Tuesday, September 21, 2010

ကမ္ဘာအေးစေတီတော်နဲ့ မိုဂျိကိုမြို့



ဂျပန်မှာ တစ်နေရာတည်းသော မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနဲ့ စေတီပုထိုး တည်ရှိရာနေရာကတော့ ဂျပန်နိုင်ငံ တောင်ပိုင်းမှာ တည်ရှိတဲ့ ကျူးရှူးကျွန်း (Kyushu) ရဲ့ မြောက်ဖက်ဆုံး အပိုင်း (Kitakyushu) က မိုဂျိကို(Mojiko) ဆိုတဲ့ မြို့လေးပဲဖြစ်ပါတယ်။
မိုဂျိကို ဆိုတာ A port of Moji ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် လောက် ကတည်းက ပင်လယ်ကူးသဘောင်္တွေ ၀င်ထွက်ရာ ဆိပ်ကမ်းမြို့လေး တစ်မြို့ပေါ့။


မိုဂျိကိုမြို့ဟာ ရထားလမ်းဆုံး မြို့လေးဖြစ်ပြီး သူရဲ့ တစ်ဖက်ကမ်းမှာတော့ ဂျပန်နိုင်ငံရဲ့ Honshu (=Japan mainland) လို့ခေါ်တဲ့ အပိုင်းကို မြင်နေရပါတယ်။ မိုဂျိကို ဘူတာက ရှေးဟောင်း အဆောက်အဦးလေးတစ်ခုပဲဖြစ်ပါတယ်။ ဘူတာကို ၀င်ဝင်ချင်းမှာပဲ ရှေးခေတ်က လန်ချားတွေ၊ မီးသတ်ကားတွေ ကိုပြတိုက်သဖွယ် ပြသထားတာကို တွေ့ခဲ့ရပါတယ်။

ဒီမြို့လေးမှာ ရှေးဟောင်း ဥရောပစတိုင် အဆောက်အဦး တွေကိုလဲ ထိန်သိမ်းထားပါတယ်။ အောက်က ပုံက ၁၉၂၁ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ တည်းခိုခန်း ဖြစ်ပါတယ်။ ရူပဗေဒပညာရှင် အဲလဘတ်အိုင်းစတိုင်းနဲ့ သူ့ရဲ့ဇနီးဟာ ၁၉၂၂ခုနှစ် ဂျပန်ကို လာရောက်တုံးက ဒီတည်းခိုခန်းမှာ တည်းခိုခဲ့ပါတယ်။ အခုတော့ ဒီတည်းခိုခန်းကို ပြတိုက်အဖြစ် ထားရှိထားတယ်။






ဒီနေရာကနေ တောင်ပေါ်ကစေတီလေးကို လှမ်းမြင်ရတယ်။

တောင်ပေါ်ကို တက္ကစီငှားပြီး တက်ခဲ့ကြတယ်။
ကမ္ဘာအေး စေတီတော် (အင်္ဂလိပ်လို .. World Peace Pagoda၊ ဂျပန်လို 世界平和パゴダー) ဟာ ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ်တည်ထားခဲ့တဲ့ ဂျပန်နိုင်ငံမှာ ရှိတဲ့ တစ်ဆူတည်းသော မြန်မာစေတီ ဖြစ်ပါတယ်။

မြန်မာကျောင်းတိုက် ကိုရောက်ပါပြီ။





ဘုန်းတော်ကြီးများ သီတင်းသုံရာ ကျောင်းတိုက်

ဘုန်းတော်ကြီးကျောင်းအတွင်းမှာ ဘုရားခန်း

ဘုန်းတော်ကြီးများ ဆွမ်းဘုန်းပေးရာအခန်း
အခုလက်ရှိ သီတင်းသုံး နေထိုင်တဲ့ သာသနာပြု မြန်မာ ဘုန်းတော်ကြီး (၃)ပါးရှိပါတယ်။ ဆရာတော်ကြီး တစ်ပါးကတော့ ဂျပန်မှာ သီတင်းသုံးတာ နှစ်ပေါင်း ၅၀ ကျော်ရှိနေပြီဖြစ်ပြီး သက်တော်အရလဲ အတော်ကြီးရင့်နေပါပြီ။ ဆရာတော်ကြီးဘွဲ့ တော် က အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တခေမိန္ဒ ဖြစ်ပါတယ်။ သက်တော် ၈၈နှစ် ရှိနေပါပြီ။ အခြား ဆရာတော် (၂)ပါးကတော့ ဦးဝဇ္ဇာနန္ဒ နဲ့ ဦးသုစိန္ဒဖြစ်ပြီး ဒီဆရာတော်များလည်း ဂျပန်မှာ နှစ်ပေါင်း (၃၀)ကျော် သီတင်းသုံးနေထိုင်ခဲ့ပါတယ်။
ဆရာတော်ကြီးများအား ဖူးမျှော်ကန်တော့ပြီး ကမ္ဘာအေး စေတီတော်တည်ရှိရာ တောင်ကုန်းလေးဘက် ကိုတက်ခဲ့ကြပါတယ်။

