Friday, February 25, 2011

ဟိုကိုင်းဒိုးနှင်းပွဲတော်သို့..


ဂျပန်နိုင်ငံ မြောက်ဘက်စွန်းပိုင်းမှာ ရှိတဲ့ Hokaido ကျွန်းကို Ferry နဲ့ အလည်တစ်ခေါက် ရောက်ခဲ့တဲ့ အကြောင်း ပြောပြချင်ပါတယ်။
ကျွန်မကသဘောင်္အကြာကြီး မစီးဖူးတော့ မူးမှာကြောက်နေမိတယ်။ ဒါပေမဲ့ သဘောင်္ကြီးထဲရောက်သွားတော့ ဟိုတယ်ကြီးထဲ ရောက်သွားတဲ့ အတိုင်းပဲ။ ခမ်းနားလွန်းလို့ သဘောင်္စီးနေရတာကို တောင်မေ့သွားတယ်။ နှင်းပွဲတော် အကြောင်း မရေးခင် သဘောင်္စီးရတဲ့ အတွေ့အကြုံလေး မှတ်တမ်းတင်ထားချင်လို့ ပါနော်။
ကျွန်မတို့စီးခဲ့ရတဲ့ သဘောင်္နာမည်က Kiso တဲ့။
http://www.taiheiyo-ferry.co.jp/qa/sennai.html#q04
သူငယ်ချင်းတွေ အများကြီးနဲ့ သဘောင်္စီးပြီးသွားခဲ့ရတဲ့ ပျော်စရာ ခရီးတစ်ခုပါ။

သဘောင်္ပေါ်ရောက်တော့ ပထမဆုံး ကျွန်မတို့ အိပ်ရမဲ့ အိပ်ရာလေးတွေရှိတဲ့ အခန်းမှာ ပစ္စည်းတွေနေရာချထားပြီး ဓာတ်ပုံတွေ လျှောက်ရိုက်ကြပါတယ်။

Safty boxes

Sendai to Tomakomai
baby room
ဂိမ်းကစားချင်ရင်လဲရတယ်။

ကျွန်မတို့ အိပ်ရတဲ့ အခန်းက ၅ထပ်၊ စားသောက်ဆိုင် ၊ Movie Theater နဲ့ Lobby က ၆ ထပ်မှာ ရှိပြီး၊ သဘောင်္ရဲ့ အပြင်ဘက်ကို ထွက်ကြည့်လို့ရတာက ၇ ထပ်မှာ ရှိပါတယ်။




သဘောင်္ပေါ်မှာ ရေနွေးစိမ်ချိုးလို့ရတဲ့ အခန်းလဲပါတော့ ရေချိုးကြတဲ့သူကချိုး။ Lobby ကဆိုဖာတွေမှာ အေးအေးဆေးဆေးထိုင်ပြီး Piano နားထောင်၊ စကားပြောတဲ့သူကပြောပေါ့။ နောက်တော့ Movie Theater မှာ Piano concert ရှိတာနဲ့ ခဏ၀င်ကြည့်။ အဲဒါပြီးတော့ သူငယ်ချင်းတွေစုပြီး Karaoke ခန်းမှာ တစ်နာရီလောက် အချိန်ဖြုန်းလိုက်သေးတယ်။ ကာရာအိုကေဆိုပြီးတော့ ည၁၀နာရီလောက် ရှိနေပြီ။ Movie Theater မှာ Harry Poter ရုပ်ရှင်ပြနေလို့ ၀င်ကြည့်တယ်။ Lobby မှာလဲ ထိုင်ပြီး တီဗွီအစီအစဉ်တွေ၊ သတင်းတွေ ကြည့်လို့ရတယ်။
ကာရာအိုကေ


Concert နဲ့ Movie Theater
ကျွန်မတို့က ဈေးအသက်သက်သာဆုံး ၇၂၀၀ ယန်းနဲ့ စီးလို့ အတူတူ စုအိပ်ရတဲ့ ကျောတစ်ပြားစာ အိပ်ရာလေးတွေမှာ အိပ်ကြရတယ်။ အခန်းထဲမှာ တစ်ခြားအဖွဲ့ တစ်ခုက နိုင်ငံခြားသား ကျောင်းသား ၃ ယောက်က ဖဲရိုက်နေလို့ တော်တော်နဲ့ အိပ်မပျော်ခဲ့ဘူး။ မနက် ၆ နာရီကျော်တော့ နေထွက်တာ သွားကြည့်ရအောင် ဆိုပြီး ညီမလေးက နှိုးတယ်။ ကျွန်မတို့လဲ အိပ်ချင်မူးတူးထပြီး နေထွက်တာကို စောင့်ကြည့်ကြပေမဲ့ အဲဒီနေ့က တိမ်တွေတစ်အားထူပြီး မိုးအုံ့နေလို့ နေလုံးကို မမြင်ခဲ့ကြရဘူး။ သဘောင်္ကြီးက အတွင်းပိုင်းကတော့ အနွေးထည် မလိုအောင်ကို တော်တော်နွေးတယ်။ သဘောင်္အပြင်ဘက်ကတော့ လေတွေတိုက်ပြီး ချမ်းလိုက်တာ အရမ်းပဲ။ နေမမြင်ရတော့ ပြန်ပြီး အိပ်ကြတာပေါ့။

မိုးအုံ့နေလို့ နေထွက်တာ မကြည့်ခဲ့ရပါ။
so cold and so windy outside of the ship

သဘောင်္ပေါ်ကရှုခင်း

သဘောင်္ပေါ်က မနက်စာ (၅၀၀ယန်း)
မနက် ၁၀နာရီခွဲမှာ ဟိုကိုင်းဒိုးက Tomakomai သဘောင်္ဆိပ်ကို ရောက်ပါတယ်။ ဘစ်ကားရပ်စောင့်နေရင်း အေးမြလှတဲ့ ရာသီဥတုကို သတိပြုမိတယ်။ ဘစ်ကားနဲ့ သဘောင်္ဆိပ်ကနေ ဘူတာရုံကို သွား၊ အဲဒီကနေ ရထားနဲ့ တစ်နာရီနီးပါး စီးပြီးမှ နှင်းပွဲတော် ရှိတဲ့ Sapporo မြို့ကိုရောက်ပါတယ်။ Sapporo မြို့ကို ရောက်တော့ နေ့လည် ၂ နာရီနီးပါးရှိပါပြီ။ နေ့လည်စာစားဖို့ သူငယ်ချင်း ညွှန်ပြပေးတဲ့ စားကောင်းပြီး နာမည်ကြီးတယ်ဆိုတဲ့ ခေါက်ဆွဲဆိုင်မှာ ဂျပန်အခေါ် Ramen စားခဲ့ပါတယ်။ တော်တော် အရသာရှိတဲ့ Ramen ပါပဲ။ ဂျပန်မှာ စားဖူးခဲ့သမျှ ခေါက်ဆွဲတွေထဲမှာ ကျွန်မ အကြိုက်ဆုံးလို့ ပြောရမလားပဲ။ ခေါက်ဆွဲဖတ်လေးတွေက သေးသေးလေးတွေနဲ့ တော်တော်စားလို့ ကောင်းခဲ့တယ်။

