Tuesday, March 17, 2009

Okinawa သို့တစ်ခေါက်


အယင်နှစ်က Master thesis တင်အပြီး (ခဏတာ) လွတ်လပ်ပေါ့ပါးသွားခဲ့တဲ့ ကျွန်မဟာ အဝေးတစ်နေရာရာကို အလည်အပတ် ခရီးထွက်ချင်စိတ် တစ်အား ပြင်းပြခဲ့ပါတယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့လဲ ဆင်တူ၊ အစ်မတစ်ယောက် လိုချစ်ခင်ရတဲ့ သူငယ်ချင်း တစ်ယောက်လဲ ရှိတဲ့ Okinawa ကျွန်းကို အလည်ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အယင်နှစ် မတ်လကုန်ပိုင်း လောက်တုံးကပေါ့။

Okinawa ကျွန်းဟာဂျပန်နိုင်ငံ တောင်ပိုင်း မှာ တည်ရှိတဲ့ ကျွန်းစုလေးပါပဲ။

အင်း...ဒီနှစ်တော့ ခရီးထွက်ဖို့ နေနေသာသာ စိတ်တောင်မကူးအားဘူး။ တော်ပါသေးရဲ့... အချိန်လဲရပြီး သွားချင်စိတ်ရှိနေတဲ့ အချိန်မှာ ထသွားလိုက်ရလို့။ Okinawa ကို သွားလည်ခဲ့ရတာ ဆုံတွေ့ခဲ့ရတဲ့ မိတ်ဆွေ သူငယ်ချင်းများရဲ့ မေတ္တာကြောင့် မြန်မာပြည်ကို အလည်တစ်ခေါက် ပြန်လိုက်ရသလိုခံစားခဲ့မိပါတယ်။

တိုကျို Haneda လေဆိပ်ကနေ Okinawa က Naha လေဆိပ်အထိ ၂နာရီ နီးပါး လေယာဉ် စီးရပါတယ်။ ကိုရီးယားကမှ ပိုနီးသေးတယ်တဲ့။ ဂျပန်ပြည်မ(Main Land ) ဘက်ကလူအများစုဟာ Okinawa ကျွန်းကို မရောက်ဖူးကြဘူးလို့ ပြောကြတယ်။ ပြည်မ ဆိုလို့ ပြောပြရအုန်းမယ်။ Okinawa ကလူတွေက ကျွန်းပေါ်ကလူတွေနဲ့ Main Land ကလူတွေဆိုပြီး ခွဲခြားပြောတတ်ကြတယ်။

မတ်လကစပြီး နွေဦးရာသီ (Spring) ဆိုပေမဲ့ ဂျပန်မြောက်ပိုင်းကတော့ အေးမြနေဆဲပါပဲ။ ဒါပေမဲ့ Naha လေဆိပ်ကနေ ထွက်လိုက်တာနဲ့ ပူနွေးတဲ့ အထိအတွေ့လေးကို စတင် ခံစားလိုက်ရတယ်။ ရှုခင်းကလဲ မြင်တွေ့နေကျ ရှုခင်းက သစ်ပင်ကအစ လုံးဝပြောင်းလဲသွားတယ်။ တိုက်အမြင့် အဆောက်အအုံတွေ လုံးဝမတွေ့ရသလောက်ပဲ။ ပင်လယ်ကမ်းစပ်လေးတွေကို လမ်းမတစ်လျှောက်မှာ တွေ့ရတယ်။

အဲဒီမြို့မှာ ပညာဆည်းပူးနေကြတဲ့ သူငယ်ချင်း ညီအစ်များရဲ့ ခင်မင်မှု၊ အကူအညီပေးမှုတွေနဲ့ ဂျပန်နိုင်ငံမှာ အကြီးဆုံးဖြစ်ပြီး နာမည်ကြီးတဲ့ Churaumi Aquarium ကိုရောက်ခဲ့ပါတယ်။ အဲဒီနေရာကို ဂျပန် တီဗွီအစီအစဉ်မှာ ကြည့်ဖူးပြီးကတည်းက ရောက်ဖူးချင်နေခဲ့တာပါ။ ၀င်ကြေး ၁၈၀၀ ယန်းပေးရပါတယ်။


