူစွာ နားလည်စေရန် ခက်ခဲသော အတွေးအခေါ် အယူအဆများ(ကဏ္ဍ)အား ရှင်းရှင်းလင်းလင်းနှင့် နားလည်လွယ်အောင် ဖော်ပြပါ။ သင်၏ သုသေသနဆိုင်ရာ ဘာသာရပ်နှင့် ဆက်စပ်မှုရှိသောသူအား ကြိုတင်ဖတ်စေ၍ နားလည်လွယ်ခြင်း ရှိ၊ မရှိ ၎င်းစာဖတ်သူ၏ ထင်မြင်ချက်အား တောင်းခံ၍ သင်၏ဘွဲ့လွန်ကျမ်း(စာတမ်း)အား ပိုမိုကောင်းမွန်မှု ရှိစေရန်အားထုတ်သင့်သည်။


စာဖတ်သူအား အလွန်အမင်း အားစိုက်ထုတ်ရစေခြင်းမှရှောင်ရှားရန်။
ဤအချက်သည် အလွန် အရေးကြီးပါသည်။ သင်၏ဘွဲ့လွန်ကျမ်း(စာတမ်း)တွင် စစ်ဆေးသူများ၏ ဘွဲ့လွန်ကျမ်းအား အကဲဖြတ် မေးခွန်းများ(Thesis တစ်စောင် ဘယ်လိုရေးမလဲ(၁)တွင် ဖော်ပြပြီး)အား အခန်းခွဲ၊ခေါင်းစဉ်များဖြင့် အလွယ်တကူထင်သာမြင်သာရှိစေပြီး မှန်ကန်သော စကားလုံးများ၊ သဒ္ဒါနှင့်သတ်ပုံမှန်များ ရွေးချယ်၍ ၎င်းမေးခွန်းများအား ဖြေဆိုရန်လိုအပ်သည်။ စစ်ဆေးသူများသည် ၎င်းမေးခွန်းများအား သင်၏ဘွဲ့လွန်ကျမ်း(စာတမ်း)တွင် အားစိုက်ထုတ်၍ စေ့စေ့စပ်စပ် လှန်လှော ရှာဖွေရလေလေ စိတ်မရှည်လေလေ ဖြစ်စေပြီး ဤအချက်သည် ဘွဲ့လွန်ကျမ်းအား ပြန်လှန်ပြင်ဆင်ရေး ဖြစ်စေရန် ပိုမိုနီးစပ်လာလေပင် ဖြစ်စေပါသည်။


အရေးပါအရာရောက်သော အကြောင်းအရာ၊ကဏ္ဍများအား ပိုမိုရှင်းလင်းစေရန် ဆီလျော်သော ခေါင်းစဉ်၊ခေါင်းစီးများဖြင့် မီးမောင်းထိုးပြပါ။ ဘွဲ့လွန်ကျမ်းတွင် လွန်စွာများပြားလှသော အကြောင်းအရာ၊အချက်အလက်များ ပါဝင်နေသောကြောင့် စာဖတ်သူအား ဘွဲ့လွန်ကျမ်းအကဲဖြတ် မေးခွန်းများ၏ အဖြေများဆီသို့ သွယ်ဝိုက်၍ ခေါ်ဆောင်ခြင်းမဖြစ်စေရန် သတိထားပါ။


သတိပြုရန်မှာ ဘွဲ့လွန်ကျမ်းသည် ရသစာပေ၊ ဇာတ်လမ်းတစ်ခု မဟုတ်ပါ။ သုသေသန၏ရည်ရွယ်ချက်ဖြစ်သော ဘွဲ့လွန်ကျမ်းအကဲဖြတ်မေးခွန်းများအား ရှာဖွေဖြေဆိုတင်ပြရန် ပုံစံတကျဖြင့် စီစဉ်တင်ပြရသော သက်ဆိုင်ရာ တက္ကသိုလ်၏ အသိအမှတ်ပြူ စာတမ်းတစ်စောင် ဖြစ်သည့်အားလျော်စွာ သင်ဆောင်ရွက်ခဲ့သော သုသေသနလုပ်ငန်းစဉ် အစီအစဉ်အတိုင်း (ဇာတ်လမ်းစဉ်ကဲ့သို့) ရေးသားရန် မလိုအပ်ပါ။


သင်သည် အကြောင်းအရာတစ်ခုအား ရေးသားရာတွင် ထိုအကြောင်းအရာအား သေချာစွာ ရှင်းလင်းတင်ပြထားခြင်း မရှိပဲ စာဖတ်သူ(ဘွဲ့လွန်ကျမ်းအကဲဖြတ်သူ)အား အရာရာ သိထားပြီးဟု ယူဆထားသော အသုံးအနှုံး၊ပုဒ်စုများ ၊ ဥပမာ "Clearly, this is the case..." or "Obviously, it follows that ..." စသည်များ အား သုံးနှုံးခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်သည်။ ဤအသုံးအနှုန်းများသည် စာဖတ်သူက သင်၏ဘွဲ့လွန်ကျမ်းအား ဖတ်ရှု၍ နားလည်သဘောပေါက်ခြင်းမရှိပါက (သင်၏ရှင်းလင်းတင်ပြချက် သည် ပြည့်စုံခြင်းမရှိသောကြောင့်) စာဖတ်သူအား စော်ကားသကဲ့သို့ ဖြစ်စေသည် ကို သတိပြုရန် လိုအပ်သည်။ သို့သော်ငြားလည်း သင်၏ရှင်းလင်းတင်ပြချက်သည် ရှင်းလင်းပြည့်စုံပါက ရှင်းလင်းချက်အပြီးတွင် ဤပုဒ်စုများအား အသုံးပြုနိုင်သည်။


ထို့အပြင် သင်၏ထင်မြင်ချက်အား ခိုင်လုံသော အထောက်အထားစာတမ်း နှင့် အကြောင်းပြချက် တစ်စုံတစ်ရာ မရှိပဲ မရေးသားသင့်ပါ။ ဥပမာ "software is the most important part of a computer system" ။ စစ်ဆေးသူများသည် ဤရေးသားချက်အား ထောက်ပြ၍ ဤကဲ့သို့ မေးခွန်းမျိုးမေးလာနိုင်သည် "Can you demonstrate that software is the most important part of a computer system?"