 ဟိုကိုင်းဒိုးက နှင်းပွဲတော်အကြောင်း ဆက်ရေးပါအုန်းမယ်။

Sunday, February 20, 2011

Hills Kawauchi ကိုလွမ်းဆွတ်ခြင်း

Hills Kawauchi ဆိုတာကတော့ ဂျပန်ပြည်ကနေရာလေးတစ်ခုပေါ့။ ရာဇ၀င်တင်လောက်အောင် ထင်ရှားတဲ့ နေရာလေးတစ်ခုလည်း မဟုတ်ပါဘူး။ လူသိများ ကျော်ကြားပြီး ကမ္ဘာလှည့်ခရီးသည်တွေ အပြေးအလွှား လာကြည့်ကြတဲ့ နေရာလည်း မဟုတ်ပါဘူး။ ဂျပန်ပြည်ရဲ့ မြေပုံထဲမှာ ရှာကြည့်ရင်လည်း တွေ့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မအတွက်တော့ လွမ်းဆွတ်တသရမဲ့ နေရာလေးတစ်ခု အဖြစ် ရှိနေခဲ့ပါတယ်။ ဒီနာမည်လေးကိုလည်း ရင်ထဲမှာ စွဲငြိနေခဲ့ပါတယ်။

သမီးလေးရဲ့ အစီအစဉ်အရ Narita Airport ကို ဂျပန်ပြည်ရဲ့ မင်္ဂလာရှိသော နံနက်ခင်း တစ်ခုမှာ ရောက်ခဲ့ပါတယ်။ Narita Airport  ထဲမှာတော့ အားလုံးသက်ဝင် လှုပ်ရှားနေကြပါပြီ။ ဂျပန်စံတော်ချိန် ၆နာရီ မိနစ် ၄၀ ရှိပါပြီ။ အားလုံးကိစ္စပြီးလို့ လေဆိပ်အပြင်ရောက်တော့ ၈နာရီခွဲ ရှိပြီ။ သူများတွေ သွားတဲ့ အတိုင်းလိုက်သွားပြီး၊ ပစ္စည်းတွေ တွန်းလှည်းပေါ်တင် ထွက်ပေါက်ကနေထွက်လိုက်တော့ လာကြိုနေတဲ့ သမီးလေးကို ဗြုံးကနဲ တွေ့လိုက်ရတယ်။ ၀မ်းသာလွန်းလို့ ချိုပြုံးရွှင်နေတဲ့ သမီးလေးကို တွေ့လိုက်ရတော့ ရင်ထဲမှာ အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရတယ်။ သမီးလေးနဲ့ မတွေ့ရတာ ၃ နှစ်ရှိပြီကိုး။

တိုကျိုမြို့ရဲ့ မြောက်ဘက် မိုင်၂၂၀ လောက်ဝေးတဲ့နေရာမှာ အေးချမ်းလှတဲ့ မြို့လေးတစ်မြို့ ရှိတယ်။ အဲဒီမှာ ရှိတဲ့ တိုဟိုကု တက္ကသိုလ်ကြီးဟာ ဂျပန်နိုင်ငံရဲ့ ကျော်ကြားတဲ့ တက္ကသိုလ် တစ်ခုပေါ့။ ဘာသာရပ်အမျိုးအစားများစွာ ကိုသင်ကြားပေးနေတဲ့ တက္ကသိုလ်ကြီးတစ်ခုပါပဲ။ သမီးလေးက အဲဒီမှာ ဒေါက်တာဘွဲ့ ရယူဖို့ ကြိုးပမ်းနေတဲ့ သူလေးတစ်ဦးပေါ့။ သမီးလေးတို့မြို့ကို တိုကျိုကနေ ဘစ်ကားနဲ့  ၅နာရီလောက်စီးရတယ်။ တိုကျိုမှာ နေ့လည်စာစားပြီး သမီးလေးတို့မြို့ကို ကားနဲ့သွားခဲ့တယ်။ သမီးလေးနေတဲ့ တက္ကသိုလ်အနီးက အဆောင်ကိုရောက်တော့ ညနေ ၆နာရီခွဲပါပြီ။ သမီးလေးနဲ့ ဖုန်းထဲကနေ အမြဲ ပြောဆိုနေတဲ့ နေရာကို အခုလို မျက်မြင်ကိုယ်တွေ့ တစ်ကယ်ရောက်ရှိခဲ့ရပြီ။ ရန်ကုန်ကနေ စင်ကာပူ ကို ၃နာရီ၊ စင်ကာပူ ချန်ဂီလေဆိပ်ကနေ နာရိတာ လေဆိပ်ကို ၆ နာရီ လေယဉ်စီးခဲ့ရပြီး သမီးလေးဆီကို အရောက်လာနိုင်ခဲ့ပါပြီ။

သမီးလေးနေတဲ့ အခန်းလေးက ဘယ်လိုနေပါလိမ့်။  သမီးလေး ပညာဆည်းပူးနေတဲ့ တက္ကသိုလ်ကြီးက ဘယ်လိုပါလိမ့်။ ကိုယ်နဲ့ လူမျိုးဘာသာ မတူသူတွေကြားမှာ သမီးလေး ဘယ်လိုနေထိုင်ဆက်ဆံနေပါလိမ့်...စသဖြင့် ကျွန်မရဲ့ အတွေးတွေ အဆုံးသတ်သွားခဲ့ရပါပြီ။ သမီးလေးရဲ့ သပ်ရပ်သန့်ရှင်းတဲ့ အခန်းလေးကို တွေ့ရပါပြီ။ ရာသီဥတု အအေးကြမ်းတဲ့ ဂျပန်ဆောင်းမှာ သမီးလေးရဲ့ နွေးထွေးတဲ့ အခန်းလေးနဲ့ နွေးထွေးအောင် ဖန်တီးပေးနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရပါပြီ။