ကြီးမားလှတဲ့ ရေကန်ကြီးထဲမှာ အရွယ်အစားမျိုးစုံ ပုံသဏ္ဍန်မျိုးစုံနဲ့ ရေသတ္တ၀ါတွေ ကူးခတ်နေကြတယ်။


ပင်လယ်ကမ်းခြေက လင်းပိုင်ပြပွဲ
လှပတဲ့ ပင်လယ်ကမ်းခြေတစ်နေရာ
Okinawa Peace-Memorial Hall沖縄平和祈念堂 အတွင်း၌ ဖူးတွေ့ခဲ့ရသော ဗုဒ္ဓရုပ်ပွားတော်

Shurijo Castle ရောက်တုံးက ၀င်ခွင့် လက်မှတ်လေး (၀င်ကြေး ၈၀၀ယန်း)
Shurijo အတွင်းပိုင်းတစ်နေရာ
ိုSurijo အပြင်အုတ်ရိုး (ထွက်ပေါက်)
ိုSurijo အပြင်အုတ်ရိုးတစ်နေရာ

အစ်မနဲ့သူရဲ့ညီမလေး စေတနာ ဗလပွနဲ့ ချက်ကျွေးတဲ့ ဟင်းလျာများ


Okinawa က အမှတ်တရ ၀ယ်လာဖြစ်တဲ့ ခြင်္သေဖိုနဲ့ ခြင်္သေမ အရုပ်လေးပါ။ ဂျပန်လို ရှီးစ လို့ခေါ်ပါတယ်။ ခြင်္သေဖို ကပါးစပ်ဟထားပြီး ပျော်ရွှင်ခြင်းတွေကို လက်ခံယူတယ်တဲ့။ ခြင်္သေမက ပါးစပ်ပိတ်ထားပြီး ခြင်္သေဖိုရယူထားတဲ့ ပျော်ရွှင်ခြင်းတွေ ထွက်မသွားအောင် သိမ်းထားတာလို့ ပြောပြကြပါတယ်။ လာလည်ကြတဲ့ သူတွေအတွက် လက်ဆောင်ပေါ့ ။ အားလုံးပဲ ပျော်ရွှင်ကြပါစေရှင်။

Okinawa ကျွန်းသား နာမည်ကြီး အဆိုတော် Begin ရဲ့ သီချင်းလေးတွေကိုလဲ အဆစ်ထည့်ပေးလိုက်တယ်နော်။ ရိုးရာ ဂီတာသံလေးနဲ့ နားထောင်လို့ကောင်းပါတယ်။ သီချင်းနာမည်က島人ぬ宝 (Shimachunu takara) ၊ 島人= ကျွန်းပေါ်မှာနေတဲ့သူ၊ 宝(たから)= treasure ဖြစ်ပါတယ်။
ကျွန်မကတော့ ဒီသီချင်းလေးကို သိပ်ကြိုက်ပါတယ်။ သီချင်းလေးနားထောင်ရင်း Okinawa ရဲ့ရှုခင်းလေးတွေကို ခံစားကြည့်ရအောင်ပါ။




နောက်ထပ် နားထောင်လို့ မရိုးနိုင်တဲ့ သီချင်းလေးတစ်ပုဒ်ပေါ့။
Sanshin no hana လို့အမည်ရပါတယ်။ နားထောင်ကြည့်ပါလား။
http://www.youtube.com/watch?v=gci4kAnH2i0&feature=related


Okinawa ရောက်တုံးက တကူးတက နေရာအနှံ့လိုက်ပို့ပေးတဲ့ ညီအစ်များကို အထူးကျေးဇူးတင်သတိရစွာနဲ့ ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။

