Sunday, August 29, 2010
Tobu World Square က မြန်မာ့သမိုင်းဝင်နေရာလေးတစ်ခု
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း RIKEN(Science Research Institute) မှာ နွေကျောင်းသွားတက်ရင်း၊ Presentation လဲအပြီး ၊တနင်္ဂနွေ အားလပ်ရက် တစ်ရက်ရတာနဲ့ သွားဖြစ်ခဲ့တဲ့ နေရာလေးတစ်ခု အကြောင်း ပြောပြချင်ပါတယ်။
Tochigi prefecture မှာ ရှိတဲ့ Nikko City ကိုသွားလည်ဖြစ်ခဲ့တယ်။ Nikko သွားမယ်ဆိုရင် Asakusa ဘူတာ မှာရှိတဲ့ Tobu Sightseeing Center မနက်အစော ရုံးခန်းဖွင့်ချိန်အမှီ သွားပြီး Discount Pass လေးတွေကို ရွေးချယ် ၀ယ်ပြီးသွားမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ Tobu Sightseeing Center ကမနက် (၇)နာရီ ၄၅ မိနစ်မှာ စဖွင့်ပါတယ်။ အဲဒီမှာ ၀ယ်လို့ ရတာက
၁။ World Heritage Pass
၂။ Kinugawa Themepark Pass
၃။ All Nikko Pass ဆိုပြီး လက်မှတ် ၃ မျိုးရှိပါတယ်။ ဒီမှာ ကြည့်နိုင်ပါတယ်။
Nikko Temples နဲ့ Shrine တွေဆီကို အဓိကထားပြီး သွားချင်ရင်တော့ World Heritage Pass ကိုဝယ်ရပါတယ်။ ကျွန်မတို့ကတော့ Tobu Word Square ဘက်ကို အရင်သွားချင်တာနဲ့ Kinugawa Theme Park Pass ကို ၀ယ်ခဲ့ပါတယ်။ အဲဒီလက်မှတ်ထဲမှာ အသွားအပြန် ရထားခ နဲ့ Tobu World Square ၀င်ကြေး၊ Kinugawa Onsen ဘူတာကနေ Tobu World Square, Edo Wonderland စတဲ့ နေရာတွေကိုသွားတဲ့ ဘာစ်ကားလက်မှတ် တွေ ပါဝင်ပါတယ်။
တစ်ကယ်တမ်း သုံးလေးရက်လောက် အချိန်ပေးပြီး လည်နိုင်မှ Tobu Nikko Station နဲ့ Kinugawa Onsen Station ကနေရာတွေ အစုံ ရောက်နိုင်မှာပါ။ သွားစရာကြည့်စရာ နေရာတွေက အများကြီးပါ။
Asakusa ဘူတာကနေမနက် ၈ နာရီ ၈မိနစ် အမြန်ရထားနဲ့ စထွက်ပါတယ်။ Shimo-Imaichi ဆိုတဲ့ ဘူတာ မှာ ရထားနောက်ဆုံးတွဲ ၂ တွဲက Tobu Nikko ဘူတာဖက်ကို ခွဲထွက်သွားပြီး၊ ကျန်တဲ့ ၄ တွဲက Kinugawa Onsen ဘူတာဘက်ကို သွားပါတယ်။ ရထားတွဲ မှားမစီးမိဖို့ အရေးကြီးပါတယ်။
ကျွန်မတို့က Tobu World Square ကိုသွားမှာမိုလို့ Kinugawa Onsen ဘူတာဘက်ကို သွားတဲ့ ရထားတွဲကို စီးရပါတယ်။ Kinugawa Onsenဘူတာကို ၁၀နာရီ ခွဲခါနီးလောက်မှာ ရောက်ပြီး၊ ဘူတာကနေ ဘာစ်ကား ၁၀မိနစ်လောက် စီးပြီး Tobu World Square ကိုဆက်သွားရပါတယ်။