သမီးလေးတို့ နေ့တဓူဝသွားလားလှုပ်ရှားနေရတဲ့ တက္ကသိုလ်ကြီးရဲ့ အဆောက်အဦး တွေကို တွေ့ရပါပြီ။ သမီးလေးတို့ ဌာနက အဆောက်အဦးကြီးဆီကိုလည်း ကိုယ်တိုင် ရောက်ခဲ့ရပါပြီ။ သမီးတို့ ကွန်ပြူတာများနဲ့ နေ့နေ့ညည ကြိုးပမ်းလှုပ်ရှားနေရတဲ့ အခန်းလေးကိုလည်း မြင်ခဲ့ရပါပြီ။ သမီးလေးကို ဂရုတစိုက် နည်းပေး ညွှန်ပြပေးနေတဲ့ သမီးရဲ့ professor ကိုလည်း တွေ့ဆုံ နှုတ်ဆက်ခွင့်ရပြီး သမီးလေးရဲ့ ကြိုးပမ်းလုပ်ဆောင်နေမှုတွေကိုလည်း ကြားခဲ့ရပါပြီ။ သမီးလေးနဲ့အတူ ပညာသင်ကြား နေကြတဲ့ ဖော်ရွေစွာ ဆက်ဆံကြတဲ့ သူငယ်ချင်းတွေကိုလည်း တွေ့ခဲ့ရပါပြီ။ သမီးလေးပြောပြလို့ ဂျပန်လူမျိုးတွေရဲ့ စည်းကမ်း စနစ်ကျပုံတွေ ကိုလည်း ကိုယ်တိုင် မြင်ခဲ့ရပါပြီ။

သမီးလေးနဲ့အတူ လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ထားခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီး တွေဆီကိုလည်း တအံ့တသြဖူးခဲ့ရပါတယ်။ ဂျပန်နိုင်ငံရဲ့ နာမည်ကျော်ကြားတဲ့ သူရဲကောင်း၊ ဂျပန်စစ်သူကြီး တွေရဲ့ ခမ်းနားလှပတဲ့ အဆောက်အဦတွေနဲ့ သူတို့ ပိုင်ဆိုင်ခဲ့တဲ့ စိမ်းစိုလှပတဲ့ ဥယဉ်ကြီးတွေဆီကိုလည်း ရောက်ခဲ့ရပါတယ်။ ဂျပန်ရဲ့ အမှတ်တံဆိပ်တစ်ခု သဖွယ်ဖြစ်တဲ့ လှပခန့်ငြားတဲ့ ဖူဂျီတောင်ရဲ့ ရှုခင်းတွေကိုလည်း တစ်ဝကြီး ခံစားခဲ့ရပါသေးတယ်။ ပင်လယ်ကမ်းပါးပေါ်က ထူးခြားလှပတဲ့ မြို့လေးတစ်မြို့ ကိုလည်း သဘောင်္နဲ့ ရောက်ခဲ့ရပါတယ်။ တောက်ပြောင်လှပပြီး ပစ္စည်းတွေစုံလှတဲ့ ပလာဇာကြီးတွေမှာလည်း သမီးလေးနဲ့အတူ ဈေးဝယ်ခဲ့ရပါတယ်။

သမီးလေးတို့မြို့မှာ ဟနဘိဆိုတဲ့ မီးရှုးမီးပန်း တွေလွှတ်တင်တဲ့ ပွဲကိုလည်း တအံ့တသြ ငေးမောခဲ့ရပါသေးတယ်။ ဒီလိုမျိုးနေရာတွေကို သမီးလေးနဲ့အတူ အတူတကွ ခံစားပြီး လည်ပတ်ရလိမ့်မယ်လို့ မမျော်လင့်ခဲ့တာကတော့ အမှန်ပါပဲ။

ဒါတွေကို စိတ်အစဉ်မှာ ပြန်မြင်ယောင်နေခဲ့ပေမဲ့ ကျွန်မအလွမ်းဆွတ်ဆုံး နေရာလေးကတော့ Hills Kawauchi ပါပဲ။ ဘာကြောင့်လဲဆိုတော့ သမီးလေးနေတဲ့ အဆောင်ခန်းလေးက Hilss Kawauchi ဆိုတဲ့ တောင်ပူစာလေးပေါ်မှာ တည်ရှိနေလို့ပါပဲ။ အဲဒီနေရာလေးမှာ တစ်လဆိုတဲ့ အချိန်လေးကို သမီးလေးနဲ့ အတူ ကုန်ဆုံးခဲ့ရတယ်။ သမီးလေးရဲ့ သေးသွယ်ပြော့ပြောင်းတဲ့ လက်ကလေးတွေနဲ့ ထွေးဖက်ခံရပြီး စကားတွေ တစ်ဝကြီး ပြောခဲ့ရတယ်။  သမီးလေးကို စိတ်ခွန်အားတွေ လည်းပေးခဲ့မိတယ်လို့ ထင်ပါတယ်။ အပြန်တိုကျိုခရီးကိုတော့ ကြားသာကြားဖူးခဲ့တဲ့ ဂျပန်ရဲ့ ကျည်ဆန်ရထား ဆိုတာကြီးနဲ့ ပြန်ခဲ့ရတယ်။ 

သမီးလေးနဲ့ ခွဲခွာပြီး ပြန်လာတော့ စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ပညာဆည်းပူးနေတဲ့ ရတဲ့ သမီးလေး စိတ်ချမ်းသာ၊ ကိုယ်ကျန်မားစွာနဲ့ လိုရာပန်းတိုင်ကို ဘေးအန္တရာယ်ကင်းစွာ နဲ့ လျှောက်လှမ်းနိုင်ပါစေ လို့ပဲ နေ့စဉ်ဆုတောင်းပေးနေမိပါတယ်။
Hills Kawauchi မှ မီးငယ်လေးအတွက် Hill ရန်ကင်းအနီးမှ မေမေ့ရဲ့ စာလေးဖတ်ပြီး အလွမ်းပြေနိုင်ပါစေ။


ချစ်သောမေမေ။

မှတ်ချက်။။ မေမေပေးပို့ခဲ့တဲ့ စာတွေထဲ့ ကျွန်မရဲ့ ရင်ကိုအထိဆုံး စာလေး တစ်စောင်ပါ။ ဒီစာကိုပြန်ဖတ်တဲ့ အခါတိုင်း မေမေ့ကို လွမ်းပြီး မျက်ရည်ကျမိပါတယ်။ ဒီစာကိုဖတ်ပြီးတိုင်း မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာတရားကို အကြိမ်ကြိမ် လေးစား ဂရ၀ပြုမိပါတယ်ရှင်။

Saturday, February 19, 2011

မေမေနာယူသော တရားများ-၉

မေမေ ဒီနေ့နာယူတဲ့ တရားကတော့ သြဂ ၄ ပါး တရားပါပဲ။ မီးငယ်လေးလဲ ကြားဖူးပြီးဖြစ်မှာပါ။
(၁) ကာမောဂ (၂) ဘဝေါဂ (၃) ဒိဌောဂ (၄) အ၀ိဇောဂ ဆိုတဲ့ တရားတွေပါပဲ။

ငါးပါးအာရုံ ကာမဂုံကို ခင်တွယ်တာက ကာမောဂပေါ့။ မေမေတို့တွေမှာ မိုလင်းတာနဲ့ ခင်စရာမင်စရာ တွေ၊ ခင်တယ် မင်တယ်ဆိုတာတွေ၊ အဆင်း အသံ အနံ့ အရသာ တွေ့ထိစရာတွေကို ခုံမင်တွယ်တာ တာတွေက ကာမောဂပါပဲ။