Tuesday, March 10, 2009

လမ်းလျှောက်ခြင်း ၂။

လမ်းလျှောက်ရင်းနဲ့ ခြေထောက်နဲ့ မြေကြီး ထိတာကို ထိသိ သတိထားပြီး အာရုံတစ်ပါး စိတ်မသွားရအောင် လျှောက်နေမိတယ်။
လယ်တီဆရာတော်ဘုရားကြီးရဲ့ ဒီပနီတွေကို ဖတ်မှ မျက်တောင်တစ်ခတ် အချိန်အတွင်းမှာ ရုပ်တရားက ကုဋေ ၅ ထောင်၊ နာမ်တရားက ကုဋေ ၁သိန်း ပျက်သတဲ့။ ဒီဖြစ်ပျက်တွေကို ဥာဏ်နဲ့ မြင်နိုင်မှ အပါယ် ဆင်းရဲက လွတ်နိုင်မှာ ဖြစ်တယ်။ လယ်တီဆရာတော်ဘုရားကြီးရဲ့ “ဘ၀နာဒီပနီ” ဆိုတဲ့ ဒီပနီမှာ ရပ်နေစဉ်၊ သွားနေစဉ်၊ ပထ၀ီ တေဇော ၀ါယော အာပေါ ဆိုတဲ့ ဓါတ်ကြီး ၄ပါး အမျိုးမျိုး ဖြစ်ပျက်သွားပုံ ကိုအသေးစိတ် ရေးပြထားတယ်။

မေမေတို့ ကိုယ်ကာယမှာ ခက်မာမှု၊ အမာခံ အထည်ကြီး ဆိုတာရှိတယ်။ အဲဒါ ပထ၀ီကာယ လို့ခေါ်တယ်တဲ့။
ရုပ်ကလပ်တွေ အချင်းချင်း ဖွဲ့တွယ်ပူးကပ်ထားတဲ့ အာပေါကာယဆိုတာလဲရှိတယ်။
အဲဒီ ရုပ်ကလပ်တွေကို မပုပ်မသိုးရအောင် အမြဲပေါင်းနွေးနေစေတဲ့ တေဇောကာယဆိုတာလဲ ရှိသေးတယ်။
အဲဒီကာယကြီး ၃ မျိုးကို ထောက်ကန် တောင့်တင်း မှုလုပ်ပေးထားတဲ့ ၀ါယောကာယဆိုတာလဲရှိတယ်။

ကိုယ်ခန္တာကြီးက ရပ်နေချိန်မှာ ပထ၀ီကာယက ခြေဖျားကနေ ငယ်ထိပ်အထိ ရှိနေတယ်ဆိုတာ ဥာဏ်နဲ့ သိရမယ်တဲ့။ သွားတော့မယ်လို့ ခြေထောက်ကြွလိုက်တာနဲ့ တစ်ကိုယ်လုံး သိမ့်သိမ့်လှုပ်တဲ့ သဘောချင်းမတူ ဆန့်ကျင်ဘက်ကာယတွေ ဖြစ်ပေါ်လာပြီး ရပ်နေတုံးက ပထ၀ီကာယကြီးက တစ်ခါတည်း တမြည့်မြည့် ကြေပျက် ကွယ်ပျောက်သွားသတဲ့။ ကာယအသစ်တွေ ဖြစ်လာပြန်တယ်။ အဲဒီအဖြစ်အပျက်တွေက အင်မတန်ကို မြန်မြန်ဖြစ်ပေါ်လာတယ်။ ပထ၀ီဓါတ်နဲ့ တစ်ပေါင်းတည်း အာပေါ၊ တေဇော၊ ၀ါယော တွေလဲလိုက်ပြီး ပျက်လိုက်၊ ဖြစ်လိုက် ဖြစ်နေသတဲ့။

ဒါက မေမေက သဘောလေးလောက်ရေးပြသေးတာ။ ဆရာတော်ကြီး အသေးစိပ်ရေးပြထားတာ အများကြီးပဲ။ အဲဒီ လယ်တီဆရာတော်ကြီးရဲ့ ဒီပနီကိုဖတ်ရတော့ အရမ်းအံ့သြထိတ်လန့် မိတယ်။ တစ်ခါမှ မဖတ်ဖူး၊ မကြားဖူးဘူး။ ရုပ်တွေနာမ်တွေက ဖြစ်ပြီးပျက်တယ်ဆိုတောတော့ ကြားဖူးတာပေါ့။ ဒီလိုအသေးစိတ် ရေးထားတာက အခုမှ ဖတ်ဖူးတာ။ ဒါက ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဟောကြားချက်တွေအတိုင်း ဆရာတော်ကြီးက ဗမာလို ရှင်းရှင်းလင်းလင်း ရေးပြထားတာ။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဥာဏ်တော်အနန္တကိုရှိခိုး ရိုသေမိပါတယ်။