ကမ္ဘာအေးစေတီတော် အ၀င်ဝ
ကမ္ဘာအေး စေတီတော်(World Peace Pagoda)






စေတီ အတွင်းပိုင်းက ဘုရားရုပ်ပွားတော်
၁၉၅၈ ခုနှစ် စေတီတော် တည်တုန်းက မှတ်တမ်းဓာတ်ပုံများ
၁၉၅၈ ခုနှစ် စေတီတော် တည်တုန်းက မှတ်တမ်းဓာတ်ပုံများ
ဧည့်သည်မှတ်တမ်း စာအုပ်
သဘောင်္ဆိပ်ကမ်းနေ လှမ်းကြည့်ရင် တောင်ပေါ်မှာ တည်ထားတဲ့ ကမ္ဘာအေး စေတီတော်ကို မြင်နိုင်တဲ့ အတွက် မိုဂျိကို ဆိပ်ကမ်းကို ရောက်ရှိကြတဲ့ မြန်မာ သဘောင်္သားအများစုဟာ လာရောက်ဖူးမျှော်ကြတယ်လို့ သိရပါတယ်။
စေတီတော်အပြင်ဘက်မှာ ဖူးတွေ့ခဲ့ရတဲ့ လျောင်းတော်မူရုပ်ပွားတော်
ကမ္ဘာအေး စေတီကို တည်ဆောက်ခဲ့ရခြင်း ရည်ရွယ်ချက်ကတော့ ဒုတိယကမ္ဘာစစ် အတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ သူများအားလုံးအတွက်ရည်စူးပြီး၊ ကမ္ဘာကြီး ငြိမ်းချမ်းရေး အထိမ်းအမှတ် စေတီတော် အဖြစ် တည်ထားခဲ့တာ ဖြစ်ကြောင်း မှတ်သားရပါတယ်။ စေတီတော်သမိုင်းကြောင်းကို သိသလောက်ပြန်ပြောရရင် ၁၉၅၄ ခုနှစ် မြန်မာနိုင်ငံမှာ ဆဌမအကြိမ်မြောက် သံဃာယနာတင်ပွဲ ကျင်းပခဲ့တုန်းက ဂျပန် ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့လဲ တက်ရောက်ခဲ့ကြပါတယ်။ အိန္ဒိယကနေစတင် ပြန့်နှံ့ခဲ့တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဟာ မြန်မာအစရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံများကို ပြန့်နှံ့နေခဲ့ပြီဖြစ်တဲ့အတွက် ဂျပန် ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန်နိုင်ငံသို့လဲ ဒီဗုဒ္ဓဘာသာကို ပြန့်နှံ့စေချင်တဲ့ ဆန္ဒရှိနေခဲ့ပါတယ်။ ဒီအကြောင်းကို မြန်မာဗုဒ္ဓဘာသာ အဖွဲ့ကိုတင်ပြခဲ့ကြပါတယ်တဲ့။

ဒီလိုနဲ့ ၁၉၅၇ခုနှစ်၊ ဇွန်လမှာ မြန်မာဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး၊ ဘုရားတည်ဖို့ ရွေးချယ်ထားတဲ့ မိုဂျကိုမြို့က ဘုရားတည်မဲ့ နေရာကို သွားရောက် လေ့လာကြည့်ရှုခဲ့ကြပြီး မြေနေရာသတ်မှတ်ခဲ့ကြတယ်။ အဲဒီနှစ် သြဂုတ်လမှာပဲ ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် မြန်မာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးအဖွဲ့ ဂျပန်သို့ ထပ်မံရောက်ရှိခဲ့တယ်။ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ကစပြီး ၄၅ မီတာအမြင့်ရှိတဲ့ စေတီတော်ကို စတင်တည်ဆောက်ခဲ့ကြတယ်။ စေတီတော်ကို မြန်မာဗုဒ္ဓဘာသာအဖွဲ့ နဲ့ ဂျပန်နိုင်ငံတွင်းမှာ အလှူခံရရှိခဲ့တဲ့ အလှူငွေတွေနဲ့ တည်ထားခဲ့တာဖြစ်တယ်။ စုစုပေါင်း ယန်း သန်း(၄၀) ကုန်ကျခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာအေး စေတီတော်ကို မိုဂျိကိုမြို့မှာ တည်ခဲ့ရခြင်းအကြောင်းကတော့ ဂျပန်စစ်သားအများစုဟာ မိုဂျိကို ဆိပ်ကမ်းကနေ မြန်မာနိုင်ငံကို ရေကြောင်းကနေ ထွက်ခွာခဲ့တဲ့ အတွက်ကြောင့် လို့ ဆရာတော်အရှင် ဦးဝိဇ္ဇာနန္ဒက ပြောပြပါတယ်။