ဘဝေါဂ ကတော့ မေမေတို့တွေမှာ မရှိဘူး။
အဲဒါက ရူပဘုံ၊ အရူပဘုံတွေကို ခင်တွယ်တာ။ ရထားပြီးတဲ့ ဈာန်ကို သာယာတာ။

ဒိဌောဂ ကတော့ ငါ့ကိုယ် ငါ့ဟာ ထင်တာတွေပေါ့။

အ၀ိဇောဂ ကတော့ သစ္စာလေးပါး မသိတာပါပဲ။
သူက တစ်နေ့တစ်နေ့ လူတွေကို ကျောင်းသွားခိုင်း၊ အလုပ်သွားခိုင်း၊ တနေ့လုံးမူးနေအောင် ခိုင်းပြီး အပါယ်ကို ဆွဲချတဲ့ တရားပါပဲ။

ဝဲထဲကို သစ်ရွက်တစ်ရွက် ကျသွားရင် ပထမကျယ်ကျယ်လှည့်၊ နောက်ပြီးတော့ တဖြည်းဖြည်း ကြမ်းကြမ်းလှည့် တာခံရပြီး မြုပ်သွားတာပေါ့။ တစ်ချို့လူတွေက အိမ်ကနေ လှည့်တယ်။ တစ်ချို့က သွားလာပြီ လှည့်တယ်။ ဒါပေမဲ့ လှည့်နေမှန်းလဲမသိ ဖြတ်လဲမဖြတ်နိုင် ဖြစ်နေကြရတယ်။ မနက် မိုးလင်းလို့ ကျောင်း/အလုပ်ကို ငါသွားမယ် ဆိုတော့ ဒိဌာဂနဲ့သွား။ နောက်တော့ မြင်တာ ကြားတာ ခင်တွယ်တာနဲ့ အတူနေတယ်။ အလုပ်ထဲ စိတ်ရောက်ပြီး နေပြန်တော့ အ၀ိဇောဂနဲ့ နေတာပေါ့။

နတ်သားတစ်ပါးက ဘုရားရှင်ကို သြဂ ၄ ပါးမှ လွတ်အောင် ဘယ်လိုလုပ်ခဲ့သလဲ လို့ မေးသတဲ့။ ဒီတော့ ဘုရားရှင်က သြဂကလွတ်အောင် ''ငါဟာ ရပ်လဲမနေဘူး။ အားလဲမထုတ်ဘူး။'' လို့ ဖြေပါတယ်။
ရပ်နေတယ် ဆိုတာက ရိုးရာအတိုင်း သွားလာရောင်းဝယ်ပြီး မိမိရဲ့ သား၊ လင် ခင်ပွန်းနဲ့ နေထိုင်ကြတာကို ခေါ်ပါတယ်။ အားထုတ်တယ် ဆိုတာကတော့ ဆရာမှားနဲ့တွေ့ပြီး မဟုတ်တဲ့ တရားတွေကို အားထုတ်မိတာ။ ဘုံဘ၀တောင့်တပြီး လှူဒါန်းပေးကမ်းတာတွေကို ဆိုလိုပါတယ်။ မြုပ်လမ်းနဲ့ မြောလမ်း ကိုရှောင်ရှားတဲ့ နည်းပါပဲ။ အဲဒီတော့ သြဂ ၄ပါးက လွတ်အောင် အလယ်လမ်းမှာ နေရပါမယ်။

အလယ်လမ်းဆိုတာက နှလုံးသွင်းမှန်တဲ့ လမ်းပါ။ ဘယ်မှာ နှလုံးသွင်းမှန်ရမှာလဲ ဆိုတော့ ခန္ဒာ ငါးပါးဟာ ဒုက္ခပဲ။ အနိစ္စပဲ အနတ္တပဲ လို့သိရမှာပါ။ ပင်ကိုယ်အရှိနဲ့ အသိကိုက်တာဟာ နှလုံးသွင်းမှန်တာပါပဲ။ ဥပမာ..ခန္တာကိုယ်တစ်နေရာမှာ ယားတယ်ဆိုရင် ငါယားတာလား...ဝေဒနာဒုက္ခပေါ်တာလား။ အမှန်သိရင် ဝေဒနာပေါ်တာပါ။

နှလုံးသွင်းမှန်ရင် သမ္မာဒိဌိလိုက်ပါတယ်။
နှလုံးသွင်း မှားရင် မိစ္ဆာဒိဌိ လိုက်ပါတယ်။
ဒါကြောင့် သုခဝေဒနာပဲဖြစ်ဖြစ်၊ ဒုက္ခ ဝေဒနာပဲဖြစ်ဖြစ် ၊ ဥပက္ခာဝေဒနာပဲ ဖြစ်ဖြစ်
ဖြစ်တာကို သိပါ။ ပျက်တာကိုလဲ သိနေရပါမယ်။ ဆရာတော်ကြီးက မျက်ရည်ကျလောက်အောင်လဲ ကျင့်စရာမလိုပါဘူးတဲ့။ ဖြစ်တာလေးနဲ့ ပျက်တာလေးကို နှလုံးသွင်းမှန်မှန်နဲ့ သိနေရင် သြဂ ၄ပါးမှ လွတ်မြောက်နိုင်ပါတယ်တဲ့။

သြဂ ၄ပါးမှ လွတ်မြောက်၍ အိုနာသေ ကင်းရာနိဗ္ပာန်သို့ ရောက်ရှိနိုင်ကြပါစေ။
12th June, 2009

Friday, February 18, 2011

မေမေနာယူသောတရားများ-၈

ဒီနေ့နာရတဲ့ အရေးတစ်ကြီး သိရမဲ့တရားကို ရေးပေးလိုက်ပါတယ်။
တရားရဲ့ ခေါင်းစဉ်က စိတ္တာဝိပဿနာရှုနည်း ဖြစ်ပါတယ်။ မကြာခဏလဲ နာရပါတယ်။ မေမေတို့မှာ ဆရာတော်ကြီး ဟောတဲ့အတိုင်း အလေ့အကျင့် လုပ်နေရမှာပါ။ အလေ့အကျင့်ဆိုတာ ၀ိပဿနာတရား အားထုတ်နေတာ ပါပဲတဲ့။
မေမေတို့ရဲ့မျက်လုံးနဲ့ အဆင်းတစ်ခုကိုမြင်ရင် မြင်စိတ်ပေါ်တယ်။ တစ်နည်းအားဖြင့် ခန္တာပေါ်လာတာပါ။ မေမေတို့ သိနေတဲ့ ခေါင်း၊ ခါး၊ ခြေ၊ လက် ဆိုတဲ့ ခန္တာမဟုတ်ပါဘူး။ ၀ိဥာဏ်နက္ခ န္တာတစ်ခုပေါ်တာပါ။ အဲဒီခန္တာက အခုမှာ မြင်မှ ပေါ်လာတာပါ။ ယခင်ကရှိနေတာမဟုတ်ပါဘူး။ မြင်ပြီးရင် ပျက်ပါတယ်။ ဒါပေမဲ့ မြင်လိုက် ပျက်လိုက် ရုပ်ခန္တာ နာမ်ခန္တာတွေရဲ့ အဖြစ်က မြန်လွန်းတော့ တစ်ဆက်တည်း မြင်နေတယ်လို့ ထင်ရတယ်။