ကွန်ပြူတာပရိုဂရမ်၊ အသုံးချပစ္စည်းကိရိယာများနှင့် ပတ်သက်၍.....


ဘွဲ့လွန်ကျမ်းတစ်ခု၏ ရည်ရွယ်ချက်မှာ ထိုဘွဲ့လွန်ကျမ်း၏ ကိုယ်ပိုင်ဖန်တီးမှု အတွေးအခေါ် နှင့် အသိပညာများအား ပညာရပ်ဆိုင်ရာတိုးတက်မှုအတွက် ရေးသားရခြင်းပင်ဖြစ်သည်။ သင်သည် သင်၏ သုတေသနတွင် အသုံးပြုခဲ့သော (သင်၏အတွေးအခေါ်ယူဆချက်သည် မှန်ကန်ကြောင်း ပြသနိုင်ရန်) ကွန်ပြူတာ ပရိုဂရမ်များ၊ အသုံးပြုခဲ့သော စက်ကိရိယာများ ၊ ရှေ့ပြေးပုံစံများ (prototypes) ဖော်ပြနိုင်သော်လည်း သတိပြုရန်မှာ ဘွဲ့လွန်ကျမ်းသည် ၎င်းတို့အား တင်ပြလိုရင်းမဟုတ်ပဲ ပညာရပ်ဆိုင်ရာ အသိပညာ ဗဟုသုတများအား တင်ပြလိုရင်းပင်ဖြစ်သည်။ သင်သည် ကွန်ပြူတာ ပရိုဂရမ်များ၊ စက်ကိရိယာများ အသုံးပြုနိုင်ရုံမျှဖြင့် အဆင့်မြင့်ဒီဂရီတစ်ခုအား မရရှိနိုင်ပါ။ ၎င်းတို့အား အသုံးပြု၍ သင်၏ ကိုယ်ပိုင်ဖန်တီးမှု အတွေးအခေါ်အား ပြသနိုင်ခြင်းဖြင့်သာ အဆင့်မြင့် ဘွဲ့လွန်ဒီဂရီအား ဆွတ်ခူးနိုင်ပေမည်။


Master Thesis နှင့် Doctoral Thesis အား နှိုင်းယှဉ်ချက်


မဟာဘွဲ့လွန်ကျမ်း နှင့် ပါရဂူဘွဲ့လွန်ကျမ်း၏ အဓိက ကွာခြားချက်မှာ ဘွဲ့လွန်ကျမ်း၏ ဖွဲ့စည်းပုံမဟုတ်ပဲ ဘာသာရပ်ဆိုင်ရာ ပြဿနာအတိမ်အနက် နှင့် ၎င်းအားဖြေရှင်းနိုင်မှု အဆင့်ပင်ဖြစ်သည်။

မဟာဘွဲ့လွန်ကျမ်းသည် အသိပညာနယ်ပယ် တိုးတက်ဖွံ့ဖြိုးမှု၌ တစ်စိတ်တစ်ဒေသအားဖြင့် အထောက်အကူပြုမှု (သို့မဟုတ်) ကောင်းစွာဖွံ့ဖြိုးနေပြီးဖြစ်သော နည်းပညာများအား မိမိပြုလုပ်မည့် သုတေသနနယ်ပယ်အသစ်၌ အသုံးချနိုင်မှု ဖြစ်သည်။

ပါရဂူဘွဲ့လွန်ကျမ်းသည် အသိပညာနယ်ပယ်၌ ဆန်းသစ်တီထွင်နိုင်မှု ရှိသော အတွေးအခေါ်များအား ပေးနိုင်ရပေမည်။ ထို့ကြောင့် ပါရဂူဘွဲ့လွန်ကျမ်းတွင် ပိုမိုခက်ခဲသော ပြဿနာအား ရှာဖွေဖြေရှင်းရန် လိုအပ်၍ ပိုမိုတိကျခိုင်မာသော ဘာသာရပ်ဆိုင်ရာ အသိပညာအား ပေးစွမ်းနိုင်ခြင်းရှိရန် လိုအပ်ပေသည်။

(ဘွဲ့လွန်ကျမ်းရေးသားခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများအား အခြေခံ၍ Prof. John W. ChinneckDept. of Systems and Computer EngineeringCarleton UniversityOttawa, Canada ၏ How to Organize your Thesis ကို ခံစားဘာသာပြန်ပါသည်။)

Friday, February 6, 2009

Thesis တစ်စောင် ဘယ်လိုရေးမလဲ(၅)

စတင်ရေးသားခြင်း

ဘွဲ့လွန်ကျမ်းတစ်ခုတွင် ပါဝင်သင့်သော အခန်းကဏ္ဍများအား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

သင်သည် ယခုမှ စ၍ ဘွဲ့လွန်ကျမ်းအား စတင်ရေးသားပြီ ဆိုပါစို့။ စတင်ရေးသားရန် အကောင်းဆုံး နည်းလမ်းမှာ ရေးသားမည့် အကြောင်းအရာ၏ ကောက်ကြောင်း (Outline) အား စတင်ရေးသားခြင်း ဖြစ်သည်။ ရှေးဦးစွာ ထည့်သွင်းရေးသားရန် ရည်ရွယ်ထားသော ဘွဲ့လွန်ကျမ်း၏အခန်း(Table of Contents) များအား စတင်ပြုစု၍ အခန်းငယ်များ၊ အခန်းခွဲငယ်များ (Sections and Subsections)ဖြင့် ပုံကြမ်းဖော်ပါ။ ထို့နောက် ထိုအခန်းငယ်များ တစ်ခုစီ၏ အတိုချုပ်ဖော်ပြချက်များအား ပြုစုပါ။ ထိုကဲ့သို့ ကောက်ကြောင်းအား ပုံဖော်ရာတွင် စာမျက်နှာ ၂ မျက်နှာ မှ ၅မျက်နှာ ခန့်အတွင်း ရှိသင့်သည်။ သင်နှင့် သင်၏ဘွဲ့လွန်ကျမ်း ကြီးကြပ်သူဆရာက ကောက်ကြောင်းအား ပြန်လည် စစ်ဆေးရာတွင် သင်ဖြေရှင်းသည့် မေးခွန်း(သို့) ပြဿနာ နှင့် တိုက်ရိုက် မသက်ဆိုင်သည်များအား ပယ်ဖျက်၍ လိုအပ်သည်များအား ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင်သည်။ ကောက်ကြောင်းအဆင့်တွင် ထိုသို့ ပြုလုပ်ခြင်းအားဖြင့် အကြောင်းအရာတစ်ခုလုံးအား ရေးသားပြီးကာမှ ပြန်လည် ဖြည့်စွက်ပြင်ဆင်ခြင်း၊ ပယ်ဖျက်ပစ်ရခြင်းထက်စာလျှင် များစွာ အချိန်ကုန်လူပန်းသက်သာစေသည်။


