Tuesday, September 21, 2010
ကမ္ဘာအေးစေတီတော်နဲ့ မိုဂျိကိုမြို့
ဂျပန်မှာ တစ်နေရာတည်းသော မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနဲ့ စေတီပုထိုး တည်ရှိရာနေရာကတော့ ဂျပန်နိုင်ငံ တောင်ပိုင်းမှာ တည်ရှိတဲ့ ကျူးရှူးကျွန်း (Kyushu) ရဲ့ မြောက်ဖက်ဆုံး အပိုင်း (Kitakyushu) က မိုဂျိကို(Mojiko) ဆိုတဲ့ မြို့လေးပဲဖြစ်ပါတယ်။
မိုဂျိကို ဆိုတာ A port of Moji ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် လောက် ကတည်းက ပင်လယ်ကူးသဘောင်္တွေ ၀င်ထွက်ရာ ဆိပ်ကမ်းမြို့လေး တစ်မြို့ပေါ့။
မိုဂျိကိုမြို့ဟာ ရထားလမ်းဆုံး မြို့လေးဖြစ်ပြီး သူရဲ့ တစ်ဖက်ကမ်းမှာတော့ ဂျပန်နိုင်ငံရဲ့ Honshu (=Japan mainland) လို့ခေါ်တဲ့ အပိုင်းကို မြင်နေရပါတယ်။ မိုဂျိကို ဘူတာက ရှေးဟောင်း အဆောက်အဦးလေးတစ်ခုပဲဖြစ်ပါတယ်။ ဘူတာကို ၀င်ဝင်ချင်းမှာပဲ ရှေးခေတ်က လန်ချားတွေ၊ မီးသတ်ကားတွေ ကိုပြတိုက်သဖွယ် ပြသထားတာကို တွေ့ခဲ့ရပါတယ်။
ဒီမြို့လေးမှာ ရှေးဟောင်း ဥရောပစတိုင် အဆောက်အဦး တွေကိုလဲ ထိန်သိမ်းထားပါတယ်။ အောက်က ပုံက ၁၉၂၁ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ တည်းခိုခန်း ဖြစ်ပါတယ်။ ရူပဗေဒပညာရှင် အဲလဘတ်အိုင်းစတိုင်းနဲ့ သူ့ရဲ့ဇနီးဟာ ၁၉၂၂ခုနှစ် ဂျပန်ကို လာရောက်တုံးက ဒီတည်းခိုခန်းမှာ တည်းခိုခဲ့ပါတယ်။ အခုတော့ ဒီတည်းခိုခန်းကို ပြတိုက်အဖြစ် ထားရှိထားတယ်။
ဒီနေရာကနေ တောင်ပေါ်ကစေတီလေးကို လှမ်းမြင်ရတယ်။
တောင်ပေါ်ကို တက္ကစီငှားပြီး တက်ခဲ့ကြတယ်။
ကမ္ဘာအေး စေတီတော် (အင်္ဂလိပ်လို .. World Peace Pagoda၊ ဂျပန်လို 世界平和パゴダー) ဟာ ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ်တည်ထားခဲ့တဲ့ ဂျပန်နိုင်ငံမှာ ရှိတဲ့ တစ်ဆူတည်းသော မြန်မာစေတီ ဖြစ်ပါတယ်။
မြန်မာကျောင်းတိုက် ကိုရောက်ပါပြီ။
ဘုန်းတော်ကြီးများ သီတင်းသုံရာ ကျောင်းတိုက်
ဘုန်းတော်ကြီးကျောင်းအတွင်းမှာ ဘုရားခန်း
ဘုန်းတော်ကြီးများ ဆွမ်းဘုန်းပေးရာအခန်း
အခုလက်ရှိ သီတင်းသုံး နေထိုင်တဲ့ သာသနာပြု မြန်မာ ဘုန်းတော်ကြီး (၃)ပါးရှိပါတယ်။ ဆရာတော်ကြီး တစ်ပါးကတော့ ဂျပန်မှာ သီတင်းသုံးတာ နှစ်ပေါင်း ၅၀ ကျော်ရှိနေပြီဖြစ်ပြီး သက်တော်အရလဲ အတော်ကြီးရင့်နေပါပြီ။ ဆရာတော်ကြီးဘွဲ့ တော် က အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တခေမိန္ဒ ဖြစ်ပါတယ်။ သက်တော် ၈၈နှစ် ရှိနေပါပြီ။ အခြား ဆရာတော် (၂)ပါးကတော့ ဦးဝဇ္ဇာနန္ဒ နဲ့ ဦးသုစိန္ဒဖြစ်ပြီး ဒီဆရာတော်များလည်း ဂျပန်မှာ နှစ်ပေါင်း (၃၀)ကျော် သီတင်းသုံးနေထိုင်ခဲ့ပါတယ်။