Tobu World Square အကြောင်း
သွားပုံသွားနည်း နိဒါန်းချီနေရတာနဲ့ပဲ.... အခုမှ Tobu World Square အကြောင်း ပြောပြပါတော့မယ်။
ဘယ်လိုနေရာပါလဲ။
ကမ္ဘာအနှံ့က ထင်ရှားကျော်ကြားတဲ့ သမိုင်းဝင်အဆောက်အအုံတွေ ရဲ့ ပုံစံတူတွေကို တစ်နေရာထဲမှာ ကြည့်ရှုနိုင်တဲ့ ဥယျာဉ်ကြီး ဖြစ်ပါတယ်။ အဲဒီအဆောက်အအုံတွေ တည်ဆောက်ထားပုံက တော့ အဆောက်အအုံရဲ့ နဂိုမူလ အရွယ်အစားရဲ့ ၂၅ပုံ ၁ပုံ ကို ပုံစံတူ၊ နဂိုမူလလက်ရာအတိုင်း အသေးစိတ် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒီဥယျာဉ်ကြီး ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သမိုင်းဝင် အဆောက်အဦး တွေရဲ့ ဗိသုကာလက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး၊ လူသားတွေရဲ့ စိတ်ထဲမှာ ဒီဗိသုကာ လက်ရာတွေကို ဆက်လက်ပြီး ထိန်သိမ်းစောင့်ရှောက်ချင်တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာစေချင်တဲ့ ရည်ရွယ်ချက် ဖြစ်တယ်။
ကမ္ဘာအနှံ့က သမိုင်းဝင် ဗိသုကာလက်ရာတွေကို တစ်နေရာထဲမှာ လေ့လာကြည့်ရှုနိုင်တဲ့ ဗိသုကာပြတိုက် ကြီးလို့လဲ ပြောနိုင်ပါတယ်။ ဒီပြတိုက်ကြီးထဲမှာ နိုင်ငံပေါင်း ၂၁နိုင်ငံက UNESCO ရဲ့ World Heritage စာရင်းဝင် အဆောက်အဦးပေါင်း ၄၅ခု အပါအ၀င် ၊ အဆောက်အဦးပေါင်း ၁၀၂ ခု ပြသထားပါတယ်။
America Zone, Egypt Zone, Europe Zone
Asia Zone,Japan Zone, Modern Japan Zone ဆိုပြီး ခွဲခြားပြသထားပါတယ်။
ဓာတ်ပုံတွေ အများကြီးရိုက်လာခဲ့ပေမဲ့ ပုံအချို့ကိုပဲ မျှဝေပေးပါရစေ။
ကဲ ကျွန်မနဲ့ အတူ လျှောက်ကြည့်ကြရအောင်လား။ ပထမဆုံးဝင်ဝင်ချင်း တွေ့ရတာက
Modern Japan Zone ဖြစ်ပါတယ်။
ဒီဇုံမှာ ၀င်ဝင်ချင်း စတွေ့ရတာကတော့ ၂၀၁၂ မှစဖွင့်မဲ့ Tokyo Skytree ကိုတွေ့ရတယ်။
 Tokyo Sky Tree
တိုကျို Dome
လူရုပ်လေးတွေကို လဲ အသေးစိတ် ပြုလုပ်ထားတယ်။ ဒီဥယျာဉ်ကြီးထဲမှာ တစ်ရုပ်နဲ့ တစ်ရုပ် မတူတဲ့ လူရုပ်လေးတွေ စုစုပေါင်း ၁၄၀၀၀၀ ရှိတယ်တဲ့။
တိုကျို ဘူတာကြီး
နောက်ပြီး တိုကျိုတာဝါ၊ နာရိတာ လေဆိပ်ကြီးစတဲ့... ပုံစံတူတွေကို လည်းကြည့်ခဲ့ရတယ်။
အဲဒါပြီးတော့ အမေရိကားဇုံ ဖြစ်ပါတယ်။