တစ်ဘ၀လုံး ၁နှစ်သမီး အရွယ်လောက်ကစပြီး လမ်းလျှောက်လာခဲ့တာ၊ အသက်၆၀ ရောက်မှ ခန္တာရဲ့ ဓါတ်သဘော ဖြစ်စဉ်တွေကို သိရတော့တယ်။ တစ်ဘ၀လုံး လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ လျှောက်လာခဲ့တာကိုး။ ဒါတောင် အသိ (စာတွေ့) နဲ့ပဲသိရသေးတာ။ လက်တွေ့ကျင့်ကြံ အားထုတ်မှ မိမိဥာဏ် ထဲမှာ ဒီသဘောဖြစ်စဉ်တွေကို တွေ့ရမှာ ။ ဒါကြောင့် ၀ိပဿနာဆိုတာ ဥာဏ်အလုပ်လို့ ဆရာတော်တွေက ဟောပြကြတာပဲ။

ဒါကြောင့် မေမေဖတ်ရသလို၊ လေ့လာမှတ်သားရသလို လေ့လာလိုက်စားလိုတဲ့ သားသမီး တွေဖတ်ရအောင် လယ်တီ ဆရာတော်ဘုရားကြီးရဲ့ ဒီပနီတွေကို စုဆောင်းနေခဲ့ပါတယ်။ မေမေ့ရဲ့ သားသမီးတွေ ဒီလိုမျိုးစာအုပ်တွေကို ဖတ်ခွင့်ကြုံတဲ့၊ ဖတ်ဖို့ဆန္တရှိတဲ့ သားသမီးများ ဖြစ်ကြပါစေလို့ ။ မေမေကတော့ အသေမဦးခင် ဥာဏ်ဦးအောင် အတော်ကြိုးစားရအုံးမှာပါ။

အခုစာရေးပြီးသွားလို့ ကော်ဖီဖျော်နေတုန်း ညီရဲလေးဆီက ဖုန်းလာတယ်။ ညီရဲလေးအသံကြားတာနဲ့ မေမေ့မှာ ငိုချင်စိတ်တွေ ဘယ်ကဖြစ်လာမှန်းလဲမသိဘူး။ ညီရဲလေးငယ်ငယ်တုံးက ပုသိမ်ကြီးမှာ ၂လလောက်ဖျားတာ မှတ်မိသေးလား။ အဲဒီတုံးက သူအဖျားတက်ရင် မေမေ့မှာ အိမ်သာသွားချင်စိတ်တွေ ဖြစ်လာတာ သတိရသေးတယ်။ သတိမကပ်ချိန်မှာ ကိလေသာ အမျိုးမျိုးက ဒရောသောပါး တိုးဝင်လာကြတာပါပဲ။

ကဲဒါပါပဲ မီးငယ်လေးရေ...
မေမေ့စာဖတ်ပြီး ရွှင်လန်းပါစေ။

Sunday, March 8, 2009

လမ်းလျှောက်ခြင်း ၁။

ကျွန်မဒီနေ့လမ်းလျှောက်ထွက်ရင်းနဲ့ ကျွန်မဘ၀မှာ လမ်းလျှောက်ခြင်းနဲ့ ပတ်သက်တာတွေကို သတိရမိတယ်။

လမ်းလျှောက်ခြင်းကို ပထမဆုံးမှတ်မိတာကတော့တောင်ကြီးမှာ ကျောင်းစနေတုံးအရွယ်ကပဲ။ ကျောင်းသွားရင်တော့ အမေက လိုက်ပို့တယ်။ ကျောင်းပြန်တဲ့အချိန်ကျတော့ ကျွန်မရဲ့အစ်ကိုနဲ့ ပြန်ရတယ်။ သူက ကျွန်မနေတဲ့ ကျောင်းမှာ မဟုတ်ပဲ တစ်ခြားကျောင်းတစ်ခုမှာ နေတယ်။ ကျောင်းဆင်းရင် ကျွန်မကို ၀င်ခေါ်ပြီး မောင်နှမနှစ်ယောက် အတူတူ လမ်းလျှောက်ပြန်ကြရတယ်။ တစ်ခါတလေ သူက ဆော့နေတာ နေမှာပေါ့။ ကျွန်မဆီကို ကျောင်းဆင်းဆင်းခြင်း ရောက်မလာဘူး။ ကျောင်းမှာ လူတွေကလဲကုန်ပြီ။ ကျောင်းစောင့် ဦးလေးကြီးက ကျွန်မကို ကျောင်းခန်းအပြင်ထွက်စောင့်ခိုင်းတာပေါ့။ သူကတံခါးပိတ်ရမှာကိုး။ အဲဒီတော့မှ ကျွန်မလဲ လွယ်အိတ်လေးဂျာရမ်း၊ ဂျာရမ်း၊ မျက်နှာလေး ရှုံ့မဲ့ ရှုံ့မဲ့နဲ့ တစ်ယောက်တည်း လမ်းလျှောက်ပြီး အိမ်ကို ပြန်ရတာ။ အဲဒီအဖြစ်မျိုးက ခဏခဏပါပဲ။