မီးမီးနဲ့ မေမေ ဖုန်းပြောတော့ အသံကြားရတယ်။ ပြောတဲ့ အချိန်မှ ပေါ်လာတာ ၀ိဥာဏ်နက္ခ န္တာပါပဲ။ ဒါလဲ ကြားပြီး ပျက်ပါတယ်။ ထိုနည်း၎င်းပဲ နံစိတ်၊ မွှေးစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ်၊ တွေးတောစိတ်၊ ၀မ်းသာစိတ်၊ ၀မ်းနည်းစိတ်၊ ၀မ်းသာ ၀မ်းနည်းမဟုတ်တဲ့ သာမာန်စိတ်တွေက တစ်ခုမဟုတ် တစ်ခုပေါ်နေပါတယ်။ ဒါတွေ ဘာမှမရှိရင် လေကို ရှူချင်တဲ့စိတ်၊ လေကို ထုတ်ချင်တဲ့စိတ် ဒီ၂ခုကတော့ အမြဲပေါ်နေပါတယ်။ မီးမီး ဒီစာကို ဖတ်နေရင် စာတွေကို မြင်တဲ့စိတ်ကလေးတွေ ပေါ်နေတာကို သိနေပါ။ စာဖတ်ရင်းနဲ့ စိတ်ကတစ်ခုခုကို ရောက်သွားရင်လဲ တွေးတောစိတ်လေးပေါ်နေတာ သိလိုက်ပါ။ စာဖတ်ရင်း ငြီးငွေ့သွားရင် လေကို ရှူနေတဲ့စိတ်ကလေးနဲ့ လေကိုထုတ်လိုက်တဲ့စိတ် ကိုသတိပြုနေလိုက်ပါ။ အဲဒီစိတ်က မနောမှာ ပေါ်တာပါ။ နှာခေါင်းမှာ လေ၀င်တာ ထွက်တာကို ရှုခိုင်းတာမဟုတ်ပါဘူး။ စိတ်ကိုပဲ ရှုခိုင်းတာပါ။

မေမေတို့ ဘုရားဂုဏ်တော်ကို ရွတ်ဆိုတဲ့အခါမှာ သံဒိဌိကော၊ အကာလိကော၊ ဧဟိပသိကော လို့ ဆိုတယ် မဟုတ်လား။ သံဒိဌိကောဆိုတဲ့ အဓိပ္ပါယ်က သာမံပသိကော ... ကိုယ့်သန္တန်မှာဖြစ်တဲ့ တရားကို ကိုယ်တိုင်မြင်ရမယ်တဲ့။ သံဒိဌိကော ရှေ့သွားရှိမှ အကာလိကော နိဗ္ပာန်ရမယ်။ တစ်နည်းအားဖြင့် ကိုယ့်သန္တန်မှာဖြစ်တဲ့ တရားကို ကိုယ်တိုင်မြင်မှ နိဗ္ပာန်ရပါမယ်။

မေမေတို့တွေဟာ တစ်သံသရာလုံး ကိုယ်ဘာဖြစ်နေလဲဆိုတာ မသိခဲ့ကြလို့ နိဗ္ပာန်မရကြတာတဲ့။ ဒီတော့ မီးငယ်လေးလဲ အခုမေမေ့စာကို ဖတ်လို့သဘောကျရင်လဲ သဘောကျတဲ့ စိတ်ကလေးကို သိလိုက်ပါ။
အော်ဒါနဲ့...သိရုံတင်မဟုတ်ပဲ အဲဒီစိတ်ကလေးက ဖြစ်ပြီးပျက်သွားတာလေးပါ ဆက်သိလိုက်ပါအုန်း။

11th June,2009

Monday, February 7, 2011

မေမေနာယူသောတရားများ-၇

မီးငယ်လေးရေ...

ဒီနေ့ မေမေနာရတဲ့ တရားကတော့ တော်တော်လေးနက်လို့ သဘောပေါက်အောင် ကြိုးစားပြီး နာရပါတယ်။ ဘုရားရှင်တော်မြတ် ဟောကြားတဲ့ တရားတွေကို နားလည်သိရှိနိုင်တဲ့ ဥာဏ်မရှိကြတဲ့ လူအချို့ဟာ မယုံကြည်ကြဘူး။ မယုံမရှိကြပါနဲ့ တဲ့။ ဘုရားရှင်ကို ပြစ်မှားသလို ဖြစ်တတ်ပါတယ်။ မေမေတို့ ပုထုဇဉ်တွေရဲ့ အဖြစ်ကို သုံးသပ်ကြည့်ရင် သစ္စာ ၄ ပါးမှာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ၂ မျိုး ပဲလှည့်နေပါတယ်။
သမုဒယသစ္စာက မိုက်မဲမှု၊ ဒုက္ခသစ္စာက ဆင်းရဲမှု ပဲရှိတယ်။

လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်း တွေဖြစ်ကြပေမဲ့ ဒါတွေဟာ ပြင်ပဆိုင်းဘုတ် ဆွဲထားတာပဲ။
အတွင်းမှာ ကြည့်ရင်တော့ မိုက်မဲမှုနဲ့ ဆင်းရဲမှုပဲ ရှိတယ်။