Statue of Liberty with American Gate
World Trade Center နဲ့ Empire State building
Empire State building အနီးကပ်
အီဂျစ်ဇုံက ပိရမစ်တွေဆီ ရောက်ပါပြီ။
The Great Temple of Abu Simbel (Egypt)
အဲဒီနောက် ဥရောပဇုံက အဆောက်အဦးတွေ အများကြီး တွေ့ရပါတယ်။
 အပေါ်က ပုံလေးက England က Tower Bridge ပါ။ သဘောင်္လေးတွေက ရွေ့လျားနေပြီး သဘောင်္က တံတားအောက် ဖြတ်ရင် တံတားကြီး က အဖွင့်အပိတ် လုပ်ပေးတယ်။
ဒီလိုမျိုး ဘွန်ဇိုင်း သစ်ပင်ငယ်လေးတွေကို အဆောက်အဦး တွေနဲ့ ပနံရအောင် စုစုပေါင်း အပင်ငယ်လေးတွေ ၂၀၀၀၀ စိုက်ပျိုးထားတယ်တဲ့။
ဥရောပဇုံက အဆောက်အအုံတွေ အများဆုံးပါပဲ။ ကျွန်မက ဥရောပကိုတစ်ခါမှ မရောက်ဖူးသေးတော့ သူတို့ ရဲ့ အဆောက်အဦးတွေ၊ နန်းတော်ကြီးတွေ၊ Church ကြီးတွေ ကြည့်ရတာ အံ့မခန်းပါပဲ။ လက်ရာမြောက်လွန်းလို့ ချီးကျူးမိပါတယ်။
ဥရောပဇုံ ပြီးတော့ အာရှဇုံကို ရောက်ပါတယ်။ အောက်ကပုံကိုမြန်မာတွေအားလုံး မြင်ဖူးမှာပါနော်။
  တရုတ်ပြည်က Forbidden City
တရုတ်ပြည်က Great Wall ပုံတူနဲ့ ၀ူခုန်း၊ ပါဂျဲ့ အရုပ်လေးတွေကို လဲ သဘောကျခဲ့မိပါတယ်။
ပြီးတော့ ဂျပန်ဇုံ ကို ရောက်ပါတယ်။ ဂျပန်နန်းတော်တွေ နဲ့ Temple တွေကို ပြသထားပါတယ်။
ကမ္ဘာအနှံ့က အံ့မခန်း ဗိသုကာလက်ရာတွေကို တစ်ဝကြီးကြည့်ခဲ့ရပါတယ်။ ၅နှစ်တိုင်တိုင် တည်ဆောက်ခဲ့ရတဲ့ Tobu World Square ရဲ့ ဗိသုကာပညာရှင်တွေကိုလည်း အံ့သြချီးကျူး မိပါတော့တယ်ရှင်။ 
Tobu World Squareကို လှည့်ပတ်ကြည့်ပြီးချိန်မှာ နေ့လည်(၂)နာရီလောက် ရှိနေပြီမို့ အချိန်သိပ်မကျန်တော့ တာကြောင့် World Heritage စာရင်းဝင် Tobu Nikko ဘက်က တောအုပ်ကြီးထဲမှာ ရှိတဲ့ Temples တွေဆီ ကို အပြေးအလွှား မှီရာရထားနဲ့ လိုက်ပြီး အသော့နှင်ခဲ့ကြပါသေးတယ်။
မသွားဖူးသေးတဲ့ သူငယ်ချင်းတွေအတွက် မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်။
မီးငယ်လေးရဲ့ ဒိုင်ယာရီဖြစ်ပါတယ်။
Thursday, August 12, 2010
နွေအားလပ်ရက်လေးတစ်ရက်..
အားလုံးပဲ ပျော်ရွှင်ဖွယ်နွေရက်များ ဖြစ်ကြပါစရှင်။ ဂျပန်မှက ဇူလိုင်လလယ်လောက်က စပြီး စက်တင်ဘာ လလယ်လောက်ထိ နွေရာသီဖြစ်ပါတယ်။