ကျွန်မတို့ ကျိုင်းတုံမှာ ကျောင်းနေခဲ့ရတုံးကလဲ ကျောင်းကို လမ်းလျှောက်သွားကြရတယ်။ ကျိုင်းတုံရေကန်ကြီး ဘေးကနေ ပတ်ပြီးလျှောက်ရတာ။ အဲဒီတုံးက ကျွန်မက ၇နှစ် သမီးလောက်ပဲရှိအုန်းမယ် ထင်တာပဲ။ အကိုနှစ်ယောက်နဲ့ အတူလျှောက်ရတာ။ သူတို့က ၁၂နှစ်၊ ၁၃နှစ်လောက် ရှိမှာပေါ့။ လမ်းမှာ ကြိုးထုံးကြီးတွေနဲ့ တောင်းတွေ လွယ်ထားတဲ့ ၀ လူမျိုးတွေ တွေ့ရင်ပြေးကြတာပဲ။ ကျွန်မတို့ ကြားဖူးတာကတော့ ၀လူမျိုး တွေက ခလေးတွေကို ဖမ်းပြီး တောင်းထဲမှာ ထည့်သွားတတ်တယ်တဲ့။ ကျိုင်းတုံမှာ နေတုန်း ၀က်သက်ပေါက်တာ သတိရသေးတယ်။ အဲဒီနေ့က စာမေးပွဲပြီးလို့ ကျောင်းကိုဒီအတိုင်းသွားရတာ။ အမေက လိမ္မော်သီးလဲ ထည့်ပေးလိုက်တယ်။ မျက်ရည်တွေ၊ နှာရည်တွေ တရွှဲရွှဲ ကျလာတာ မှတ်မိတယ်။ နောက်မှသိတာက ၀က်သက်ပေါက်တာ တဲ့။

ကျွန်မတို့ မိတ္ထီလာကိုရောက်တော့လဲ မိတ္ထီလာကန်ကြီးကိုပါတ်ပြီး ကျောင်းကိုလမ်းလျှောက်သွားရတယ်။ ကျွန်မတို့အတန်းက မနက်ပိုင်းတက်ရတယ်။ ကျွန်မအစ်မ မမလေးတို့ အတန်းက နေ့လယ်ပိုင်းမှာ တက်ရတယ်။ ကျွန်မကျောင်းပြန်ချိန်မှာ မမလေးနဲ့ တံတားပေါ်မှာ ဆုံတတ်ကြတယ်။ နောက်တော့ ကျွန်မအဖေနဲ့ လိုက်နေကြတော့ ကျွန်မက တပ်မတော်ကျောင်းရောက်သွားပြီး ကျောင်းကားနဲ့ ကျောင်းတက်ရတယ်။ အဲဒီမှာ မှတ်မိတာက မမလေးက ရုပ်ရှင်ကြည့်တာ သိပ်ဝါသနာပါတယ်။ သူတစ်ယောက်ထဲလဲ မကြည့်တတ်ဖူး။ တစ်အိမ်လုံးဖို့ လက်မှတ်ဝယ်လာတတ်တယ်။ အဲဒီအခါကျတော့ အဖေရော၊ အမေရော တစ်အိမ်လုံးရုပ်ရှင်သွားကြည့်ကြတာ။ ကျွန်မတို့ နေတဲ့နေရာက ရွှေမြင်တင်ဘုရားကြီး နားမှာ။ အဲဒီကနေ မိတ္ထီလာကန်ဘောင်ရိုးကြီးပေါ်က လျှောက်ပြီး မျိုးမြင့်ရုပ်ရှင်ရုံထိ လမ်းလျှောက်သွားကြတယ်။ အပြန်လဲ လမ်းလျှောက်ပြီး ပြန်ကြတာ။ အဲဒီအသက်အရွယ်တုံးကတော့ မိဘတွေနဲ့ အငယ်ဆုံးသမီး အဖြစ်နေရတာ ပျော်တာပဲ။ ပင်ပန်းတယ်လို့ မထင်မိခဲ့ဘူး။