ဆရာတော်ကြီးများအား ဖူးမျှော်ကန်တော့ပြီး ကမ္ဘာအေး စေတီတော်တည်ရှိရာ တောင်ကုန်းလေးဘက် ကိုတက်ခဲ့ကြပါတယ်။
ကမ္ဘာအေးစေတီတော် အ၀င်ဝ
ကမ္ဘာအေး စေတီတော်(World Peace Pagoda)
စေတီ အတွင်းပိုင်းက ဘုရားရုပ်ပွားတော်
၁၉၅၈ ခုနှစ် စေတီတော် တည်တုန်းက မှတ်တမ်းဓာတ်ပုံများ
၁၉၅၈ ခုနှစ် စေတီတော် တည်တုန်းက မှတ်တမ်းဓာတ်ပုံများ
ဧည့်သည်မှတ်တမ်း စာအုပ်
သဘောင်္ဆိပ်ကမ်းနေ လှမ်းကြည့်ရင် တောင်ပေါ်မှာ တည်ထားတဲ့ ကမ္ဘာအေး စေတီတော်ကို မြင်နိုင်တဲ့ အတွက် မိုဂျိကို ဆိပ်ကမ်းကို ရောက်ရှိကြတဲ့ မြန်မာ သဘောင်္သားအများစုဟာ လာရောက်ဖူးမျှော်ကြတယ်လို့ သိရပါတယ်။
စေတီတော်အပြင်ဘက်မှာ ဖူးတွေ့ခဲ့ရတဲ့ လျောင်းတော်မူရုပ်ပွားတော်
ကမ္ဘာအေး စေတီကို တည်ဆောက်ခဲ့ရခြင်း ရည်ရွယ်ချက်ကတော့ ဒုတိယကမ္ဘာစစ် အတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ သူများအားလုံးအတွက်ရည်စူးပြီး၊ ကမ္ဘာကြီး ငြိမ်းချမ်းရေး အထိမ်းအမှတ် စေတီတော် အဖြစ် တည်ထားခဲ့တာ ဖြစ်ကြောင်း မှတ်သားရပါတယ်။ စေတီတော်သမိုင်းကြောင်းကို သိသလောက်ပြန်ပြောရရင် ၁၉၅၄ ခုနှစ် မြန်မာနိုင်ငံမှာ ဆဌမအကြိမ်မြောက် သံဃာယနာတင်ပွဲ ကျင်းပခဲ့တုန်းက ဂျပန် ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့လဲ တက်ရောက်ခဲ့ကြပါတယ်။ အိန္ဒိယကနေစတင် ပြန့်နှံ့ခဲ့တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဟာ မြန်မာအစရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံများကို ပြန့်နှံ့နေခဲ့ပြီဖြစ်တဲ့အတွက် ဂျပန် ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန်နိုင်ငံသို့လဲ ဒီဗုဒ္ဓဘာသာကို ပြန့်နှံ့စေချင်တဲ့ ဆန္ဒရှိနေခဲ့ပါတယ်။ ဒီအကြောင်းကို မြန်မာဗုဒ္ဓဘာသာ အဖွဲ့ကိုတင်ပြခဲ့ကြပါတယ်တဲ့။