ဒီနှစ်နွေရာသီက ကျွန်မနေတဲ့ ဂျပန်မြောက်ပိုင်းကမြို့မှာတောင် ၃၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ မြင့်တက်ပြီး ပူပြင်းပါတယ်။
ဒီတစ်ခေါက်တော့ ကျွန်မရဲ့ ပျော်ရွှင်ဖွယ် နွေကျောင်းပိတ်ရက်လေးတစ်ရက် အကြောင်း မျှဝေပါရစေနော်။
ကျွန်မရဲ့ Campus ကတောင်ပေါ်မှာ ဖြစ်တဲ့အပြင် Lab ကလဲ ၁၀ထပ်မြောက် မှာရှိတာမို့ Lab ကနေ လှမ်းကြည့်ရင် ပင်လယ်ကြီးကိုမြင်နေရတယ်။ တစ်ခါတစ်လေ ရာသီဥတုသာယာရင် သဘောင်္လေးတွေကိုတောင် မြင်ရတယ်။
ဒီမြို့မှာနေတာ၎နှစ်ကျော်နေပြီ။ ဒါပေမဲ့ အဲဒီလောက်နီးနေတဲ့ ပင်လယ်ကမ်းခြေဆီကို သွားဖို့ တစ်ခါမှ စိတ်မကူးခဲ့မိဘူး။ ဒီတစ်နှစ်တော့ သူငယ်ချင်းတွေ လဲစုံတုန်း၊ ကြိုတင်မစီစဉ်ထားဖြစ်ပဲ ယူရိအာဂဲမြို့ဆိုတဲ့ နေရာက ကပင်လယ်ကမ်းခြေလေး တစ်ခုဆီကို သွားဖြစ်ကြတယ်။ ကျွန်မနေတဲ့ ဆင်ဒိုင်းမြို့ကနေ ဘစ်နဲ့ မိနစ်၄၀လောက်ပဲ သွားရတာ။ အဲဒီကမ်းခြေလေးကလဲ နွေရာသီ အချိန်ပဲ ဖွင့်တဲ့ ယာယီကမ်းခြေလေးပဲဖြစ်တယ်။
အဲဒီနေ့က နေအလွန်ပူပေမဲ့ ပင်လယ်ရေနဲ့ ထိတွေ့ရတာ လူရောစိတ်ရော လန်းဆန်းအေးမြသွားတယ်။
မကြားရတာကြာပီဖြစ်တဲ့ လှိုင်းသံလေးတွေ ကိုနားဆင်ရင်း၊ မမြင်ရတာကြာပီဖြစ်တဲ့ ပင်လယ်လှိုင်းလုံးလေးတွေ၊လေဆိပ်နဲ့ နီးလို့ ပင်လယ်ပေါ်ကဖြတ်ဖြတ်သွားတဲ့ လေယဉ်ပျံတွေ ငေးကြည့်ရင်းနဲ့ပေါ့။ ပင်လယ်ရေက တို့ဆီက ကမ်းခြေတွေကလို သိပ်မသန့်ရှင်းဘူး။ ပုဇွန်အသေးလေးတွေပါ ပါလာပြီး အသားယားလို့ ကြာကြာရေထဲ မဆင်းနိုင်ဘူး။ ထီလေးတစ်ချောင်းနဲ့ ဖြာလေးတစ်ချပ်ငှားပြီး ထိုင်ကြည့်နေရတယ်။
ညီမလေးတွေကတော့ ဓာတ်ပုံတွေ အမျိုးမျိုး ရိုက်ကြပြီး ရေထဲကကို မတက်တော့ဘူး။
ပင်လယ်ထဲမှာ ရေဆင်းဆော့တဲ့သူတွေကို စောင့်ကြည့်တဲ့ မျှော်စင်ရှိတယ်။ ဘောလုံးလေးတွေနဲ့ တားထားတဲ့ နေရာကို ကျော်ပြီးသွားရင် မိုက်ခွက်ကြီးနဲ့ လှမ်းအော်ပြီး သတိပေးတယ်။
ဒါက ရေချိုးခန်းလေးတွေပါ။ တစ်ယောက်တစ်ရာတဲ့။
အ၀တ်လဲတဲ့ အခန်းလေးတွေပေါ့။
ယာယီဆိုင်ခန်းလေးတွေပါ။
သဲသောင်ပြင်ကြီကတော့ ပူလိုက်တာ ခြစ်ခြစ်တောက်ပဲ။ ဒါပေမဲ့ ပင်လယ်ရေနဲ့ထိတွေ့လိုက်ရတဲ့ တို့တွေအားလုံး ပူတာကိုမေ့ပြီး အလွန်ကို ပျော်ရွှင်ခဲ့ကြတယ်။
