Tuesday, July 21, 2009

ဂျပန်မှာ အန္တရာယ်ကင်းကင်း စက်ဘီးစီးကြပါစို့( International Road Safety Festival)


ဂျပန်မှာ စက်ဘီးစီးတဲ့ အခါ အထူးသဖြင့် နိုင်ငံခြားသားတွေဟာ စည်းကမ်းလိုက်နာမှု နည်းလို့ မတော်တဆ ထိခိုက်မှုတွေ များပြားလာပါတယ်။
ဒီလို မတော်တဆ ထိခိုက်မှုတွေ များပြားလာခြင်းဟာ အများစုကတော့ စက်ဘီးစီးတဲ့ အခါ လိုက်နာရမဲ့ စည်းကမ်းတွေကို နားမလည်ကြလို့ ပဲဖြစ်ပါတယ်။
နိုင်ငံခြားသားတွေ အပါအ၀င် သူတို့ ဂျပန်လူမျိုးတွေ ကိုယ်တိုင် စက်ဘီးစီးတဲ့ အခါ လိုက်နာသင့်တဲ့ စည်းကမ်းတွေကို နားမလည်ကြတဲ့ အပြင် လိုက်နာခြင်းလဲ သိပ်မရှိကြပါဘူး။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကစပြီး Miyagi prefecture ရဲ့ သယ်ယူပို့ဆောင်ရေးဌာနက စက်ဘီးစီးတဲ့အခါ လိုက်နာရမဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒါတွေကတော့
ထီးဆောင်းရင်း၊ လက်ကိုင်ဖုန်း ပြောရင်း၊ နားကြပ်နဲ့ သီချင်းနားထောင်ရင်း စက်ဘီးမစီးရပါ။
အရက်မူးနေလျှင် စက်ဘီးမစီးရပါ။ ၂ ယောက်အတူ မစီးရပါ။(အသက် ၁၆နှစ်အထက် ရှိတဲ့ သူက အသက် ၆နှစ်အောက် ကလေးငယ်ကို တင်စီးနိုင်သည်။)
ညအချိန် စက်ဘီးစီးလျှင် မီးမထွန်းပဲ မစီးရန်။ (စက်ဘီးမီးလုံးတပ်မထားပဲ စက်ဘီးမစီးရပါ။ ညအချိန် စက်ဘီးမီးလုံးထွန်းပြီး စီးရသည်မှာ မိမိအား အခြားစက်ဘီးနှင့် ယာဉ်များက သတိထားမိနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။)
စက်ဘီးစီးသည့်အခါ ကားလမ်းမ၏ ဘယ်ဘက်ခြမ်းက ကပ်စီးရန်။
မီးပွိုင့်နှင့် လမ်းညွှန် သင်္ကေတများကို မော်တော်ကားများအတိုင်း လိုက်နာရန်။
မီးပွိုင့် မရှိသည့် လမ်းဆုံးလမ်းခွများ၌ ခဏရပ်ကာ ကားသွားကားလာ ကို ကြည့်ပြီးမှ ဆက်သွားရန်။
လိုက်နာမှုမရှိသည်ကို တွေ့ရှိပါက ဒဏ်ငွေ ယန်း ၅သောင်းအထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ကို သိထားကြပါရဲ့လား။

(Pic. from http://asunaro-kobe.blog.so-net.ne.jp/archive/c242401-1)

ဂျပန်လူမျိုးတွေတောင် ဒီအကြောင်းကို သိပ်မသိကြတဲ့ အပြင် လိုက်နာမှုလည်း သိပ်မရှိကြပါဘူးတဲ့။ နိုင်ငံခြားသားဆိုရင်နားမလည်တဲ့အတွက် ပိုဆိုးမှာပေါ့။
အဲဒီတော့ စက်ဘီးစီးတဲ့ အခါ လိုက်နာရမဲ့ လမ်းစည်းကမ်းတွေကို ပညာပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ International Road Safety Festival ဆိုတဲ့ ပွဲတော်ကို ကျွန်မနေတဲ့ မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲတော်ကို NPO corporation ကဦးစီးကျင်းပခဲ့ပြီး ရဲတပ်ဖွဲ့ ကရဲအရာရှိကြီးတွေလဲ တက်ရောက်ခဲ့ကြပါတယ်။
http://gakuwarinet.com/event/
အဲဒီပွဲတော်မှာ နိုင်ငံ ၁၀ နိုင်ငံရဲ့ အစားအသောက်တွေကို ရောင်းချတဲ့ အစားအသောက်ပွဲတော်အပြင် ယဉ်စည်းကမ်း ပညာပေး ကစားနည်းတွေလဲ ပါဝင်တာဖြစ်ပါတယ်။

အဲဒီပွဲမှာ ကျွန်မတို့အဖွဲ့လဲ မြန်မာနိုင်ငံ အနေနဲ့ ပါဝင်ပြီး အုန်းနို့ ခေါက်ဆွဲချက်ပြီး ရောင်းခဲ့ပါသေးတယ်။
တော်တော်ရောင်းရပြီး ၊ အစောကြီး ပဲ သတ်မှတ်ထားတဲ့ အရေအတွက် ရောင်းပြီးသွားပါတယ်။
ပင်ပန်းပေမဲ့ နိုင်ငံစုံက မုန့်အမျိုးမျိုးလဲ အများကြီးစားရလို့ မမကြီးနဲ့ ညီမလေးတွေလဲ တော်တော်ပျော်ခဲ့ကြပါတယ်။ နောက်ပြီး ပူပူနွေးနွေး ပြည်တော်ပြန်လွင်စံ နဲ့ အော်တောစံ-မိုးစံ အတွက်ပါ မုန့်တွေ တစ်ပွေ့ကြီးနဲ့ ပြန်သွားကြလေရဲ့။



Posts with same label

Related Posts with Thumbnails