ဘွဲ့လွန်ကျမ်းတစ်ခုပြီးစီးရန် အချိန်မည်မျှလိုအပ်မည်နည်း။


သင်ထင်ထားသည်ထက် ပို၍ကြာပါသည်။ သင်သည် ဘွဲ့လွန်ကျမ်းနှင့်ပတ်သက်သော သုတေသနဆိုင်ရာ လုပ်ငန်းများ (Model များတည်ဆောက်ခြင်း၊ တွက်ချက်ခြင်း ) ပြီးမြောက်သွားသည်ဆိုသော်ငြားလည်း ဘွဲ့လွန်ကျမ်းရေးသားရန် အတွက် အနည်းဆုံး ၆လခန့် (ဘာသာရပ်ပေါ်မူတည်၍ကွဲပြားနိုင်သည်) လိုအပ်သည် ဆိုသည့် အချက်အား အမြော်အမြင်ရှိစွာဖြင့် တွက်ဆထားသင့်သည်။ ဆိုလိုသည်မှာ ဘွဲ့လွန်ကျမ်းအား စာစီစာရိုက်ပြုလုပ်ရသည့် ကြာမြင့်ချိန်အား ရည်ရွယ်လိုခြင်းမဟုတ်ပဲ သင်၏ရှာဖွေတွေ့ရှိချက်များနှင့် ပတ်သက်၍ ပြည့်စုံစွာ ရှင်းလင်းတင်ပြနိုင်ရန် ကြာမြင့်မည့် အချိန် ဟူသည့်အချက်ပင်ဖြစ်သည်။
သုတေသနကျမ်းအား စစ်ဆေးအကဲဖြတ်သူများ၏ ဆီလိုအပေါက်ရှာကာ ဝေဖန်နိုင်သည့် အားနည်းချက်များအား ပြန်လည်သုံးသပ်ကာ ရေးသားပြုစုခြင်းသည် အချိန်လွန်စွာကုန်စေသည်။ ဤကဲ့သို့ အချိန်ယူကာ ပြုစုနိုင်မှသာလျှင် ပြီးပြည့်စုံသော ကျမ်းတစ်စောင်ဖြစ်ပေမည်။

ကျမ်းတစ်စောင်အား စတင်ရေးသားသည့် အချိန်မှစ၍ သင်၏ကြီးကြပ်သူဆရာသည် တန်းဝင်ကျမ်း တစ်စောင်၏ ရှုထောင့်မှ စတင်၍ကြည့်ကောင်းကြည့်ပေလိမ့်မည်။ ထိုအချိန်တွင် သင်သည် ကျမ်းစတင်မပြုစုမှီ အချိန်က ဆရာနှင့်မိမိ၏ အတူတကွ နားလည်ထားမှုများသည် ဤအချိန်မှစ၍ နားလည်မှုလွဲမှားကောင်း လွဲမှားနေသည် ကိုတွေ့ရှိလာနိုင်ပေသည်။ ထို့ကြောင့် အချိန်လိုသည်။ အင်္ဂလိပ်ဘာသာသည် မိခင်ဘာသာစကား မဟုတ်သူများအတွက်(ကြီးကြပ်သူဆရာ(သို့) ကျမ်းပြုစုသူ)မိမိ၏အယူအဆ၊ အတွေးအခေါ်များအား တစ်ခြားသူအား လုံးစေ့ပတ်စေ့ နားလည်စေရန် ဖော်ပြရာတွင် ခက်ခဲနိုင်သည့်အတွက် ပြန်လည်စစ်ဆေးမှုများ များစွာလိုအပ်သည်။ အမှန်ဆိုရလျှင် သင်၏ကြီးကြပ်သူဆရာသည် သင့်ကျမ်းအား စစ်ဆေးတည်းဖြတ်ရာ၌ မြန်ဆန်မှု မရှိနိုင်သည်ကိုပါ ထည့်သွင်းစဉ်းစားသင့်သည်။

အနည်းဆုံး အချိန်လုံလောက်စွာယူပါ။ အလျင်စလိုလုပ်ဆောင်မှုများသည် အကျိုးဆက်အနေဖြင့် သင်၏ Thesis defense တွင်ဆိုးကျိုးများသာ ဖြစ်ပေါ်စေနိုင်၍ဖြစ်သည်။

Figure from http://www.morris.umn.edu/academic/philosophy/Philosophy/seniorthesisdefense.htm

(ဆက်လက်ဖော်ပြပါမည်)

Saturday, January 31, 2009

Thesis တစ်စောင် ဘယ်လိုရေးမလဲ(၄)


၇။ မှီငြမ်းကိုးကားချက်များ (ကျမ်းကိုး)