အဲဒီနောက် နေ့လည်စာစားပြီး တော့ နေ့လည်(၁)နာရီခွဲလောက်ပဲ ရှိသေးတာ ၊ ညနေပိုင်း မီရှူးမီးပန်းပစ်တဲ့ပွဲ ၊ ဂျပန်လို ဟနဘိပွဲတော် ကိုစောင့်ကြည့်ဖို့ အတွက်ဘယ်နေရမှာ နားရပါ့။ နေကလဲပူပါ့။ ကံကောင်းထောက်မစွာနဲ့ ကားဂိတ်နားက ကလေးကစားကွင်းထဲက သစ်ပင်ရိပ်မှာ နေရာရကြတယ်။ ညနေ၃ နာရီခွဲလောက် မိုးအုံ့သွားတာနဲ့ ပွဲတော်ဘက်ကို ထွက်လာကြတယ်။
သူများတွေက ဟနဘိကြည့်ဖို့ အခင်းတွေခင်းပြီး နေရာ ကြိုတင်ဦးထားကြတဲ့ နေရာရောက်လာတယ်။
ပွဲဈေးတန်းဘက်လျှောက်။ မုန့်ဝယ်စားလိုက်၊ ရေ၀ယ်သောက်လိုက်နဲ့ ပေါ့။
ကောင်မလေးတွေက သူတို့ ဂျပန်ရိုးရာ Yukata လို့ခေါ်တဲ့ နွေရာသီ ၀တ်စုံလေးတွေ ၀တ်ကြတယ်။
နေလဲဝင်တော့မယ်။စောင့်ရတာ နေ့လည်ထဲကဆိုတော့ ပင်ပန်းလှပြီ။
ကမ်းမှာ ဆိုက်ထားတဲ့ သဘောင်္တွေထွက်သွားလို့ တို့တွေထိုင်နေတဲ့ ရှေ့ကမြင်ကွင်းရှင်းသွားတယ်။
ဒီလိုမျိုး ခေါက်လို့ရတဲ့ စားပွဲနဲ့ ကုလားထိုင်လေးတွေယူလာပြီး စောင့်ကြည့်ကြတာ။
မီးပုံးလေးတွေမျှောနေပြီ။ ဒါပြီးရင်တော့ ဟနဘိ ကြည့်ရတော့မှာပါ။
ဟနဘိက ည ၈ နာရီမှ စပါတယ်။
ရေထဲကနေထွက်လာသလိုမျိုးမြင်ရတာပါ။ မိုးပေါ်ကဟနဘိပဲကြည့်ဖူးသေးတော့ ဒါမျိုး ကြည့်ရတာ စောင့်ရကျိုးနပ်သွားတယ်လို့ပဲ ဆိုရမှာပေါ့။
မီးငယ်လေးရဲ့ဒိုင်ယာရီဖြစ်ပါတယ်။
Friday, July 2, 2010
ချယ်ရီသီးခြံ သို့အလည်တစ်ခေါက်
ဂျပန်မှာ အသီးအနှံတွေက သူရာသီနဲ့သူ သီးကြပွင့်ကြတယ်။ ဆာကူရာလို့ ခေါ်တဲ့ ချယ်ရီပန်းလေးတွေက ၃လပိုင်းအကုန် နဲ့ ၄လပိုင်းမှာ ပွင့်ကြပြီး ၅ လိုက်ပိုင်းလောက်ကနေ ၇ လပိုင်း အကုန်လောက်ထိကတော့ ဆာကူရမ်ဘို (Sakuranbo) လို့ခေါ်တဲ့ ချယ်ရီသီးတွေ သီးတဲ့ အချိန်ပေါ့။ ချယ်ရီသီးနီနီလေးတွေက အရသာချိုမြမြလေး ရှိပြီး မြင်ရတာနဲ့ကို စားချင်စဖွယ်လေး။
ချယ်ရီသီးတွေ အများဆုံးသီးတဲ့ နေရာက ရာမဂတ ခရိုင်၊ ဟီဂရှိနဲ့ မြို့ပါ။ ဂျပန်နိုင်ငံမြောက်ပိုင်း ကျွန်မနေတဲ့ မြို့ကနေ ဘစ်ကားနဲ့ တစ်နာရီ၊ မိနစ်၂၀ လောက်ပဲ သွားရပါတယ်။ ရထားနဲ့ သွားမယ်ဆိုရင်လဲ Sakuranbo Higashine Station ထိသွားလို့ ရပါတယ်။ အဲဒီမြို့မှာ ချယ်ရီခြံတွေ အများကြီးရှိတယ်။ ဟီဂရှိနဲ့မြို့က ချယ်ရီသီးတင် မကပါဘူး။ ပန်းသီး၊ သစ်တော်သီးနဲ့ မိုမိုလို့ ခေါ်တဲ့ Japanese peach တွေ အများဆုံးထွက်တဲ့ ဒေသဖြစ်လို့ အသီးများရဲ့ ဘုရင်မြို့ လို့တောင် တင်စားခေါ်ဝေါ် လို့ရပါတယ်။ ၅လိုက်ပိုင်းကနေ ၇လပိုင်းထိက ချယ်ရီ၊ ၈လ နဲ့ ၉ လပိုင်းက မိုမို လို့ခေါ်တဲ့ Japanese Peach၊ ၈လပိုင်းကနေ ၁၀လပိုင်းအထိက စပျစ်သီး -Grapes ၊ ၁၁လနဲ့ ၁၂လပိုင်းက ဂျပန်လို ラ。