၁၀တန်းအောင်လို့ MC ရောက်တော့ ၇၄လမ်းက အဆောင်မှာ နေရတယ်။ မနက်အစောကြီး ထပြီး လျှောက်ကြတဲ့ ကျွန်မတို့သူငယ်ချင်းတွေရဲ့ လမ်းလျှောက်အဖွဲ့တွေရှိတယ်။ မနက်တိုင်း ကျုံးဘက်ကို လမ်းလျှောက်ကြတယ်။ အပူအပင်ကင်းတဲ့ အရွယ်မို့ သိပ်ပျော်တာပဲ။ တစ်ခါတစ်လေ ဘုရားကြီး မျက်နှာသစ်တော်ရေ အမှီလဲ လျှောက်ကြတယ်။ MC မှာ မှတ်မှတ်ရရ လမ်းလျှောက်ပြိုင်ပွဲမှာ အဆင့် ၈ နဲ့ဝင်လို့ ကြေးတံဆိပ်ရသေးတယ်။ 3rdMB ရောက်တော့လဲ ဆေးရုံနဲ့ အဆောင်နဲ့ တစ်ချိန်လုံး လမ်းလျှောက် သွားနေခဲ့ရတာပါပဲ။

အိမ်ထောင်ကြပြီးတော့ မီးမီးကို ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းတော်တော်လျှောက်ဖြစ်တယ်။ မီးမီးရဲ့ အဖေက မြို့ထဲ မှာ ဆေးခန်းဖွင့်တော့ ကျွန်မက ညဦးပိုင်းမှာ ထမင်းချိုင့်နဲ့ ဆေးခန်းကို လိုက်သွားပြီး မနက်ကျမှ လမ်းလျှောက်ပြီး အိမ်ပြန်ကြတယ်။ မီးမီးကို ကိုယ်ဝန်ဆောင်ထားရပေမဲ့ ကျွန်မဖြင့် သိပ်ပေါ့ပါးတာပဲ။ ပြေးလွှားပြီးတောင် လမ်းလျှောက်နိုင်တယ်။ မီးမီးမမွေးခင် နေ့ကလဲ due date ရောက်နေပြီဆိုပြီး မန္တလေးအိမ်ကနေ ဘူတာကြီး ဂုံးတံတားကိုကျော်ပြီး ဆေးရုံကြီးကို အသွားအပြန် လမ်းလျှောက်သွားတာပဲ။ ဒါကြောင့် ထင်တယ်၊ မီးမီးကို သားဦးဖြစ်ပေမဲ့ အလွယ်တကူ မွေးနိုင်ခဲ့တာ။

သားအမွှာ (ရဲညီနောင်) ကိုယ်ဝန်ကြီးနဲ့တုံးကတော့ သိပ်လေးတာပဲ။ မမွေးခင် မန္တလေးအိမ်မှာ ကြိုရောက်နေတော့ မနက်ပိုင်း ဆိုရင် သားကိုထူးလေး လက်ဆွဲပြီး မန္တလေးအခေါ် ၁ပြ ၂ပြ လမ်းလျှောက်ကြတယ်။ အဲဒီနောက်တော့ သိပ်ပြီး လမ်းမလျှောက် ဖြစ်တော့ပါဘူး။ ကျွန်မတို့ မိသားစု တနင်္သာရီတိုင်းဘက်ကို ရောက်တော့ ညနေတိုင်း လယ်ကွင်းတွေဘက် ကိုလမ်းလျှောက်ကြတာ သတိရသေးတယ်။ လမ်းလျှောက်ဖို့ အကြောင်းဖန်လာပြန်တာက ဇီးပင်ကြီးမှာ ပါပဲ။ အားနေတော့ လမ်းလျှောက်ချင်လာပြန်ရော။ သွားဆရာဝန်မလေး ရှိရင်တော့ သူနဲ့အတူ လျှောက်ဖြစ်ကြတယ်။