မှီငြမ်းကိုးကားချက်များသည် အများအားဖြင့် အခန်း(၃)တွင် ဖော်ပြခဲ့သော State of Art နှင့် များစွာ ဆက်နွယ် ရပေမည်။ ဘွဲ့လွန်ကျမ်းအား အကဲဖြတ်သူများသည် အခန်း(၃)တွင် ဖော်ပြခဲ့သော အကြောင်းအရာများအား ဤအခန်းတွင် ဖော်ပြထားသော မှီငြမ်းကိုးကားချက်များနှင့် တိုက်ဆိုင်စစ်ဆေးလေ့ ရှိသဖြင့် သက်ဆိုင်ရာ ကျမ်းကိုးများအား မကျန်ရစ်စေရန် သတိပြုရမည်။ ပုံမှန်အားဖြင့် စာတမ်းစစ်ဆေး အကဲဖြတ်သူ၏ သုတေသန လုပ်ငန်းနယ်ပယ်သည် သင်၏သုတေသနနှင့် ဆက်စပ်မှုရှိသည် ဆိုပါက ၎င်းအကဲဖြတ်သူသည် သူ၏ သုတေသနစာတမ်းအား သင်၏ကျမ်းကိုးစာရင်းတွင် ထည့်သွင်းထားခြင်း ရှိမရှိ ရှာဖွေလေ့ရှိသည်။ ၎င်းအပြင်၊ သင်သည် ထိုအကဲဖြတ်သူ၏ သုတေသနစာတမ်းများ (သုတေသနဆိုင်ရာ စိတ်ဝင်စားမှု အကြောင်းအရာ၊ ရှုထောင့်) အားလေ့လာထားပါက ထိုသူ၏ မေးခွန်းများအား ခန့်မှန်းနိုင်ရန် သဲလွန်စများရနိုင်ပေရာ ထိုအကဲဖြတ်သူ၏ သုတေသနစာတမ်းများအား လေ့လာထားသင့်သည်။

ကျမ်းကိုးများသည် ဘွဲ့လွန်ကျမ်း၏ အဓိကကျသော အပိုင်းအား ရေးသားရာတွင် ကိုးကားထားသည့် စာတမ်း၊ စာအုပ်များပင် ဖြစ်သည်။ ဤနေရာတွင် Bibliography နှင့် ကွဲပြားသောအချက်မှာ Bibliography သည် မိမိ၏ ဘွဲ့လွန်ကျမ်းနှင့် တိုက်ရိုက် မသက်ဆိုင်သော (ကိုးကားထားခြင်းမရှိသော) စာတမ်းစာရင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ မိမိဆောင်ရွက်ခဲ့သော သုတေသန၏ မတူသောရှုထောင့်၊ လုပ်ထုံးလုပ်နည်း များဖြင့် အခြားသူများက ဆောင်ရွက်ခဲ့ပြီးသော စာတမ်းများကို စုစည်းတင်ပြခြင်း ဖြစ်သည်။

ကျမ်းကိုးများအား စာရင်းပြုစုရာတွင် စာရေးသူအမည်များအား အက္ခရာ (alphabet) အစဉ်အတိုင်း (သို့မဟုတ်) ဘွဲ့လွန်ကျမ်းအားရေးသားရာတွင် ဖော်ပြခဲ့သော ကိုးကားချက် အစဉ်အတိုင်း ဖော်ပြခြင်းပြုနိုင်သည်။

၈။ နောက်ဆက်တွဲ

မည်သည့်အကြောင်းအရာများ ဤအခန်းတွင် ထည့်သွင်းသင့်သနည်း။

ပုံမှန်အားဖြင့် ဤအခန်း၌ ထည့်သွင်းသင့်သည့် အကြောင်းအရာများသည် စာတမ်းအကဲဖြတ်စစ်ဆေးသူများက သင်၏ တင်ပြချက်များအား ယုံကြည်လက်ခံစေရန် အတွက် အရေးကြီးသည့် အကြောင်းအရာများပင်ဖြစ်သည်။

သို့သော်လည်း စာကိုယ်၌် သင်၏ သုတေသနစာတမ်းတွင် အသုံးပြုခဲ့သော အရေးကြီးသည့် Data ဇယားများ၊ တွက်ချက်နည်းများ၊ Formula derivation များ နှင့် program lists များ ထည့်သွင်းပါက စာဖတ်သူ၏ စိတ်ဝင်စားမှု အားလျော့နည်းသွားစေနိုင်သည်။

သို့ဖြစ်၍ သင်၏ တင်ပြမှုအား ချောမွေ့စေရန် အတွက် ဘွဲ့လွန်ကျမ်းအားဖတ်ရှုရာတွင် နှောင့်နှေးစေသော အသေးစိတ် အကြောင်းအရာများအား ဘွဲ့လွန်ကျမ်း၏အဓိက စာကိုယ်၌ ဖော်ပြခြင်းမပြုပဲ ဤအခန်း၌ စုစည်း၍ဖော်ပြခြင်းဖြစ်သည်။


ဘွဲ့လွန်ကျမ်းတစ်စောင်၏ ပုံစံ(ဖော်ပြချက်) အကျဉ်းချုပ်

တစ်ဖန်ပြန်၍ ပြောရလျှင် ဘွဲ့လွန်ကျမ်းသည် သက်ဆိုင်ရာ တက္ကသိုလ်တစ်ခု၏ အသိအမှတ်ပြု စာတမ်း (အထောက်အထား)တစ်ခု ဖြစ်ပြီး အဓိက အရေးကြီးသော အချက်(၂)ချက် (အပိုင်း-၁ တွင်ဖော်ပြပြီး)အား ဖော်ပြနေခြင်းပင်ဖြစ်သည်။

အခန်း(၃) နှင့် (၄)သည် သုတေသန ပြုလုပ်သင့်သည့်(ဖြေရှင်းရန် လိုအပ်နေသည့်) အကြောင်းအရာကောင်း တစ်ခုအား ဖော်ပြပြီး အခန်း(၅)သည် ၎င်းအကြောင်းအရာအား သင်ကဖြေရှင်းပြီးဖြစ်ကြောင်း ဖော်ပြခြင်း ဖြစ်သည်။

အခန်း(၁) နှင့် (၂)သည် စာဖတ်သူအား သင်၏သုတေသနလုပ်ငန်းခွင်သို့ ဆွဲဆောင်ခေါ်ယူခြင်း ဖြစ်၍ အခန်း(၆)သည် သင့်သုတေသနမှ ရရှိသော အသီးအပွင့်များအား ဖော်ပြခြင်းပင် ဖြစ်ပေသည်။