フランス(Rafuransu) လို့ခေါ်တဲ့ သစ်တော်သီး နဲ့ ၉လပိုင်းကနေ ၂ လပိုင်း အထိကပန်းသီးတွေ လှိုင်လှိုင် သီးတဲ့ အချိန်တွေပေါ့။
ဂျပန်ရောက်တာ ၄နှစ်ကျော်ခဲ့ပေမယ့် ချယ်ရီသီးပင်တွေသီးနေတဲ့ ချယ်ရီပင်တွေကို ဖြတ်သွားဖြတ်လာ ကားပေါ်ကပဲ လှမ်းကြည့်ဖူးခဲ့တယ်။ ပန်းပွင့်တဲ့ ချယ်ရီပင်တွေက အမျိုးအစား အမျိုးမျိုးရှိတယ်။ ကျွန်မကျောင်းသွားတဲ့ လမ်းမှာ ရှိတဲ့ ချယ်ရီပင်မှာလဲ အနက်နဲ့ အနီရောင်ရောနေတဲ့ ချယ်ရီသီး သေးသေးလေးတွေသီးနေတာတွေ့ရပေမဲ့ စားလို့မရဘူး။ ဒီတော့ ချယ်ရီသီးတွေကို စားလို့ ရအောင် တစ်ပင်နဲ့ တစ်ပင် မျိုးစပ်ပြုပြင်ပြီး စိုက်ပျိုးလိုက်တော့ စားချင်စဖွယ် ချယ်ရီသီးပင်လေးတွေ ဖြစ်လာတယ်လို့ သိရပါတယ်။
ဒီနှစ်တော့ ရာမဂတမြို့က သူငယ်ချင်းမမကြီးရဲ့ အော်ခစန် ကလိုက်ပို့လို့ ချယ်ရီခြံကို ရောက်ဖူးခဲ့ပြီး ချယ်ရီသီးပင်လေးတွေ၊ သစ်ကိုင်းမှာ တွဲလွဲခိုနေကြတဲ့ နီနီရဲရဲ ချစ်စရာ ချယ်ရီးသီးလေးတွေ ကို အနီးကပ် မြင်ခွင့်ရ၊ ခူးစားခဲ့ရလို့ ပုံလေးတွေကို မျှဝေပါရစေ။
ဟီဂရှိနဲ့ မြို့ရဲ့ အထိမ်းအမှတ် ရုတ်တု (ချယ်ရီသီးခိုင်လေး ကိုင်ထားတဲ့ပုံ)
လမ်းတစ်လျှောက်မှာ ဒီလိုမျိုးချယ်ရီသီးခြံတွေ အများကြီး တွေ့ခဲ့ရတယ်။
ဝင်ခဲ့တဲ့ ချယ်ရီခြံ
ချယ်ရီသီးလေးတွေကို ဒီလိုမျိုး အလေးချိန်နဲ့ အရွယ်အစားကို ခွဲပြီး.
ရောင်းဖို့အတွက် သတ်မှတ်ထားတဲ့ အလေးချိန်ချိန်ပြီး ဗူလေးတွေထဲကို ထည့်တယ်။
ဂျပန်မှာတော့ အသီးအနှံတွေက အသားငါးထက် ပိုဈေးကြီးတယ်။ ချယ်ရီသီး ဗူးလေးတစ်ဗူးကို ယန်း ၅၀၀ ပေးရပါတယ်။
ကျွန်မတို့ သွားတဲ့ အချိန် မိုးသည်းသည်းရွာနေခဲ့ပေမဲ့ ချယ်ရီပင်တွေက ပလပ်စတစ် အမိုးအောက်မှာဆိုတော့ ချယ်ရီသီးလေး ခူးစားလိုက်၊ ဓာတ်ပုံ ရိုက်လိုက်နဲ့ ပျော်ရွှင်စရာ တနင်္ဂနွေနေ့လေး တစ်ရက် ဖြစ်ခဲ့ပါတယ်ရှင်။
သြော်မေ့လို့ ...ချယ်ရီသီးလေးတွေ ကြိုက်သလောက်ခူးပြီး သုံးဆောင်သွားကြပါအုံးနော်။....