ဒီလိုနဲ့ ၁၉၅၇ခုနှစ်၊ ဇွန်လမှာ မြန်မာဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး၊ ဘုရားတည်ဖို့ ရွေးချယ်ထားတဲ့ မိုဂျကိုမြို့က ဘုရားတည်မဲ့ နေရာကို သွားရောက် လေ့လာကြည့်ရှုခဲ့ကြပြီး မြေနေရာသတ်မှတ်ခဲ့ကြတယ်။ အဲဒီနှစ် သြဂုတ်လမှာပဲ ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် မြန်မာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးအဖွဲ့ ဂျပန်သို့ ထပ်မံရောက်ရှိခဲ့တယ်။ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ကစပြီး ၄၅ မီတာအမြင့်ရှိတဲ့ စေတီတော်ကို စတင်တည်ဆောက်ခဲ့ကြတယ်။ စေတီတော်ကို မြန်မာဗုဒ္ဓဘာသာအဖွဲ့ နဲ့ ဂျပန်နိုင်ငံတွင်းမှာ အလှူခံရရှိခဲ့တဲ့ အလှူငွေတွေနဲ့ တည်ထားခဲ့တာဖြစ်တယ်။ စုစုပေါင်း ယန်း သန်း(၄၀) ကုန်ကျခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာအေး စေတီတော်ကို မိုဂျိကိုမြို့မှာ တည်ခဲ့ရခြင်းအကြောင်းကတော့ ဂျပန်စစ်သားအများစုဟာ မိုဂျိကို ဆိပ်ကမ်းကနေ မြန်မာနိုင်ငံကို ရေကြောင်းကနေ ထွက်ခွာခဲ့တဲ့ အတွက်ကြောင့် လို့ ဆရာတော်အရှင် ဦးဝိဇ္ဇာနန္ဒက ပြောပြပါတယ်။
စေတီတော်နဲ့ ဘုန်းတော်ကြီးများကို ဖူးမျှော်ပြီး အပြန်လမ်းကိုတော့ ပင်လယ်ဆိပ်ကမ်းတွေရဲ့ ရှုမျှော်ခင်းတွေကြည့်ရင်း လမ်းလျှောက်ပြီး ပြန်ဆင်းခဲ့ကြပါတယ်။
ဟိုဘက်ကမ်းက Honshu (Mainland) ဖြစ်ပါတယ်။ အခု ကျွန်မတို့ ရှိတဲ့နေရာက Kyushu ရဲ့မြောက်ဘက် အစွန်ဆုံး အပိုင်းမှာပါ။
ဟိုဘက်ကမ်းက တောင်ကုန်းထိပ်က တာဝါတိုင်နဲ့ ကွန်ကရစ်အဆောက်အဦးက လေကြောင်းရန်ကာကွယ်ရေးစခန်း
လို့သိရပါတယ်....
Kanmon Strait (Honshu နဲ့ Kyushu ကိုဆက်သွယ်ထားတဲ့ တံတား)
Kanmon Strait (Honshu နဲ့ Kyushu ကိုဆက်သွယ်ထားတဲ့ တံတား)
မြေပုံမှာဆိုရင်တော့ ဒီလိုပေါ့။
အနီစက်အကြီးကြီးက မိုဂျိကိုမြို့နဲ့ စေတီတော်တည်ရှိတဲ့ နေရာပေါ့။
ခိတကျူးရှူး (ကျူးရှူးမြောက်ပိုင်း)ကို ကျောင်းကိစ္စနဲ့ သွားရောက်ရင်း အခွင့်အရေးရတုန်း မဖူးမြော်ရတာကြာပြီဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီများ နဲ့ စေတီတော်ကို ဖူးမြော်ခွင့် ရရှိတဲ့အတွက် အလွန်ပဲ ၀မ်းသာပိတိဖြစ်ခဲ့ရပါတယ်ရှင်။
ကမ္ဘာအေးစေတီဟာ မြန်မာ-ဂျပန်ချစ်ကြည်ရေး နဲ့ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအထိမ်းအမှတ် အဖြစ်ဆက်လက် တည်ရှိနေမှာဖြစ်ပါတယ်။ သာသနာပြု မြန်မာဘုန်းတော်ကြီးများလဲ သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းခဲ့မိပါတယ်ရှင်။
လိုက်ပို့ပေးတဲ့ သူငယ်ချင်း KMMT ကို အလွန်ပဲ ကျေးဇူးတင်ပါတယ်။
ref: http://www.japan-i.jp/gmap/d8jk7l0000000dy8.html