ဒီတော့ မေမေတို့ ပုထုဇဉ်တွေက အချိန်တိုင်း တပည့်တော်တို့ ဆင်းရဲမှုမရှိပါဘူးဘုရား...ချမ်းသာတဲ့ ခံစားမှုလေးတွေလဲ ရှိပါသေးတယ် လို့ပြောရင် မမှန်ပါဘူးတဲ့။ မေမေတို့ ခန္ဒာမှာ စက္ကန့်မလပ် ဖြစ်မှု ပျက်မှု တွေရှိနေတာကို မသိကြလို့ ပြောကြတာပါတဲ့။ ဒီ အယုတ်သစ္စာ ၂ပါးကိုပဲ အပိုင်ရထားကြရတယ်။ ဒါကြောင့် လိမ္မာမှုနဲ့ ချမ်းသာမှုကို ရအောင် တရားနာ တရားအားထုတ်ကြရတယ်။ အောက် သံသရာမှာ လည်နေရတဲ့ ဒုက္ခခရီးသည်တွေဟာ အမှောင်မှာ မွေးပြီး အမှောင်ထဲမှာပဲ သေကြရတယ်။ ဒါတွေရဲ့ လက်သည် တရားခံကတော့ အ၀ိဇ္ဖာနဲ့ တဏှာကြောင့်ပါပဲ။
အ၀ိဇ္စာနဲ့ တဏှာ ဘာကြောင့်ဖြစ်သလဲဆိုတော့ အသုတ၀ါ ပုထုဇနော (အကြားအမြင် မရှိတဲ့ ပုထုဇဉ်) ဖြစ်လို့ပါပဲ။ အကြားအမြင် မရှိဘူး ဆိုတာက ဥာဏ်မျက်စေ့ကန်းပြီး ဥာဏ်နား မပါတာကို ပြောတာပါ။ ပုထုဇဉ် ဆိုတာက ကိလေသာထူသူပေါ့။ ဒါကြောင့် သုတ၀ါအရိယာသာဝကော (အကြားအမြင်ရှိသူ) ဖြစ်အောင် မလုပ်ကြရင်တော့ မိုက်မဲမှုနဲ့ ဆင်းရဲမှုမှာပဲ လှည့်နေကြရလိမ့်မယ်။

မေမေတို့ အဖြစ်က ဘာနဲ့တူသလဲ ဆိုရင် ဘုရားရှင်က ချည်တိုင်၊ ကြိုး၊ လည်ပတ်၊ ခွေး နဲ့ ဥပမာ ပြပါတယ်။
ကြိုး က တဏှာ၊
လည်ပတ်က ဒိဌိ၊
ချည်တိုင် က ခန္ဒာ ငါးပါး၊ ဆိုတဲ့ သဘော ဖြစ်ပါတယ်။
ဒီခွေးရဲ့ လည်ပတ်ကို ကြိုးနဲ့ချည်ပြီး ကြိုးကို ချည်တိုင်မှာ ချည်ထားရင် ဒီခွေးဟာ ဒီနားမွေး၊ ဒီနားမှာပဲ အစာစား၊ ဘယ်မှ မလွတ်ပါဘူး။ ဒီအဖြစ်က လွတ်ကင်းအောင် လည်ပတ်ဖြုတ်ရပါမယ်။
ဓမ္မ သဘောနဲ့ပြောရရင် မေမေတို့ ပုထုဇဉ်တွေဟာ ခွေးနေ နေပြီး၊ ခွေးသေ သေရတာနဲ့ မထူးပါဘူး။ တစ်သံသရာလုံးမှာ ဒီဇာတ်ပဲ ခင်းခဲ့ကြတယ်။ ဒါကြောင့် အခုလို အသိဥာဏ်ရှိတဲ့ ဘ၀ရောက်ခိုက်မှာ ဒီဇာတ်သိမ်းဘို့ ဒိဌိဖြုတ်ရပါမယ်။

ဒိဌိဖြုတ်ဖို့က ပဋိစ္စသမုပါတ် အစနဲ့အဆုံး သိရပါမယ်။ အခု..မီးငယ်လေးက အိမ်အကြောင်း ကိုတွေးလိုက်ရင် တွေးစိတ်ကလေးပေါ်ပါတယ်။ တွေးစိတ် ဆိုတာက ၀ိဥာဏ်နက္ခန္ဒာ ပဲ။ ဒီတော့ ငါတွေးတာလား...၀ိဥာဏ်နက္ခန္ဒာ ပေါ်တာလား လို့ စဉ်းစားရမှာပါ။ အဲဒီ အတွေးစိတ်လေးလဲ ဖြစ်ပြီး ပျက်ပါတယ်။ ဒီလိုပဲ ခန္ဒာ ငါးပါး ပေါ်ပျက်၊ ဖြစ်ပျက် သူ့အကြောင်းနဲ့ သူ့အကျိုး ဖြစ်ပျက်နေတာကို သဘောပေါက်လာရင် ဒိဌိလည်ပတ်ပြုတ်ပြီး လိမ္မာမှုနဲ့ ချမ်းသာမှုဆိုတဲ့ မဂ်တရားနဲ့ နိဗ္ပာန်ရနိုင်မှာပါ။ ဒီတရားက လေးနက်တဲ့အတွက် တစ်ဖြည်းဖြည်း ပြန်ဖတ်ပြီး စဉ်းစားကြည့်နိုင်ပါစေ။
နောက်မှ ဆက်ရေးအုံးမယ်။
ချစ်မေမေ
3rd June, 2009

မေမေနာယူသောတရားများ-၆

မီးငယ်လေးရေ....
မေမေဒီနေ့ နာရတဲ့ တရားကတော့ အားတက်စရာတရားတစ်ပုဒ်ပါပဲ။
သံသရာဆိုတာ ဘာလဲဆိုရင် မိမိအခါခါ သေနေတာ သံသရာတဲ့။ ဒီနေရာမှာ သေတယ် ဆိုတာ မေမေတို့ နာလည်ထားတဲ့ အလောင်းကြီးကို ပြောတာမဟုတ်ဘူး။
မျက်စေ့တစ်မှိတ်အတွင်းမှာ ရုပ်ခန္တာပေါင်း ကုဋေ ၅၀၀၀ နာမ်ခန္တာပေါင်း ကုဋေ ၁သိန်း ပျက်နေတာကို ပြောတာပါ။ ပျက်လိုက် အစားထိုးလိုက် နဲ့ ဖြစ်ပျက်နေတာတွေကို စဉ်းစားကြည့်ရင် မချမ်းသာပါဘူး။ ဆင်းရဲပါတယ်။
ပေတကော ပဒ္ဒေသပါဠိတော်မှာ အရှင် အနန္ဒာက ဟောထားပါတယ်။ အချက် ၂ ခုကိုလိုက်နာရင် နိဗ္ပာန် ရနိုင်ပါတယ်တဲ့။ အဲဒီအချက် ၂ ချက်က
၁) သစ္စာတရားနာရမယ်။
၂) မိမိရဲ့ ခန္ဒာကိုယ်ကို နှလုံးသွင်းမှန်ရမယ်။