သတိပြုရမည်မှာ အခြားသူများ ပြုလုပ်ခဲ့သော သုတေသန လုပ်ဆောင်ချက်များသည် သင်ပြုလုပ်ခဲ့သော သုတေသန လုပ်ဆောင်ချက် နှင့် ကွဲပြားခြားနားသည် ဟူသော အချက်ပင် ဖြစ်သည်။ ထိုအပြင် သင်သည် အခြားသူများ၏ သုတေသနလုပ်ဆောင်ချက်များ အားသိရှိထားခြင်း ရှိမရှိဆိုသည့် အချက်မှာလည်း အရေးပါသော အခန်းကဏ္ဍတစ်ရပ် အဖြစ်ပါဝင်သည်။ သို့ဖြစ်၍ အခန်း(၄)တွင် ဤအချက်များအား ဖော်ပြပေးခြင်းဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်။)

Tuesday, January 27, 2009

Thesis တစ်စောင် ဘယ်လိုရေးမလဲ(၃)


အခန်း(၄) သုတေသန၏ရည်ရွယ်ချက် အားဖော်ပြခြင်း

အင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များတွင် ဘွဲ့လွန်ကျမ်း ရေးသားရာ၌ သုတေသနပြုလုပ်ရခြင်း၏ “ရည်ရွယ်ချက်”အား “ပြဿနာ” အနေဖြင့် ရှာဖွေတင်ပြလေ့ရှိသည်။ သို့သော် အခြားဘာသာရပ်များ၌ “နားမလည်သေးသော မေးခွန်း” အားဖြေဆိုရန် ရည်ရွယ်ချက်ဖြင့် တင်ပြလေ့ရှိ၏။ မည်သည့်ပုံစံဖြင့်မဆို ဤအခန်း၌ အဓိက အချက်(၃)ချက်ပါဝင်သည်။


၁။ သင်၏ဘွဲ့လွန်ကျမ်းက ဖြေရှင်းမည့် ပြဿနာအား ကျစ်လျစ်ပြည့်စုံသော ဖော်ပြချက်၊
၂။ အခန်း(၃) ၌ ဖော်ပြခဲ့သော အချက်အလက်များအား ကိုးကား၍ သင်ဖြေရှင်းမည့် ပြဿနာသည် မည်သူမှ ဖြေရှင်းထားခြင်း မရှိသေးကြောင်း အကျိုးအကြောင်းဖြင့် ဖော်ပြချက်၊
၃။ မည်သည့်အတွက်ကြောင့် ဤပြဿနာအား ဖြေရှင်းရန် လိုအပ်ကြောင်း အား ဆွေးနွေးချက်၊ စသည်တို့ ဖြစ်သည်။


အထက်ဖော်ပြထားသော အချက်(၂) သည် အခန်း(၃)၌ သင်တင်ပြခဲ့သော အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု ဖြစ်သည်။ ဥပမာ- NP-complete ပြဿနာအား ဖြေရှင်းရန် ပိုမိုကောင်းမွန်သော နည်းလမ်းအသစ် တစ်ခုခုအား ဖော်ထုတ်မည် ဆိုပါစို့။ အခန်း(၃)၌ ဖော်ပြခဲ့သော ချဉ်းကပ်ပုံ နည်းလမ်းများ၏ အားနည်းချက်၊ အားသာချက်များအား နှိုင်းယှဉ်တင်ပြပြီး မည်သို့သော အခြေအနေ (တွက်ချက်ရန် (သို့) အဖြေထုတ်ရန် အချိန်ကာလ ကြာမြင့်ခြင်း၊ ပြဿနာအားလုံးအား မဖြေရှင်းနိုင်ခြင်း) တွင် ဖြေရှင်းရန် သင့်တော်မှု မရှိကြောင်း ရှင်းလင်း ပြသသင့်သည်။ ထို့နောက် အခန်း(၄)၏ နောက်ဆုံး အပိုင်း၌ သင်ဖော်ထုတ်မည့် နည်းလမ်းသည် မည်သို့မည်ပုံ အသုံးဝင်ကြောင်း ရှင်းလင်းဖော်ပြနိုင်သည်။
ဤသို့အားဖြင့် သင့်သုတေသန၏ ရည်ရွယ်ချက်အား သိရှိလိုသော စာဖတ်သူများအား ဤအခန်းမှ မီးမောင်းထိုးပြနိုင်မည် ဖြစ်ပေသည်။


အခန်း(၅)။ ဖြေရှင်းပုံ နည်းလမ်းအား ဖော်ပြခြင်း။


ဤအပိုင်း၌ ရေးသားမည့် ပုံစံသည် အတည်တကျမရှိပါ။ လိုအပ်သလို အခန်းခွဲများ ထည့်သွင်းနိုင်သည်။ သို့သော် အခန်းခွဲများတွင်ရေးသားမည့် ဦးတည်ချက်မှာ တစ်ခုတည်းပင်။ ဆိုလိုသည်မှာ အခန်း(၄)တွင် ဖော်ပြခဲ့သော ပြဿနာအား မည်သို့ဖြေရှင်းခဲ့ပုံ နှင့် စစ်ဆေးသူများ၏အကဲဖြတ် မေးခွန်းများ (Thesis တစ်စောင် ဘယ်လိုရေးမလဲ(၁) ၌ ဖော်ပြခဲ့ပြီး)ကို ပြေလည်ကြောင်း တင်ပြလိုသော ရည်ရွယ်ချက် ဖြစ်သည်။

သတိပြုရန်မှာ ပြဿနာအား ဖြေရှင်းနိုင်ခဲ့ပုံ နည်းလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် တိုက်ရိုက် မသက်ဆိုင်သော အကြောင်းအရာများ (ဥပမာ- မိမိ လမ်းလွဲရောက်ခဲ့ပုံ၊ မျှော်လင့်ထားသည့် အဖြေမရ၍ ဒုက္ခရောက်ခဲ့ရပုံများ) အား ထည့်သွင်းခြင်းမပြုပါနှင့်။ ဘွဲ့လွန်ကျမ်းဆိုသည်မှာ ရသစာပေတစ်ပုဒ် ရေးသားခြင်း မဟုတ်ပါ။ သို့ဖြစ်၍ မိမိ၏ စိတ်ခံစားမှု ဆိုင်ရာ အကြောင်းအရာများအား ဤအခန်း၌ ထည့်သွင်းခြင်းမပြုရန် လိုအပ်သည်။