http://www.livingfk.com/town/daijiten/25.html
မှတ်ချက်။ ။ဒီပိုစ်ကိုရေးပြီး တင်ပြီးသွားမှပဲ ဂျပန်မှာ တစ်ခြား မြန်မာစေတီတော်တွေရှိတာ သိရတယ်။ ရှာဖတ်လိုက်တော့ အဲဒီစေတီတော်တွေ အကြောင်း ရေးထားတဲ့ ပိုစ်လေးတွေ ရှိတာ တွေ့ရတယ်။
အောက်က လင့်ခ်လေးတွေကိုနှိပ်ပြီး သွားဖူးလိုက်ကြပါအုန်းနော်။
ငြိမ်းချမ်းရေးစေတီ
http://myaywetwai.blogspot.com/2008/07/heiwa-kinentou.html
ဂျပန်နိုင်ငံရှိ ရွှေတိဂုံဘုရားပုံတူစေတီ
http://sakura-myanmar.blogspot.com/2007/09/kagoshima-university-professor-yit.html
မီးငယ်လေးရဲ့ ဒိုင်ယာရီဖြစ်ပါတယ်။
Sunday, August 29, 2010
Tobu World Square က မြန်မာ့သမိုင်းဝင်နေရာလေးတစ်ခု
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း RIKEN(Science Research Institute) မှာ နွေကျောင်းသွားတက်ရင်း၊ Presentation လဲအပြီး ၊တနင်္ဂနွေ အားလပ်ရက် တစ်ရက်ရတာနဲ့ သွားဖြစ်ခဲ့တဲ့ နေရာလေးတစ်ခု အကြောင်း ပြောပြချင်ပါတယ်။
Tochigi prefecture မှာ ရှိတဲ့ Nikko City ကိုသွားလည်ဖြစ်ခဲ့တယ်။ Nikko သွားမယ်ဆိုရင် Asakusa ဘူတာ မှာရှိတဲ့ Tobu Sightseeing Center မနက်အစော ရုံးခန်းဖွင့်ချိန်အမှီ သွားပြီး Discount Pass လေးတွေကို ရွေးချယ် ၀ယ်ပြီးသွားမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ Tobu Sightseeing Center ကမနက် (၇)နာရီ ၄၅ မိနစ်မှာ စဖွင့်ပါတယ်။ အဲဒီမှာ ၀ယ်လို့ ရတာက
၁။ World Heritage Pass
၂။ Kinugawa Themepark Pass
၃။ All Nikko Pass ဆိုပြီး လက်မှတ် ၃ မျိုးရှိပါတယ်။ ဒီမှာ ကြည့်နိုင်ပါတယ်။
Nikko Temples နဲ့ Shrine တွေဆီကို အဓိကထားပြီး သွားချင်ရင်တော့ World Heritage Pass ကိုဝယ်ရပါတယ်။ ကျွန်မတို့ကတော့ Tobu Word Square ဘက်ကို အရင်သွားချင်တာနဲ့ Kinugawa Theme Park Pass ကို ၀ယ်ခဲ့ပါတယ်။ အဲဒီလက်မှတ်ထဲမှာ အသွားအပြန် ရထားခ နဲ့ Tobu World Square ၀င်ကြေး၊ Kinugawa Onsen ဘူတာကနေ Tobu World Square, Edo Wonderland စတဲ့ နေရာတွေကိုသွားတဲ့ ဘာစ်ကားလက်မှတ် တွေ ပါဝင်ပါတယ်။
တစ်ကယ်တမ်း သုံးလေးရက်လောက် အချိန်ပေးပြီး လည်နိုင်မှ Tobu Nikko Station နဲ့ Kinugawa Onsen Station ကနေရာတွေ အစုံ ရောက်နိုင်မှာပါ။ သွားစရာကြည့်စရာ နေရာတွေက အများကြီးပါ။
