Wednesday, October 1, 2008

သူတို့ဆီက Open Campus

ဂျပန်က တက္ကသိုလ်တွေမှာ တစ်နှစ်တစ်ခါ Open campus ဆိုတဲ့ အစီအစဉ် ကိုလုပ်ကြတယ်။
Open campus ဆိုတာဘာလဲ ဆိုတော့ အထက်တန်း ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ တက္ကသိုလ် အသီးသီးကို သွားပြီး လေ့လာရေး ကွင်းဆင်းခွင့် ရကြတာပါ။

ဂျပန်မှာ အထက်တန်းက (၃) နှစ်တက်ရပြီး အများအားဖြင့် အထက်တန်း ဒုတိယနှစ်နဲ့ နောက်ဆုံးနှစ် ကျောင်းသားတွေက Open campus ကိုလာလေ့လာကြတယ်။ သူတို့တွေဟာ အထက်တန်းကျောင်း အောင်ပြီးရင် ဘယ်ဘာသာရပ် ကိုရွေချယ်ပြီး တက္ကသိုလ် ၀င်ခွင့်ဖြေမယ် ဆိုတာကို ဆုံးဖြတ်နိုင်ဖို့၊ မိမိ ကိုယ်တိုင် စိတ်ပါဝင်စားပြီး သင်ယူလေ့လာချင်တဲ့ ဘာသာရပ်ကို ရွေးချယ်နိုင်ဖို့အတွက် ဒီOpen campus ဆိုတဲ့ အစီအစဉ်ကို တက္ကသိုလ်တွေက (၂)ရက်တိတိ ပြုလုပ်ပေးတာလေ။

အဲဒီ Open campus အတွက် တက္ကသိုလ်မှာ ရှိတဲ့ ဌာနအသီးသီးဟာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရတယ်။
အဲဒီအတွက် ဆရာတစ်ယောက်က တာဝန်ယူရပြီး တာဝန်ယူရတဲ့ ဆရာက ဌာနမှာ ရှိတဲ့ ဘွဲ့လွန်ကျောင်းသားတွေကို ဘာတွေဘယ်လို ပြင်ဆင်သင့်တယ် ဆိုတာ အကြံပေး ကြီးကြပ်ကွပ်ကဲ ရတာပဲ။
ဒီနှစ်မှာလဲပဲ ကျွန်မတို့ ဌာနက Open campus အတွက် တစ်လလောက်ကြိုတင်ပြီး ပြင်ဆင်ခဲ့ကြတယ်။ ကျွန်မတို့ Lab က Theoretical Lab ဖြစ်တဲ့အတွက် အထက်တန်းအဆင့် နာလည်နိုင်မဲ့ ဘာသာရပ်နဲ့ပတ်သက်တာတွေကို ဆွေးနွေးတိုင်ပင်ကြပြီး Poster တွေနဲ့ ကလေးတွေ စိတ်ဝင်စားမဲ့ Quiz လေးတွေ ဖန်တီးခဲ့ကြတယ်။ Experimental Lab တွေကလဲ လက်တွေ့ခန်းအသေးလေးတွေ၊ စက်ပစ္စည်း ကိရိယာတွေ ပြင်ဆင်ကြ ၊ Poster တွေ၊ လက်ကမ်းစာစောင်တွေ ပြင်ဆင်ကြနဲ့ အားလုံးလိုလို မအားကြရပါဘူး။

အဲဒီလို လုပ်ဆောင်ခဲ့ရတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ပူးပေါင်းလုပ်ဆောင်မှု နဲ့ မိမိရဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု ရှိအောင် တင်ပြရှင်းလင်းနိုင်မှု စတဲ့ အရည်အချင်းတွေကို တက္ကသိုလ်က ဘွဲ့လွန်ကျောင်းသားတွေ အနေနဲ့ ရခဲ့တဲ့ အခွင့်အရေးကောင်း တစ်ခုပါပဲ။

ဒီလိုနဲ့ Open campus နေ့ကိုရောက်လာပါပြီ။ ကျွန်မတို့လဲ ဌာနကို အချိန်မှီ သွားရောက်ရပြီး ကျောင်းသားလေးတွေ လာရင် အဆင်သင့်ဖြစ်နေဖို့ ပြခန်းကို ပြင်ဆင်ထားရပါတယ်။ ကျွန်မတို့ တက္ကသိုလ်နဲ့ နီးတဲ့ အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ ကျောင်းအသီးသီးက အထက်တန်း ကျောင်းသား လေးတွေဟာ ကျောင်းဝတ်စုံလေးတွေ အသီးသီး ၀တ်ဆင်ထားကြပြီး ဘစ်ကားကြီးတွေနဲ့ ရောက်လာကြပါပြီ။