ပြင်ဦးလွင်ရောက်တော့လဲ ပထမ၁နှစ်လောက်မှာတော့ ညနေတိုင်းလမ်းလျှောက်ဖြစ်သေးတယ်။ ဆေးရုံက ၄နာရီခွဲလောက်ပြန်တော့ ၅နာရီလောက်ဆို လျှောက်တာပေါ့။ ကျွန်မတစ်ယောက်တည်း လျှောက်တာပါပဲ။ မရောက်ဘူးတဲ့ လမ်းတွေဘက်သွားတယ်။ လူမရှိတဲ့ ခြံကျယ်ကြီးတွေ၊ ရှေးဟောင်း အိမ်ကြီးတွေ တွေ့ရင် ရပ်ငေး ကြည့်မိရင်း အရင်တုံးက စည်စည်ကားကား ရှိခဲ့မှာ ဆိုတာတွေကို တွေးမိတယ်။ ပြင်ဦးလွင်မှာ နေရတဲ့ နောက်ပိုင်း နှစ်တွေကျတော့ အလုပ်ပိုရှုပ်လာတော့ လမ်းမလျှောက်ဖြစ်တော့ပါဘူး။

ပင်စင်ယူပြီး ပုသိမ်ကြီးကို ပြန်ရောက်လာတော့လဲ လမ်းမလျှောက်ဖြစ်ပြန်ဘူး။ မနက်ပိုင်းမှာ ဘုရားရှိခိုးတာနဲ့ အချိန်က ကုန်ရော၊၊ ဒါနဲ့ ကိုယ်အလေးချိန်ကလဲ တက်လာ၊ အဆစ်တွေကလဲ နာဆိုတော့ လမ်းလျှောက်ချင်စိတ် ဖြစ်လာတယ်။ အလုပ်လုပ်တုံးကတော့ မနက်အိပ်ရာထ ဘုရားရှိခိုးရတာ အကျင့်ပါနေတာကိုး။ အမှန်က အခုအိမ်မှာ အေးအေးဆေးဆေးဆိုတော့ ဘယ်အချိန်ဖြစ်ဖြစ် ဘုရားရှိခိုးလို့ ရနေတာပဲ ဆိုတာမေ့နေတာ။ ဒီတော့ မနက် ၄နာရီခွဲ ကနေ ၅ နာရီခွဲလောက်ထိ တရားထိုင်ပြီးတာနဲ့ အိမ်ကထွက်၊ အဆုတ်ဆေးရုံ ဘေးက ဆေးဘက်ဆိုင်ရာ တက္ကသိုလ်အထိ လမ်းလျှောက်၊ အဲဒီကနေ ပြန်လှည့်လိုက်ရင် ရန်ကင်းတောင်နဲ့ သူ့ကိုမိုးနေတဲ့ ရှမ်းရိုးမတောင်တန်းကြီးရဲ့ ရှုခင်းအလှက သိပ်သာယာတာကို တွေ့ရတယ်။ တရားအလုပ် အားထုတ်နေကြတဲ့ သာသနာ့ဝန်ထမ်း ရဟန်းတော်များ မှီတင်းနေထိုင်တဲ့ ရန်ကင်းတောင်ရှုခင်းက အလွန် ချမ်းမြေ့စရာ ကောင်းလှပါတယ်။

မှတ်ချက်။ ။ ငယ်စဉ်ကလေးဘ၀အရွယ်ကစပြီး အခုလက်ရှိ အသက်အရွယ်အထိ လမ်းလျှောက်ခဲ့ပုံ အမျိုးမျိုးကို ရေးပြထားတဲ့ မေမေ့ရဲ့ စာလေးတစ်စောင်ပါ။ အနည်းငယ် ပြုပြင်ပြီး ဖော်ပြလိုက်ပါတယ်။

ဆက်လက်ဖော်ပြပါအုံးမယ်ရှင်။

Posts with same label

Related Posts with Thumbnails