အဲဒီ အချက် ၂ ချက်ကို မပျောက်ပျက်အောင် သေသေချာချာ သိမ်းကြပါတဲ့။ ကိုယ့်ပစ္စည်းပျောက်ရင် မွဲရုံပဲရှိမယ်။ ကိုယ့်သားသမီး ပျောက်တာလဲ အရေးမကြီးဘူးတဲ့။ ဘ၀အဆက်ဆက်မှာ ပျောက်ပေါင်းများလှပါပြီတဲ့။
ဒီအချက် ၂ ချက် ပျောက်ရင်တော့ အိုပွဲ၊ နာပွဲ၊ သေပွဲ တွေဟာ ကိုယ့်ပစ္စည်းဖြစ်မှာ ပဲတဲ့။
ခန္ဒာပေါင်းစုံ၊ ငရဲပေါင်းစုံမှာ ကြုံခဲ့ရတာ ဒီအချက် ၂ ချက် ပျောက်ခဲ့လို့ပဲ။
သစ္စာတရားနာတဲ့ နေရာမှာ ခန္ဒာဟာ ဒုက္ခသစ္စာ ပဲလို့သိနေရင် ကိလေသာ အစေးတွေ ခမ်းခြောက်တယ်။
ခြောက်နေတဲ့ သစ်တုံးကို မီရှို့လို့လွယ်သလိုပဲ။ ကိလေသာ အစေးခြောက်နေရင် မဂ်မီးနဲ့ ရှို့ရင်လောင်လွယ်ပါတယ်။

မိမိခန္ဒာမှာ ဖြစ်ပျက်တွေရှိပါလား လို့နှလုံးသွင်းနေရမှပါ။ ၀မ်းသာရင်လဲ ၀မ်းသာတဲ့ စိတ်က ဖြစ်ပြီးပျက်ရတာပဲ။ ဘာမဆို ဖြစ်ပြီးရင် ပျက်ရမှပါလား လို့ နှလုံးသွင်းမှန်နေရမှာပါပဲ။
(2nd June, 2009)

Sunday, February 6, 2011

မေမေနာယူသောတရားများ-၅

မီးငယ်လေးရေ...
ဒီနေ့ မေမေနာကြားရတဲ့ တရားကတော့ နိဗ္ပာန်သွား လမ်းပြမြေပုံတဲ့။
ဆရာတော်ကြီးက မေမေတို့တွေဟာ နိဗ္ပာန်ကိုတော့ ရောက်ချင်ကြတယ်။ လယ်လမ်းကဘယ်လို သွားရမလဲလို့ တွေးဆနေကြရတယ်တဲ့။ ဒီတော့ ဆရာတော်ကြီးက လမ်းပြမြေပုံ တစ်ခုပေးလိုက်ပါတယ်။ နိဗ္ပာန်ရောက်ဖို့ သမ္မာဒိဌိ (မှန်ကန်စွာသိခြင်း) က အရေးကြီးဆုံး ဖြစ်ကြောင်း မှတ်ထားကြရမယ်။ သမ္မာဒိဌိရဖို့ကတော့ တရားနာပြီး မှန်ကန်စွာ နှလုံးသွင်းမှု ရှိရမယ်။
အဲဒီ တရားကလဲ ဘယ်လိုတရားမျိုးလဲဆိုရင် နိသတ္တနိဇီဝတရားဖြစ်ရမယ်။ နိသတ္တနိဇီဝတရား ဆိုတာက သတ္တ၀ါမဟုတ်၊ ရုပ်နာမ်ဘဲ။ မိမိခန္တာ၊ သားသမီးခန္တာ၊ မိမိပစ္စည်း ဆိုတာတွေမရှိဘူးလို့ ဆိုတဲ့ တရားမျိုးကို ဆိုလိုပါသတဲ့။

မေမေတို့ တစ်တွေဟာ သံသရာမှာ မြေပုံ ပျောက်ခဲ့ကြလို့ ဘုရားအဆူဆူနဲ့ လဲလွဲခဲ့ရသလို အပါယ် ၄ဘုံမှာလဲ ကျင်လည်ခဲ့ကြရတယ်။
မြေပုံပျောက်ရင် ဒီဌိရောက်မယ်။
ဒိဌိရောက်ရင် အိုနာသေနဲ့ တွေ့ရမယ်။
အိုနာသေက တဏှာကလာတယ်။
တဏှာက ခင်ရာမင်ရာကလာတယ်။
ခင်ရာမင်ရာသည် ရုပ်နာမ် ဓမ္မဖြစ်ပျက် တွေပဲလို့ သိနေမှ မြေပုံမပျောက်မှာတဲ့။

မေမေက ဆရာတော်ကြီးပေးတဲ့ နိဗ္ပာန်လမ်းပြမြေပုံ ကို သမီးတို့တွေအတွက် ကော်ပီကူးပေးလိုက်ပါပြီ။
အိုနာသေဘေးမှ လွတ်ဖို့ သေချာသိမ်းထားပြီး ကျင့်ကြံပါ။
(29th May, 2009)

Friday, February 4, 2011

မေမေနာယူသော တရားများ-၎

မီးငယ်လေးရေ...
ဒီနေ့ မေမေနာယူတဲ့ တရားကလဲ အလွန်မှတ်သားထိုက်တဲ့ တရားပါပဲ။ ဆရာတော်ကြီးဟာ ရဟန္တာပုဂိုလ်ကြီး ဖြစ်လို့ သူရဲ့တရားတွေဟာ ဘာမှ အပိုမပါဘူး။ အကျိုးအကြောင်းပြပြီး သိပ်ဟောတတ်ပါတယ်။
ဗျာဓိဆိုတဲ့ နာခြင်းတရားကလဲ မေမေတို့ ခန္တာကိုယ်ထဲမှာ အမြဲ နှိပ်စက်နေပါတယ်တဲ့။ ထိုင်နေရင်း ထလိုက်ရ၊ ထရင်းက ထိုင်လိုက်ရ၊ ညောင်းလိုက်ရ၊ ပူလိုက်ရ နဲ့ ဗျာဓိဆိုတဲ့ နာခြင်းတရားလဲ အမြဲရှိနေပါတယ်။ ဘုရားရှင်က သစ္စာသိအောင် မိမိကိုယ်ကို သုံးသပ်ရမယ်လို့ ဟောပါတယ်။

သစ္စာမသိလို့ သံသရာရှည်ရတယ်။ အကြောင်းသစ္စာ၊ အကျိုးသစ္စာ ခွဲခြားသိတတ်ရပါမယ်။
မေမေတို့မှာ ဘာကြောင့် ဇရာဗျာဓိနှိပ်စက်နေရတာလဲလို့ သုံးသပ်ကြည့်တော့ ခန္တာငါးပါး ရှိလို့ဖြစ်ရတယ်။
ခန္တာငါးပါးသည် အကြောင်း သမုဒယသစ္စာ
ဇရာမရဏသည် အကျိုး ဒုက္ခသစ္စာ ဖြစ်တယ်။