Tuesday, June 29, 2010
ဂျပန်မှာ ချက်တဲ့ဟင်း(အုန်းနို့ခေါက်ဆွဲ)
နိဒါန်း။ ။ ဟင်းချက်နည်းအကြောင်းမစခင် ထုံးစံအတိုင်း နိဒါန်းပျိုးပါရစေ။
အင်ဒိုနီးရှားသူငယ်ချင်းတစ်ယောက်က မီးငယ်လေး ဖေ့ဘွတ်မှာတင်ထားတဲ့ ဟင်းတွေကိုကြည့်၊ အထင်တွေ ကြီးပြီး ဟင်းချက်နည်း ဘလော့ရေးပါလားတဲ့။ သူကလဲ အိမ်ထောင်ကျသွားပြီးမှ ဟင်းချက်နည်းတွေ စိတ်ဝင်စားပြီး ဘလော့ရေးနေလေရဲ့။ မီးငယ်လေးကလဲ ဟင်းသာချက်နေတာ စနစ်တကျသိပ်ရှိတာမဟုတ်၊ စားချင်တာတွေ ကြံဖန်ချက်ပြီး ဖေ့ဘွတ်မှာ တင်ကြွားနေတာဆိုတော့ ..မြန်မာလိုပဲ ဘလော့ရေးတတ်တယ်၊ အင်္ဂလိပ်လို ရေးဖို့အင်္ဂလိပ်စာပြန်လေ့လာရအုန်းမယ်.. ဆိုပြီး ငြင်းထားရတယ်။ :D
ဒါပေမဲ့ အခုတော့ ဂျပန်ရောက်ပြီးမှ ဟင်းချက်နည်းကို စတင် စိတ်ပါဝင်စားလာပြီး သူများတွေကို ချက်ကျွေးချင်နေတဲ့ သူငယ်ချင်းအတွက် ရေးပေးရင်းနဲ့ ဂျပန်မှာ ဟင်းချက်နည်းကို အမှတ်တရအနေနဲ့ ရေးဖြစ်သွားပါတယ်။
အုန်းနို့ခေါက်ဆွဲ
ဟင်းချက်နည်း အကြောင်းရေးတဲ့ ၀က်ဆိုဒ်တွေ ဘလော့တွေမှာလဲ ရှိပြီးသားမိုလို့ ဂျပန်မှာ ၀ယ်လို့ ရတဲ့ Ingredients တွေနဲ့ ပဲချက်တဲ့ နည်းကို ပြောပြမယ်နော်။
လိုအပ်သော ပစ္စည်းများ
လူ ၁၀ ယောက်မှ ၁၂ ယောက်စာ
၁။ ကြက်သား 1kg ဆိုရင် ရတယ်။ ကြက်ရိုးပြုတ်ရည်က အရသာ ပိုချိုတော့ ကြက်ကောင်လုံး ၁ ကောင်ပဲ ၀ယ်လိုက်ပါ။
၂။ ဂျင်း တစ်ထုတ်၊ ကြက်သွန်ဖြူ ၁ လုံး ၊ ကြက်သွန်နီဥကြီး ၂ လုံး
၃။ ကြက်ဥ ၁၀လုံး၊
၎။ Pasta ခေါက်ဆွဲခြောက် (မုန့်ကြွတ်ကြော်ဖို့) ၁ ထုတ်
၅။ ကုလားပဲ
၆။ Kinako ပဲမှုန့် (ကုလားပဲ ၀ယ်လို့ မရရင် ထည့်ဖို့) ၂ ထုတ်
၇။ အုန်းနို့ ၁ ဗူး
၈။ ခေါက်ဆွဲ (Yakisoba ခေါက်ဆွဲကို သုံးတယ်။ အထဲက အမှုန့်တွေကို လွှင့်ပစ်တယ်)
အထုတ်သေး ၃ထုပ်ပါတဲ့ ခေါက်ဆွဲထုပ် ၄ ထုတ်
၉။ ကြက်သွန်မြိတ် ၁ စည်း
၁၀။ ငံပြာရည် (Nanpala)
၁၁။ lemon ၃ လုံး
၁၂။ သကြား၊ ဆား
၁၃။ ဂေါ်ဖီထုတ် သေးသေးလေးတွေ လှီးပြီးသား အထုတ် ၂ ထုတ်
(သူတို့တွေက ကြက်သွန်နီ အစိမ်းမကြိုက်မှာစိုးလို့ အဲဒါအစား ထည့်တာ)
ပုံ။ ပါစတာခေါက်ဆွဲခြောက်နဲ့ Kinako ပဲမှုန့်ထုတ်
(၂)နာရီလောက်အတွင်း ချက်ပြီးတဲ့ နည်း
ကုလားပဲနဲ့ ချက်မယ်ဆိုရင် ကုလားပဲကို တစ်ညရေစိမ်ပြီး ကြိုပြုတ်ထား။ Mixer or ဘလင်ဒါ နဲ့ မွှေထားပါ။
၁။ ကြက်ဥ ၁၀လုံးကို ထမင်းပေါင်းအိုးထဲ ထည့်ပြီး ပြုတ်ပါ။