Asakusa ဘူတာကနေမနက် ၈ နာရီ ၈မိနစ် အမြန်ရထားနဲ့ စထွက်ပါတယ်။ Shimo-Imaichi ဆိုတဲ့ ဘူတာ မှာ ရထားနောက်ဆုံးတွဲ ၂ တွဲက Tobu Nikko ဘူတာဖက်ကို ခွဲထွက်သွားပြီး၊ ကျန်တဲ့ ၄ တွဲက Kinugawa Onsen ဘူတာဘက်ကို သွားပါတယ်။ ရထားတွဲ မှားမစီးမိဖို့ အရေးကြီးပါတယ်။
ကျွန်မတို့က Tobu World Square ကိုသွားမှာမိုလို့ Kinugawa Onsen ဘူတာဘက်ကို သွားတဲ့ ရထားတွဲကို စီးရပါတယ်။ Kinugawa Onsenဘူတာကို ၁၀နာရီ ခွဲခါနီးလောက်မှာ ရောက်ပြီး၊ ဘူတာကနေ ဘာစ်ကား ၁၀မိနစ်လောက် စီးပြီး Tobu World Square ကိုဆက်သွားရပါတယ်။
Tobu World Square အကြောင်း
သွားပုံသွားနည်း နိဒါန်းချီနေရတာနဲ့ပဲ.... အခုမှ Tobu World Square အကြောင်း ပြောပြပါတော့မယ်။
ဘယ်လိုနေရာပါလဲ။
ကမ္ဘာအနှံ့က ထင်ရှားကျော်ကြားတဲ့ သမိုင်းဝင်အဆောက်အအုံတွေ ရဲ့ ပုံစံတူတွေကို တစ်နေရာထဲမှာ ကြည့်ရှုနိုင်တဲ့ ဥယျာဉ်ကြီး ဖြစ်ပါတယ်။ အဲဒီအဆောက်အအုံတွေ တည်ဆောက်ထားပုံက တော့ အဆောက်အအုံရဲ့ နဂိုမူလ အရွယ်အစားရဲ့ ၂၅ပုံ ၁ပုံ ကို ပုံစံတူ၊ နဂိုမူလလက်ရာအတိုင်း အသေးစိတ် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒီဥယျာဉ်ကြီး ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သမိုင်းဝင် အဆောက်အဦး တွေရဲ့ ဗိသုကာလက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး၊ လူသားတွေရဲ့ စိတ်ထဲမှာ ဒီဗိသုကာ လက်ရာတွေကို ဆက်လက်ပြီး ထိန်သိမ်းစောင့်ရှောက်ချင်တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာစေချင်တဲ့ ရည်ရွယ်ချက် ဖြစ်တယ်။
ကမ္ဘာအနှံ့က သမိုင်းဝင် ဗိသုကာလက်ရာတွေကို တစ်နေရာထဲမှာ လေ့လာကြည့်ရှုနိုင်တဲ့ ဗိသုကာပြတိုက် ကြီးလို့လဲ ပြောနိုင်ပါတယ်။ ဒီပြတိုက်ကြီးထဲမှာ နိုင်ငံပေါင်း ၂၁နိုင်ငံက UNESCO ရဲ့ World Heritage စာရင်းဝင် အဆောက်အဦးပေါင်း ၄၅ခု အပါအ၀င် ၊ အဆောက်အဦးပေါင်း ၁၀၂ ခု ပြသထားပါတယ်။
America Zone, Egypt Zone, Europe Zone
Asia Zone,Japan Zone, Modern Japan Zone ဆိုပြီး ခွဲခြားပြသထားပါတယ်။
ဓာတ်ပုံတွေ အများကြီးရိုက်လာခဲ့ပေမဲ့ ပုံအချို့ကိုပဲ မျှဝေပေးပါရစေ။
ကဲ ကျွန်မနဲ့ အတူ လျှောက်ကြည့်ကြရအောင်လား။ ပထမဆုံးဝင်ဝင်ချင်း တွေ့ရတာက
Modern Japan Zone ဖြစ်ပါတယ်။
ဒီဇုံမှာ ၀င်ဝင်ချင်း စတွေ့ရတာကတော့ ၂၀၁၂ မှစဖွင့်မဲ့ Tokyo Skytree ကိုတွေ့ရတယ်။
 Tokyo Sky Tree
တိုကျို Dome