အခန်း(၆)။ နိဂုံး

ဤအခန်း၌ အပိုင်း(၃)ပိုင်း ပါဝင်သည်။

၁။ မိမိတွေ့ရှိချက်များအပေါ်၌ သုံးသပ်တင်ပြခြင်း။ (Conclusions)
၂။ သုတေသနရလဒ်၏ အကျိုးဖြစ်ထွန်းမှု အနှစ်ချုပ်။ (Summary of Contributions)
၃။ ဤသုတေသနမှ ဆက်လက်လုပ်ဆောင်နိုင်မည့် လမ်းကြောင်းများ။ (Future Research)

၁) အပိုင်း(၁) သည်သင်၏သုတေသန လုပ်ဆောင်ချက် တစ်ခုလုံးအား လိုရင်းတိုရှင်း သုံးသပ်တင်ပြ ခြင်းပင်ဖြစ်သည်။ မိမိတင်ပြလိုသည့် အရေးကြီးဆုံးအချက်မှ စတင်၍ အစဉ်အတိုင်းရေးသားကာ စာပိုဒ်ငယ်များ ခွဲခြား၍ တင်ပြနိုင်သည်။ သုံးသပ်ချက်အားလုံးသည် သုတေသနမေးခွန်း (သို့) ပြဿနာ နှင့် တိုက်ရိုက် ပတ်သက်နေသင့်သည်။
ဥပမာ- (က) အခန်း(၄)၌ ဖော်ပြခဲ့သော ပြဿနာအား အခန်း(.....) မှ အခန်း (.....) အတွင်း ဖြေရှင်းပြခဲ့ပါသည်။
(ခ) ပြဿနာအား ဖြေရှင်းရန် အဓိက လုပ်ထုံးလုပ်နည်းမှာ .........ဖြစ်ပါသည်။
စသည်ဖြင့်.....

၂) ဤအပိုင်းသည် သင်၏လုပ်ဆောင်မှုမှ ရရှိသော အကျိုးဖြစ်ထွန်းမှုများ၏ အနှစ်ချုပ်အား စုစည်းတင်ပြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဤအပိုင်းသည် ဘွဲ့လွန်ကျမ်းအား အကဲဖြတ်သူများ၏ အထူးအာရုံစိုက်ရာ အခန်းကဏ္ဍ ဖြစ်သည်။ အပိုင်း(၂)သည် အပိုင်း(၁) နှင့် တစ်စိတ်တစ်ပိုင်း အားဖြင့် ရံဖန်ရံခါ ထပ်တူညီနေလေ့ရှိသည်။ သင်၏အသစ် ရှာဖွေတွေ့ရှိချက်များအား အရေးကြီးမှု အလိုက်အမှတ်စဉ်တပ်၍ (သို့) စာပိုဒ်ငယ်များ ခွဲ၍ ဖော်ပြခြင်းမှာ အကောင်းဆုံးဖြစ်သည်။
ဥပမာ- (က) NP-complete ပြဿနာအား ပိုမိုမြန်ဆန်စွာဖြင့် တွက်ချက်နိုင်သည့် နည်လမ်းကို ဖော်ထုတ်နိုင်ခဲ့ခြင်း၊
(ခ) မည်ကဲ့သို့ မြန်ဆန်စွာ တွက်ချက်နိုင်သည်ကို သက်သေသာဓကဖြင့် ထင်ရှားစွာ ပြသခဲ့ခြင်း၊
စသည်ဖြင့်....

၃) ဤအပိုင်း၌ အခြားသုတေသီများက သင်၏တွေ့ရှိချက်ကိုအခြေခံ၍ ပညာရပ်ဆိုင်ရာ တိုးတက် ပြန့်ပွား စေရန်အတွက် ဆက်လက် သုတေသနပြုရန် နည်းလမ်းများ၊ အတွေးအခေါ် အယူအဆများအား စာပိုဒ်ငယ်များ ခွဲကာကျစ်လစ်စွာ တင်ပြပေးသင့်သည်။

figure is cited from "Enjoy Writing Your Science Thesis or Dissertation" by Daniel Holtom & Elizabeth Fishter.
(ဆက်လက်ဖော်ပြပါမည်။)

Friday, January 23, 2009

Thesis တစ်စောင် ဘယ်လိုရေးမလဲ(၂)

ဘွဲ့လွန်ကျမ်းတစ်စောင်၏ ယေဘုယျ ပုံစံ

အခန်း ၁။ နိဒါန်း (Introduction)

ပထမဆုံး အခန်းသည် ဘွဲ့လွန်ကျမ်းတွင်ပါဝင်မည့် အခန်းကဏ္ဍတစ်ခုချင်း၏ အကြောင်းအရာများကိုသာ ဖော်ပြရုံမျှသာမဟုတ်ပဲ ဘွဲ့လွန်ကျမ်း၏ အကြောင်းအရာတစ်ခုလုံးကို ခြုံငုံဖော်ပြရမည့် အခန်းကဏ္ဍတစ်ရပ်ပင် ဖြစ်သည်။ သင်၏ ဘွဲ့လွန်စာတမ်း ကဖြေရှင်းပေးမည့် မေးခွန်း(သို့) ပြဿနာ အား အကျဉ်းချုံး ဖော်ပြပြီး (ထိုပြဿနာအား နောက်အခန်းများ၌ အသေးစိတ် တင်ပြရန်) မည်သည့်အတွက်ကြောင့် သင်ရှာဖွေခဲ့သော မေးခွန်း (သို့) ပြဿနာသည် ဖြေရှင်းရန် သင့်လျော်ကြောင်း အကြောင်းပြချက် နှင့် သင့်အဖြေများအား ခြုံငုံသုံးသပ်ချက် များ တင်ပြပေးရမည်။ ဆိုလိုသည်မှာ စာဖတ်သူက သင်၏ဘွဲ့လွန်စာတမ်းက ဖြေရှင်းပေးမည့် မေးခွန်းများအား အလွယ်တကူ နားလည်အကဲဖြတ်နိုင်စေရန် ဖြစ်သည်။