ခန္တာငါးပါး  ဘာကြောင့် ဖြစ်ရတာလဲလို့ သုံးသပ်ကြည့်ပြန်တော့ တဏှာကြောင့် ဖြစ်ရတယ်တဲ့။ တဏှာ ဘယ်ကလာလဲလို့ ဆက်ပြီး သုံးသပ်ကြည့်ပြန်တော့ ခင်ရာမင်ရာက လာပါတယ်။ ခင်ရာမင်ရာ ဆိုတာက အယတန ၁၂ပါး (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်၊ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ်၊ တွေးတောစိတ်) နဲ့ ဓာတ် ၁၈ပါး တို့ကိုခေါ်တာပါ။
ခင်ရာမင်ရာကိုဖြတ်မှ ခင်တာမင်တာဆိုတယ် တဏှာပြတ်ပါတယ် တဲ့။
ခင်ရာမင်ရာကိုဖြတ် ဖို့ကတော့ ၀ိပဿနာရှုရပါမယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး မိန့်တော်မူခဲ့တဲ့အတိုင်း ၀ိပဿနာရှုပွားခြင်းဟာ ဘုရားရှင် အကြိုက်ဆုံး ဘုရားရှင်အား ပူဇော်ခြင်းပါပဲ။

ဒီတော့ လောကလူသားတွေကို သံသရာမှ ကျွတ်လွတ်စေလို၍ ဘုရားဖြစ်အောင် ကြိုးပမ်းအားထုတ်ခဲ့ရတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို နေ့စဉ် ၀ိပဿနာတရား ကျင့်ကြံခြင်းဖြင့် ပူဇော်ကြပါစို့လား။
28th May,2009

မေမေနာယူသော တရားများ-၃

မီးငယ်လေးရေ...
ဒီနေ့ မေမေနာယူတဲ့ တရားကတော့ ကြွက် (၄)မျိုး ရှိတယ်တဲ့။
ပထမအမျိုးအစားက တွင်းကိုတော့ တူးတတ်တယ်၊ တွင်းမအောင်းတတ်ဘူး။
ဒုတိယအမျိုးအစားက တွင်းမတူးတတ်ဘူး။ ဒါပေမဲ့ တွင်းအောင်းတတ်တယ်။
တတိယအမျိုးအစားက တွင်းလဲ မတူးတတ်ဘူး။ တွင်းလဲမအောင်းတတ်ဘူး။
စတုတ္တအမျိုးအစားက တွင်းလဲ တူးတတ်တယ်။ တွင်းလဲအောင်းတတ်တယ်တဲ့။

ပထမအမျိုးအစားက ဘာနဲ့တူသလဲဆိုတော့ ပရိယတ် စာတွေ တော့ တတ်တယ်။ ဒါပေမဲ့ ၀ိပဿနာ မကျင့်ဘူး။ ဒီတော့ တွင်းမအောင်းတတ်လို့ အန္တရာယ်မကင်းဘူး။ အပါယ် ၄ ပါးကျနိုင်တယ်တဲ့။

ဒုတိယအမျိုးအစားကတော့ မေမေတို့လို ယောဂီတွေနဲ့ တူတယ်တဲ့။ ပဋိကတ်၊ ပရိယတ်စာတွေတော့ မတတ်ဘူး။ ဒါပေမဲ့ ဆရာဘုန်းကြီများ တူးထားတဲ့ တစ်နည်း နည်းပြညွှန်ကြားမှုအောက်မှာ တွင်းအောင်းတတ် ကြတယ်။ ၀ိပဿနာကျင့်ကြံအားထုတ်လို့ အပါယ်အန္တရာယ်ကင်းသတဲ့။

တတိယအမျိုးအစားကတော့ စာလဲမတတ်၊ ၀ိပဿနာလဲ မလေ့လာ မကျင့်ကြံတတ်လို့ အပါယ်အန္တရာယ် ရှိသတဲ့။

စတုတ္ထအမျိုးအစားကတော့ မိုးကုတ်ဆရာတော်ကြီလိုမျိုး ပရိယတ်လဲတတ်၊ ပဋိပတ်လဲ ကျင့်ကြံတဲ့ ပုဂိုလ်မျိုးကို ဆိုလိုပါတယ်။

ဒါကတော့ တရားအစပိုင်းမှာ ရှင်းပြချက်လေးပါပဲ။ တရားရဲ့ အနှစ်သာရကတော့ ဖြစ်ပျက်တွေကိုသာ ရှုနေပါ။ ဖြစ်ပျက်တွေ တစ်ချိန်ကျရင် ဆုံးသွားတာကို တွေ့ရလိမ့်မယ်။ အဲဒီအချိန်မှာတော့ သောတာပန် ဖြစ်မှာပါ။
ဒီတော့ ထချင်ရင်လဲ ထချင်တဲ့ စိတ်လေးကို ကြည့်ပါ။ ကြည့်လိုက်တော့ ထချင်တဲ့ စိတ်ဟာ မရှိတော့ဘူး။ အဲဒီလိုသာ အမြဲသတိထားပြီး ရှုနေပါ။ ကဲဒီလောက်ပဲ ဆရာတော်ကြီ ဟောတဲ့တရားကို အကျည်းချုပ် ရေးလိုက်ပါတယ်။
(25th May,2009)

Friday, January 21, 2011

ဆန် (၂ )ဆန် လျောင်းတော်မူ ရုပ်ပွားတော်


ကျမရဲ့ မေမေ စာတိုက်ကနေ ပို့ ပေးလိုက်တဲ့ "ဆန်( ၂) ဆန် လျောင်းတော်မူ ရုပ်ပွားတော်" ပုံကို လာလည်ကြတဲ့ သူငယ်ချင်းများ ကြည်ညို ဖူးမြော်နိုင်စေဖို့ မျှဝေပေးပါရစေနော်။
ပုံပေါ်ကို ကလစ်နှိပ်ပြီး အနီးကပ်ဖူးမြော်နိုင်ပါတယ်။ မြန်မာပြည် ပြန်ရောက်လို့ အခွင့်ကြုံ
တဲ့ အခါ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန် တောင်ခြေက သစ္စာဝေဒဂူ မိုးကုတ် ၀ိပဿနာ တရားစခန်းမှာ သွားရောက်ဖူးမြော်နိုင်ပါတယ်။
အပေါ်က ဓာတ်ပုံက ဘုရားထုပြီးခါစ အချောမသတ် ရသေးတဲ့ ပုံဖြစ်တယ်တဲ့ ။
အခုတော့ အချောသတ်အားလုံးပြီးသွားပီး သိမ်ကျောင်းတစ်ခုထဲမှာ သပ္ပာယ်စွာ စံတော်မူနေပါတယ် တဲ့။
မေမေပို့လိုက်တဲ့ ဓာတ်ပုံ ရဲ့ နောက်ကျောဘက်မှာ ကုက္ကိုပင်အသားကနေ ထုလုပ်ထားတဲ့ လျောင်းတော်မူ ဘုရားကြီးရဲ့ ထူးဆန်း အံ့သြဖွယ်ရာ ကောင်းလှတဲ့ သမိုင်းအကျဉ်းပါရှိပါတယ်။ ပုံပေါ်ကို ကလစ်နှိပ်ပြီး ဖတ်ရှု ကြည်ညိုကြပါရှင်။

Posts with same label

Related Posts with Thumbnails