လူရုပ်လေးတွေကို လဲ အသေးစိတ် ပြုလုပ်ထားတယ်။ ဒီဥယျာဉ်ကြီးထဲမှာ တစ်ရုပ်နဲ့ တစ်ရုပ် မတူတဲ့ လူရုပ်လေးတွေ စုစုပေါင်း ၁၄၀၀၀၀ ရှိတယ်တဲ့။
တိုကျို ဘူတာကြီး
နောက်ပြီး တိုကျိုတာဝါ၊ နာရိတာ လေဆိပ်ကြီးစတဲ့... ပုံစံတူတွေကို လည်းကြည့်ခဲ့ရတယ်။
အဲဒါပြီးတော့ အမေရိကားဇုံ ဖြစ်ပါတယ်။
Statue of Liberty with American Gate
World Trade Center နဲ့ Empire State building
Empire State building အနီးကပ်
အီဂျစ်ဇုံက ပိရမစ်တွေဆီ ရောက်ပါပြီ။
The Great Temple of Abu Simbel (Egypt)
အဲဒီနောက် ဥရောပဇုံက အဆောက်အဦးတွေ အများကြီး တွေ့ရပါတယ်။
 အပေါ်က ပုံလေးက England က Tower Bridge ပါ။ သဘောင်္လေးတွေက ရွေ့လျားနေပြီး သဘောင်္က တံတားအောက် ဖြတ်ရင် တံတားကြီး က အဖွင့်အပိတ် လုပ်ပေးတယ်။
ဒီလိုမျိုး ဘွန်ဇိုင်း သစ်ပင်ငယ်လေးတွေကို အဆောက်အဦး တွေနဲ့ ပနံရအောင် စုစုပေါင်း အပင်ငယ်လေးတွေ ၂၀၀၀၀ စိုက်ပျိုးထားတယ်တဲ့။
ဥရောပဇုံက အဆောက်အအုံတွေ အများဆုံးပါပဲ။ ကျွန်မက ဥရောပကိုတစ်ခါမှ မရောက်ဖူးသေးတော့ သူတို့ ရဲ့ အဆောက်အဦးတွေ၊ နန်းတော်ကြီးတွေ၊ Church ကြီးတွေ ကြည့်ရတာ အံ့မခန်းပါပဲ။ လက်ရာမြောက်လွန်းလို့ ချီးကျူးမိပါတယ်။
ဥရောပဇုံ ပြီးတော့ အာရှဇုံကို ရောက်ပါတယ်။ အောက်ကပုံကိုမြန်မာတွေအားလုံး မြင်ဖူးမှာပါနော်။
  တရုတ်ပြည်က Forbidden City
တရုတ်ပြည်က Great Wall ပုံတူနဲ့ ၀ူခုန်း၊ ပါဂျဲ့ အရုပ်လေးတွေကို လဲ သဘောကျခဲ့မိပါတယ်။
ပြီးတော့ ဂျပန်ဇုံ ကို ရောက်ပါတယ်။ ဂျပန်နန်းတော်တွေ နဲ့ Temple တွေကို ပြသထားပါတယ်။
ကမ္ဘာအနှံ့က အံ့မခန်း ဗိသုကာလက်ရာတွေကို တစ်ဝကြီးကြည့်ခဲ့ရပါတယ်။ ၅နှစ်တိုင်တိုင် တည်ဆောက်ခဲ့ရတဲ့ Tobu World Square ရဲ့ ဗိသုကာပညာရှင်တွေကိုလည်း အံ့သြချီးကျူး မိပါတော့တယ်ရှင်။ 
Tobu World Squareကို လှည့်ပတ်ကြည့်ပြီးချိန်မှာ နေ့လည်(၂)နာရီလောက် ရှိနေပြီမို့ အချိန်သိပ်မကျန်တော့ တာကြောင့် World Heritage စာရင်းဝင် Tobu Nikko ဘက်က တောအုပ်ကြီးထဲမှာ ရှိတဲ့ Temples တွေဆီ ကို အပြေးအလွှား မှီရာရထားနဲ့ လိုက်ပြီး အသော့နှင်ခဲ့ကြပါသေးတယ်။
မသွားဖူးသေးတဲ့ သူငယ်ချင်းတွေအတွက် မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်။
မီးငယ်လေးရဲ့ ဒိုင်ယာရီဖြစ်ပါတယ်။
Thursday, August 12, 2010
နွေအားလပ်ရက်လေးတစ်ရက်..