အခန်း ၂။ နောက်ခံ အကြောင်းအရာ (လိုအပ်လျှင်ထည့်ရန်)
(Background Information (optional))

အကယ်၍ သင်သည် ကွဲပြားသည့် အကြောင်းအရာ၊ အခြား ဘာသာရပ် နှင့် ဆက်စပ်၍ သုတေသန လုပ်ခဲ့သည် ဆိုပါက ထိုအကြောင်းအရာများ၏ နောက်ခံ သတင်းအချက်အလက်များအား ဤအခန်းတွင် ရေးသားနိုင်သည်။ ဆိုလိုချက်မှာ စာဖတ်သူနှင့် မရင်းနှီးသေးသည့် အကြောင်းအရာ များအား နားလည် သဘောပေါက်စေရန် ဖြစ်သည်။ ဥပမာအားဖြင့် "A Brief Review of ........" ဟူ၍ ခေါင်းစဉ် ပေးနိုင်သည်။


အခန်း ၃။ ပညာရပ်အား ပြန်လည်သုံးသပ်ခြင်း (Review of the State of the Art)

သင့်ဘွဲ့လွန်စာတမ်း နှင့်ဆက်စပ်နေသည့် မျက်မှောက်ခေတ်တွင် ပေါ်ထွန်းနေပြီးဖြစ်သော နည်းပညာများ နှင့် အတွေးအခေါ်များအား ပြန်လည် သုံးသပ် တင်ပြနိုင်ရမည်။ ထို့နောက် ထိုတင်ပြချက် (မိမိ၏ အတွေးအခေါ်မပါဝင်ပါ) မှ ဤကဲ့သို့ခေါင်းစဉ် ပေးနိုင်သည်။ ဥပမာ- "State of the Art in NP-complete"

ဤအခန်း၌ မည်သို့တွေးခေါ်ယူဆခဲ့သည် ဆိုသည့် အချက်ကိုသာ အလေးပေးဖော်ပြသင့်သည်။
(ဆိုလိုသည်မှာ မိမိကိုးကားခဲ့သည့် စာတမ်းများ၊ စာတမ်းပြုစုသူများ အားဖြင့် အခန်းကဏ္ဍခွဲခြင်းမဟုတ်ပဲ ၎င်းတို့၏ စဉ်းစားတွေးခေါ်ပုံ ဖြင့်စုစည်းတင်ပြခြင်း)
ဥပမာ၊ NP-complete ပြဿနာအားဖြေရှင်းရန် ချဉ်းကပ်ပုံများမှာ-

3.1 Approximation: Instead of searching for an optimal solution, search for an "almost" optimal one.
3.2 Randomization: Use randomness to get a faster average running time, and allow the algorithm to fail with some small probability. See Monte Carlo method.
3.3 Restriction: By restricting the structure of the input (e.g., to planar graphs), faster algorithms are usually possible.
3.4 Parameterization: Often there are fast algorithms if certain parameters of the input are fixed.
3.5 Heuristic: An algorithm that works "reasonably well" in many cases, but for which there is no proof that it is both always fast and always produces a good result. Metaheuristic approaches are often used.

(ဆက်လက်ဖော်ပြပါမည်။)

Thursday, January 22, 2009

Thesis တစ်စောင် ဘယ်လိုရေးမလဲ(၁)


How to Organize Thesis?

ဘွဲ့လွန်ကျမ်း တစ်စောင်ရေးခြင်း ဆိုသည်မှာ ဘွဲ့လွန်ဒီဂရီတစ်ခု ရရှိရန်အတွက် အဓိကအရေးပါသော အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါသည်။


ဘွဲ့လွန်ကျမ်း တစ်စောင် ရေးနိုင်ရန် ပထမဆုံးအနေဖြင့် သုတေသနပြုသူသည် သုတေသန၏ လုပ်ငန်းစဉ် အဆင့်ဆင့်ကို သိရှိနားလည်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ဤဆောင်းပါးသည် ယခုမှစ၍ ဘွဲ့လွန် သုတေသန စတင်လုပ်ဆောင်နေသူများ အတွက်ပါမက ဘွဲ့လွန်ကျမ်း (သို့) သုတေသနစာတမ်းအား စတင် ရေးသားတော့မည့် သူများအတွက်ပါ အသုံးဝင်မည်ဟု မျှော်လင့်ပါသည်။

ဘွဲ့လွန် သုတေသနလုပ်ငန်းဆိုသည်မှာ--

မိမိပြုလုပ်နေသောဘွဲ့လွန် သုတေသနလုပ်ငန်းသည် မိမိ၏ ကိုယ်ပိုင် အတွေးအခေါ် အယူအဆကို ဖော်ပြနိုင်ပြီး သက်ဆိုင်ရာ ဘာသာရပ်၏ အသိပညာ တိုးတက် ဖွံ့ဖြိုးမှု၌ အထောက်အကူပြုကြောင်း ပြသနိုင်ရမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ ဘွဲ့လွန်ကျမ်းတစ်စောင် ရေးသားရခြင်းရဲ့ ရည်ရွယ်ချက်သည် မိမိ၏ ကိုယ်ပိုင် အတွေးအခေါ် နှင့် လုပ်ဆောင်နိုင်မှု ကိုပြသနိုင်ရန် အလို့ငှာ သက်ဆိုင်ရာ တက္ကသိုလ်တစ်ခု၏ အသိအမှတ်ပြု စာတမ်း (အထောက်အထား)ပင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ထိုကဲ့သို့ လုပ်ဆောင်နိုင်မှုအား မပြသနိုင်ပါက (ဘွဲ့လွန်ကျမ်းတစ်စောင် မရေးသားနိုင်ပါက) ဘာသာရပ်ဆိုင်ရာ အသိပညာတိုးတက်ဖွံ့ဖြိုးမှု မှာ အထောက်အကူပြုသည်ဟု မဆိုနိုင်ပါ။