Campus ရဲ့အ၀င်ဝမှာ ကြိုဆိုရေး အဖွဲ့ရှိပြီး အဲဒီအဖွဲ့ကနေ campus ရဲ့ လမ်းညွှန်မြေပုံ နဲ့ ပြခန်းပြင်ဆင်ထားမဲ့ အခန်းနံပါတ် တွေပါတဲ့ စာရွက်လေးတွေ စသဖြင့် ဝေငှပေးပြီး ကျောင်းသားလေးတွေ အတွက်လိုအပ်တဲ့ လမ်းညွန်မှု တွေကို လုပ်ဆောင်ပေးတယ်။ အဲဒီနေရာမှာ မေးခွန်း(၅)ပုဒ်ပါတဲ့ စာရွက်လေးတစ်ရွက်လဲ ပါတယ်လေ။ ကျောင်းသားလေးတွေဟာ အဲဒီမေးခွန်း (၅)ပုဒ်ကို ဖြေနိုင်ဖို့အတွက် အနည်းဆုံး ဌာန(၅)ခုကို သွားရောက်လေ့လာရမှာ ဖြစ်တယ်။ ကောင်းတဲ့ အစီအစဉ်တစ်ခုပဲ ချောင်ခိုနေလို့မရတော့ဘူးပေါ့။ တစ်ချို့ ကျောင်းသားလေးတွေဟာ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ စသဖြင့် အုပ်စုဖွဲ့ ပြီး သွားကြသလို တစ်ချို့ ကလဲ တစ်ယောက်တည်းပဲ ဌာနပေါင်းစုံ လိုက်ပြီး လေ့လာကြတာ တွေ့ရတယ်။

Poster တွေ၊ စက်ပစ္စည်းတွေ ခင်ကျင်းပြသထား တဲ့ ပြခန်းအသီးသီးမှာ တာဝန်ရှိ ဘွဲ့လွန်ကျောင်းသားတွေဟာ တစ်ဖွဲဖွဲ ရောက်ရှိလာကြတဲ့ အထက်တန်း ကျောင်းသားလေးတွေကို နားချိန်၊ ထမင်းစားချိန်ပင်မရှိပဲ အားတက်သရော ရှင်းလင်းပြသကြတယ်။ အထက်တန်း ကျောင်းသားတွေအပြင် undergraduate တက္ကသိုလ်ကျောင်းသားတွေ ကပါ မိမိတို့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ပြခန်းတွေကို လာရောက်ကြည့်ရှု လေ့လာကြတာ တွေ့ရတယ်။

အထက်တန်းကျောင်းသားလေးတွေ အနေနဲ့လဲ မိမိတို့ ကြိုက်နှစ်သက်ရာ ဘာသာရပ်ဌာန အသီးသီးကို သွားရောက် လေ့လာခွင့်ရပြီး မသိနားမလည်တာတွေကို မေးမြန်းနိုင်ကြတယ်။ မနက်ပိုင်းကနေစပြီး ညနေပိုင်း အချိန်အထိ တစ်နေရာဝင် တစ်နေရာထွက်နဲ့ စိတ်ပါဝင်စားစွာ ၀င်ရောက်နားထောင် ကြည့်ရှုကြတာ တွေ့ရတယ်။ သူတို့လေးတွေဟာ တက္ကသိုလ် ကျောင်းတော်ကြီး ကိုလာရောက်ခွင့်ရတဲ့ အတွက် ပျော်ရွှင် တက်ကြွနေကြတာပေါ့။

ဒီလိုနဲ့ သူတို့လေးတွေဟာ အထက်တန်း အောင်မြင်ပြီး တဲ့နောက် မိမိ စိတ်ပါဝင်စားတဲ့ ဘာသာရပ်ကို စိတ်ကြိုက်ရွေးချယ်ခွင့် ရှိကြတယ်လေ။ ဘယ်ဘာသာရပ်မဆို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုကြရတယ်။ အထက်တန်းမှာ ခြေချော်လက်ချော် ဖြစ်သွားလို့ ကိုယ်သင်ယူလေ့လာချင်တဲ့ ဘာသာရပ်ကို မသင်ယူနိုင်မှာ မပူရပါဘူး။ နောက်ပြီးတော့ ဘွဲ့တစ်ခုရပြီးမှ (ဒါမှမဟုတ်) ကိုယ်ကြိုက်တဲ့ အချိန်တစ်ခုမှာ နောက်ထပ်ဘာသာရပ်တစ်ခုကို စိတ်ဝင်စားပြီး လေ့လာချင်တယ် ဆိုရင်လဲ တက္ကသိုလ်ဝင်ခွင့် ထပ်ဖြေ၊ တက္ကသိုလ် ပထမနှစ်က ပြန်စပြီး တက်နိုင်တဲ့ အခွင့်အရေးလဲ ရှိတယ်လေ။ အဲဒီတော့ ဘာသာရပ် ရွေးချယ်မှု မှားယွင်းခဲ့လို့ စိတ်မ၀င်စားပဲ သင်ယူနေရတဲ့ အဖြစ်မျိုးလဲ မရှိတော့ပါဘူး။

1 comment:

Dr. Nyan said...

ကိုယ်တက်ချင်တဲ့တက္ကသိုလ်မှာဝင်ခွင့်အောင်ရင်တက်
နိုင်တာရယ်၊ ဘွဲ့တခုရပြီးပေမယ့်နောက်တက္ကသိုလ်မှာ
ဘွဲ့နောက်တခုအတွက်ထပ်တက်နိုင်တာရယ်ကို၊ သိပ်
သဘောကျမိပါတယ်။ သူတို့ကပညာရေးနဲ့သုတေသန
ကိုဦးစားပေးတာကြောင့် တိုင်းပြည်တိုးတက်တာဘဲ
နော်။

Posts with same label

Related Posts with Thumbnails