အားလုံးပဲ ပျော်ရွှင်ဖွယ်နွေရက်များ ဖြစ်ကြပါစရှင်။ ဂျပန်မှက ဇူလိုင်လလယ်လောက်က စပြီး စက်တင်ဘာ လလယ်လောက်ထိ နွေရာသီဖြစ်ပါတယ်။
ဒီနှစ်နွေရာသီက ကျွန်မနေတဲ့ ဂျပန်မြောက်ပိုင်းကမြို့မှာတောင် ၃၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ မြင့်တက်ပြီး ပူပြင်းပါတယ်။
ဒီတစ်ခေါက်တော့ ကျွန်မရဲ့ ပျော်ရွှင်ဖွယ် နွေကျောင်းပိတ်ရက်လေးတစ်ရက် အကြောင်း မျှဝေပါရစေနော်။
ကျွန်မရဲ့ Campus ကတောင်ပေါ်မှာ ဖြစ်တဲ့အပြင် Lab ကလဲ ၁၀ထပ်မြောက် မှာရှိတာမို့ Lab ကနေ လှမ်းကြည့်ရင် ပင်လယ်ကြီးကိုမြင်နေရတယ်။ တစ်ခါတစ်လေ ရာသီဥတုသာယာရင် သဘောင်္လေးတွေကိုတောင် မြင်ရတယ်။
ဒီမြို့မှာနေတာ၎နှစ်ကျော်နေပြီ။ ဒါပေမဲ့ အဲဒီလောက်နီးနေတဲ့ ပင်လယ်ကမ်းခြေဆီကို သွားဖို့ တစ်ခါမှ စိတ်မကူးခဲ့မိဘူး။ ဒီတစ်နှစ်တော့ သူငယ်ချင်းတွေ လဲစုံတုန်း၊ ကြိုတင်မစီစဉ်ထားဖြစ်ပဲ ယူရိအာဂဲမြို့ဆိုတဲ့ နေရာက ကပင်လယ်ကမ်းခြေလေး တစ်ခုဆီကို သွားဖြစ်ကြတယ်။ ကျွန်မနေတဲ့ ဆင်ဒိုင်းမြို့ကနေ ဘစ်နဲ့ မိနစ်၄၀လောက်ပဲ သွားရတာ။ အဲဒီကမ်းခြေလေးကလဲ နွေရာသီ အချိန်ပဲ ဖွင့်တဲ့ ယာယီကမ်းခြေလေးပဲဖြစ်တယ်။
အဲဒီနေ့က နေအလွန်ပူပေမဲ့ ပင်လယ်ရေနဲ့ ထိတွေ့ရတာ လူရောစိတ်ရော လန်းဆန်းအေးမြသွားတယ်။
မကြားရတာကြာပီဖြစ်တဲ့ လှိုင်းသံလေးတွေ ကိုနားဆင်ရင်း၊ မမြင်ရတာကြာပီဖြစ်တဲ့ ပင်လယ်လှိုင်းလုံးလေးတွေ၊လေဆိပ်နဲ့ နီးလို့ ပင်လယ်ပေါ်ကဖြတ်ဖြတ်သွားတဲ့ လေယဉ်ပျံတွေ ငေးကြည့်ရင်းနဲ့ပေါ့။ ပင်လယ်ရေက တို့ဆီက ကမ်းခြေတွေကလို သိပ်မသန့်ရှင်းဘူး။ ပုဇွန်အသေးလေးတွေပါ ပါလာပြီး အသားယားလို့ ကြာကြာရေထဲ မဆင်းနိုင်ဘူး။ ထီလေးတစ်ချောင်းနဲ့ ဖြာလေးတစ်ချပ်ငှားပြီး ထိုင်ကြည့်နေရတယ်။
ညီမလေးတွေကတော့ ဓာတ်ပုံတွေ အမျိုးမျိုး ရိုက်ကြပြီး ရေထဲကကို မတက်တော့ဘူး။