သို့ဖြစ်၍ သင့်၏ သုတေသနစာတမ်း၌ အောက်ပါ အရေးကြီးသော အချက် ၂ ချက်ဖြင့် ပြည့်စုံရန်လိုအပ်သည်။

၁။ သင်သည် မည်သူမှ မဖြေရှင်းနိုင်သေးသော (အဖြေမပေးနိုင်သော) ပြဿနာ (သို့) မေးခွန်းတစ်ခုအား ရှာဖွေတင်ပြနိုင်ရမည်။
၂။ ထိုပြဿနာ (သို့) မေးခွန်းအား ဖြေရှင်းနိုင်ရမည် (အဖြေပေးနိုင်ရမည်။)

မည်သို့သော အတိုင်းအတာထိ ပညာရပ်ဆိုင်ရာတိုးတက်မှု၌ အကျိုးပြုသည် ဆိုသည်မှာ သင်၏ အဖြေသုံးသပ်ချက်ပေါ်၌ မူတည်နေ၏။

ဘွဲ့လွန်ကျမ်း
ဆိုသည်မှာ--

ဘွဲ့လွန်ကျမ်း၏ ရည်ရွယ်ချက်မှာ သင်၏ မူလဖန်တီးနိုင်စွမ်းရည် အားပြသခြင်းပင်ဖြစ်သည်။ စစ်ဆေးသူများသည် အောက်ပါ မေးခွန်းများအပေါ် အခြေခံ၍ အဖြေရှာကာ သင်၏ ဘွဲ့လွန်ကျမ်း အားအကဲဖြတ်ခြင်း ဖြစ်ပါသည်။
  • ကျောင်းသားရဲ့သုတေသနလုပ်ဆောင်သော ပြဿနာဟာ ဘာလဲ။ (ဘာ့ကြောင့် ဒီသုတေသနကို လုပ်ဖို့ လိုအပ်တာလဲ။)
  • ဒီပြဿနာဟာအတွက် အရင်က အဖြေရှိခဲ့ပြီးပြီလား။ ဒါမှမဟုတ် ရှေ့ဆက်လုပ်လို့ရမဲ့ အလုပ်တွေအတွက် အသုံးဝင်နိုင်မဲ့ ပြဿနာကောင်းတစ်ခုလား။
  • ကျောင်းသားဟာ အဲဒီပြဿနာအတွက် အဖြေကို ပြည့်စုံစွာ တင်ပြခဲ့သလား။
  • ကျောင်းသားရဲ့ လုပ်ဆောင်ချက်ဟာ ပညာရပ်နဲ့ ပတ်သက်တဲ့ အသိပညာတွေမှာ အထောက်အကူ ပြုခဲ့ပါသလား။

ဆိုလိုချက်မှာ ရှင်းပါသည်။ သင်သည် သင်၏မူလဖန်တီးနိုင်စွမ်းရည် အားပြသနိုင်ရမည် ဖြစ်ကာ အသိပညာ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးသက်ရောက်သော အဖြေများကို ပြန်လည်ဖြန့်ဝေ ပေးနိုင်ရမည်ဟု ဆိုလိုပါသည်။

သင်၏ မူလဖန်တီးနိုင်စွမ်းကို မည်သို့ပြသမည်နည်း။

သင်သည် သင်၏ ဘာသာရပ်နှင့်ပတ်သက်သော ဆက်စပ်လေ့လာသင့်သည့် စာပေများ၊ ဘာသာရပ်နှင့် ဆက်နွယ်မှုရှိသော စာပေများကို လေ့လာထားကြောင်း ပြသနိုင်ရမည်။ ထို့နောက် ၎င်းစာပေများအား ပြန်လည်ကိုးကားကာ သင်၏အဖြေသည် မည်သူမှ ဖြေရှင်းထားသောသူ မရှိသေးသော အဖြေ ဖြစ်ကြောင်း သက်သေပြနိုင်ရမည်။ သင်သည် သင့်၏အဖြေအား မည်သို့မည်ပုံ ရှာဖွေခဲ့ရသည် ဆိုသည်ကို ရေးသားနိုင်သည်။ ဤသို့ဖြင့် သင့်၏ ဘာသာရပ်ဆိုင်ရာ အသေးစိတ်လေ့လာမှု၊ နားလည်မှု နှင့် ရင်းနှီးကျွမ်းဝင်မှုအား ဖော်ပြနိုင်ပါသည်။

တကယ်၍ သင်၏ ဘွဲ့လွန်ကျမ်း သည် အထက်ပါ စစ်ဆေးသူများ၏ မေးခွန်းများအား တိကျစွာ ဖြေဆိုနိုင်ခြင်း မရှိပါက သင်သည် သင်၏ Thesis defence မှာ ရှုံးနိမ့်တော့မည် ဟု ပြောနိုင်ပါသည်။ ထို့ကြောင့် အထက်၌ ဖော်ပြခဲ့သော မေးခွန်းများပေါ်၌ အခြေခံပြီး ဘွဲ့လွန်ကျမ်းတွင် ပါဝင်ရမည့် အဓိကအရေးပါသော အခန်းကဏ္ဍ များအားဆက်လက်တင်ပြသွားမည် ဖြစ်ပါသည်။

သင်သည် ဘွဲ့လွန်ကျမ်းတစ်စောင်ဆိုသည်မှာ သက်ဆိုင်ရာ တက္ကသိုလ်တစ်ခု၏ “တရားဝင်အသိအမှတ်ပြု စာတမ်းတစ်စောင်” ဆိုသည့်အချက်အား သတိရရန်လိုအပ်သည်။ ထို့ကြောင့်ဘွဲ့လွန်ကျမ်းတွင် ပါဝင်မည့် အခန်းကဏ္ဍများအား စနစ်တကျ နှင့် ကျစ်လျစ်စွာ ဖော်ပြနိုင်ရမည် ဖြစ်သည်။

မှတ်ချက်။ Prof. John W.Chinneck, Dept. of Systems and Computer Engineering, Carleton University Ottawa, Canada ရေးသားသော "How to organize Thesis" ဆောင်းပါးအား ဘာသာပြန်သည်။

(ဆက်လက်ဖော်ပြပါမည်။)

Posts with same label

Related Posts with Thumbnails