စေတီတော်နဲ့ ဘုန်းတော်ကြီးများကို ဖူးမျှော်ပြီး အပြန်လမ်းကိုတော့ ပင်လယ်ဆိပ်ကမ်းတွေရဲ့ ရှုမျှော်ခင်းတွေကြည့်ရင်း လမ်းလျှောက်ပြီး ပြန်ဆင်းခဲ့ကြပါတယ်။

ဟိုဘက်ကမ်းက Honshu (Mainland) ဖြစ်ပါတယ်။ အခု ကျွန်မတို့ ရှိတဲ့နေရာက Kyushu ရဲ့မြောက်ဘက် အစွန်ဆုံး အပိုင်းမှာပါ။
ဟိုဘက်ကမ်းက တောင်ကုန်းထိပ်က တာဝါတိုင်နဲ့ ကွန်ကရစ်အဆောက်အဦးက လေကြောင်းရန်ကာကွယ်ရေးစခန်း
လို့သိရပါတယ်....
Kanmon Strait (Honshu နဲ့ Kyushu ကိုဆက်သွယ်ထားတဲ့ တံတား)

Kanmon Strait (Honshu နဲ့ Kyushu ကိုဆက်သွယ်ထားတဲ့ တံတား)



မြေပုံမှာဆိုရင်တော့ ဒီလိုပေါ့။
အနီစက်အကြီးကြီးက မိုဂျိကိုမြို့နဲ့ စေတီတော်တည်ရှိတဲ့ နေရာပေါ့။


ခိတကျူးရှူး (ကျူးရှူးမြောက်ပိုင်း)ကို ကျောင်းကိစ္စနဲ့ သွားရောက်ရင်း အခွင့်အရေးရတုန်း မဖူးမြော်ရတာကြာပြီဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီများ နဲ့ စေတီတော်ကို ဖူးမြော်ခွင့် ရရှိတဲ့အတွက် အလွန်ပဲ ၀မ်းသာပိတိဖြစ်ခဲ့ရပါတယ်ရှင်။
ကမ္ဘာအေးစေတီဟာ မြန်မာ-ဂျပန်ချစ်ကြည်ရေး နဲ့ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအထိမ်းအမှတ် အဖြစ်ဆက်လက် တည်ရှိနေမှာဖြစ်ပါတယ်။ သာသနာပြု မြန်မာဘုန်းတော်ကြီးများလဲ သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းခဲ့မိပါတယ်ရှင်။

လိုက်ပို့ပေးတဲ့ သူငယ်ချင်း KMMT ကို အလွန်ပဲ ကျေးဇူးတင်ပါတယ်။
ref: http://www.japan-i.jp/gmap/d8jk7l0000000dy8.html
http://www.livingfk.com/town/daijiten/25.html


မှတ်ချက်။ ။ဒီပိုစ်ကိုရေးပြီး တင်ပြီးသွားမှပဲ ဂျပန်မှာ တစ်ခြား မြန်မာစေတီတော်တွေရှိတာ သိရတယ်။ ရှာဖတ်လိုက်တော့ အဲဒီစေတီတော်တွေ အကြောင်း ရေးထားတဲ့ ပိုစ်လေးတွေ ရှိတာ တွေ့ရတယ်။
အောက်က လင့်ခ်လေးတွေကိုနှိပ်ပြီး သွားဖူးလိုက်ကြပါအုန်းနော်။
ငြိမ်းချမ်းရေးစေတီ
http://myaywetwai.blogspot.com/2008/07/heiwa-kinentou.html
ဂျပန်နိုင်ငံရှိ ရွှေတိဂုံဘုရားပုံတူစေတီ
http://sakura-myanmar.blogspot.com/2007/09/kagoshima-university-professor-yit.html


မီးငယ်လေးရဲ့ ဒိုင်ယာရီဖြစ်ပါတယ်။

Posts with same label

Related Posts with Thumbnails