ပင်လယ်ထဲမှာ ရေဆင်းဆော့တဲ့သူတွေကို စောင့်ကြည့်တဲ့ မျှော်စင်ရှိတယ်။ ဘောလုံးလေးတွေနဲ့ တားထားတဲ့ နေရာကို ကျော်ပြီးသွားရင် မိုက်ခွက်ကြီးနဲ့ လှမ်းအော်ပြီး သတိပေးတယ်။
ဒါက ရေချိုးခန်းလေးတွေပါ။ တစ်ယောက်တစ်ရာတဲ့။
အ၀တ်လဲတဲ့ အခန်းလေးတွေပေါ့။
ယာယီဆိုင်ခန်းလေးတွေပါ။
သဲသောင်ပြင်ကြီကတော့ ပူလိုက်တာ ခြစ်ခြစ်တောက်ပဲ။ ဒါပေမဲ့ ပင်လယ်ရေနဲ့ထိတွေ့လိုက်ရတဲ့ တို့တွေအားလုံး ပူတာကိုမေ့ပြီး အလွန်ကို ပျော်ရွှင်ခဲ့ကြတယ်။
အဲဒီနောက် နေ့လည်စာစားပြီး တော့ နေ့လည်(၁)နာရီခွဲလောက်ပဲ ရှိသေးတာ ၊ ညနေပိုင်း မီရှူးမီးပန်းပစ်တဲ့ပွဲ ၊ ဂျပန်လို ဟနဘိပွဲတော် ကိုစောင့်ကြည့်ဖို့ အတွက်ဘယ်နေရမှာ နားရပါ့။ နေကလဲပူပါ့။ ကံကောင်းထောက်မစွာနဲ့ ကားဂိတ်နားက ကလေးကစားကွင်းထဲက သစ်ပင်ရိပ်မှာ နေရာရကြတယ်။ ညနေ၃ နာရီခွဲလောက် မိုးအုံ့သွားတာနဲ့ ပွဲတော်ဘက်ကို ထွက်လာကြတယ်။
သူများတွေက ဟနဘိကြည့်ဖို့ အခင်းတွေခင်းပြီး နေရာ ကြိုတင်ဦးထားကြတဲ့ နေရာရောက်လာတယ်။
ပွဲဈေးတန်းဘက်လျှောက်။ မုန့်ဝယ်စားလိုက်၊ ရေ၀ယ်သောက်လိုက်နဲ့ ပေါ့။
ကောင်မလေးတွေက သူတို့ ဂျပန်ရိုးရာ Yukata လို့ခေါ်တဲ့ နွေရာသီ ၀တ်စုံလေးတွေ ၀တ်ကြတယ်။
နေလဲဝင်တော့မယ်။စောင့်ရတာ နေ့လည်ထဲကဆိုတော့ ပင်ပန်းလှပြီ။
ကမ်းမှာ ဆိုက်ထားတဲ့ သဘောင်္တွေထွက်သွားလို့ တို့တွေထိုင်နေတဲ့ ရှေ့ကမြင်ကွင်းရှင်းသွားတယ်။
ဒီလိုမျိုး ခေါက်လို့ရတဲ့ စားပွဲနဲ့ ကုလားထိုင်လေးတွေယူလာပြီး စောင့်ကြည့်ကြတာ။
မီးပုံးလေးတွေမျှောနေပြီ။ ဒါပြီးရင်တော့ ဟနဘိ ကြည့်ရတော့မှာပါ။
ဟနဘိက ည ၈ နာရီမှ စပါတယ်။
ရေထဲကနေထွက်လာသလိုမျိုးမြင်ရတာပါ။ မိုးပေါ်ကဟနဘိပဲကြည့်ဖူးသေးတော့ ဒါမျိုး ကြည့်ရတာ စောင့်ရကျိုးနပ်သွားတယ်လို့ပဲ ဆိုရမှာပေါ့။
မီးငယ်လေးရဲ့ဒိုင်ယာရီဖြစ်ပါတယ်။
Posts with same label
Related Posts with Thumbnails