၂။ ပထမဆုံး ကြက်ကောင်လုံးကို တစ်ခြမ်းခြမ်း ပြီးပြုတ်ပါ။ မြန်မြန် ကျက်အောင်လို့ ။ ၄ ပိုင်းလောက် ပိုင်းနိုင်ရင်လဲ ပိုင်းပေါ့။ မီးငယ်လေးကတော့ ကြက်ကို ပိုင်းဖို့ အင်အားမရှိလို့ ကြက်အသားချည်း 1kg ၀ယ်။ ဒီကစူပါမှာက ကြက်ကောင်လုံး အရိုးချည်းကို ၆၈ ယန်းလောက်နဲ့ ၀ယ်လို့ရတော့ အဲဒီအရိုးကို ၀ယ်တယ်။ အားလုံးကို ဂျင်း၊ ကြက်သွန်ဖြူ ထုထားတာ၊ ဆား၊ ငံပြာရည်ထည့်ပြီး ပြုတ်ပါ။ ကြက်သားက တစ်အားနူးစရာမလိုတော့ ရိုးရိုးအိုးနဲ့ ပြုတ်ရင်လဲ ရတယ်။
၃။ အဲဒါတွေ ပြုတ်ထားတုန်း ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို သေးသေးလေးတွေဖြစ်အောင် စဉ်းထားပါ။
၎။ ကြက်သွန်မြိတ် နဲ့ လီမွန်သီးကိုလဲ လှီထားပါ။
၅။ အဲဒါတွေလှီးပြီးတဲ့ အချိန် ကြက်ဥပြုတ်က ရလောက်ပြီ။ ဆယ်ပြီး အအေးခံထား။
၆။ မိနစ် ၂၀လောက်ရှိပြီ ထင်ပါ့။ ကြက်သားပြုတ်ကို ဆယ်ပြီးအအေးခံထား. ။
၇။ ဆီဒယ်အိုးတည်ပြီး ပါစတာခေါက်ဆွဲခြောက်တွေကိုကြော်ပါ။
၈။ ကြက်သားအေးပြီ။ အတုံးသေးသေးလေးတွေဖြစ်အောင် လက်နဲ့ ခွာထားပါ။
၉။ ဆီဒယ်အိုးကို ပူအောင်ပြန်တည် (ဆီများနေရင်ခပ်ထား) ၊ စင်းထားတဲ့ ကြက်သွန်ဖြူနီ ထည့်ပြီးကြော်
အရောင်တင် ငရုတ်သီးမှုန့်ထည့် (အရောင်ပိုလှချင်ရင် နည်းနည်းပိုထည့်)၊ ကြက်သွန်ဖြူနီကြော်က အရောင်နဲနဲ ပြောင်းလာရင် ခွာထားတဲ့ ကြက်သားတွေထည့်ကြော်၊ ငံပြာရည် နည်းနည်းထပ်လောင်းပြီး ကြော်၊
၁၀။ အသားပြုတ်ရည်အိုးကို မီးဖိုပေါ်ပြန်တင်ပြီး ဂျင်းဖတ်တွေကိုဆယ်ပစ်။ Kinako ပဲမှုန့် သုံးမယ်ဆိုရင် ရေနဲ့ ဖျော်ထားပါ။
၁၁။ အရည်ပြန်ပူလာရင် ကြော်ထားတဲ့ ကြက်သားတွေလောင်းထည့်။ ကုလားပဲနှစ်တွေကို ရေဖျော်ပြီးထည့်။ (OR ) ကုလားပဲ မသုံးဘူးဆိုရင် တော့ Kinako ပဲမှုန့် ရေဖျော်ထားတာကို လောင်းထည့်။ မွှေပေးပါ။
၁၂။ ဆူလာပြီဆိုရင် အုန်းနို့ထည့်ပါ။ သကြား နဲ့ ဆား၊ ငံပြာ၇ည် ထပ်ထည့်ပါ။ အပေါ့ အငံမြည်းကြည့်အုန်း။
၁၃။ ဆူပြီဆိုရင် ၅ မိနစ်လောက်ထပ်တည်ထားအုန်း။ အဲဒီအချိန်မှာ ကြက်ဥ ခွာပြီး တစ်ခြမ်းစိတ်ထား။
၁၄။ အချိန်ရမယ်ဆိုရင်တော့ ရာခိစောဘ ခေါက်ဆွဲဖတ်တွေကို ရေနွေးနဲ့ ခဏပြုတ်၊ (OR) မိုက်ခရိုဝေ့ဖ်မှာ အပူပေး။ (ဒီတိုင်းဆိုရင် နည်းနည်းမာမယ်ထင်လို့ )၊ ဒီအတိုင်းလဲ ဟင်းရည်ပူပူနဲ့ဆိုရင် စားလို့ ဖြစ်ပါတယ်။
ကဲ ပွဲပြင်လို့ ရပြီ။
မီးငယ်လေးကတော့ Lab မှာ ဒီအတိုင်းပဲ ချက်ကျွေးဖူးတယ်။ International Festival မှာလဲ Kinako အမှုန့်နဲ့ ဒီနည်းအတိုင်းပဲ ချက်ဖူးတယ်။ သူတို့ဂျပန်တွေကတော့ အိုအိရှိး အိုအိရှီး တဲ့..
ဒီပုံကတော့ အိုခစန်တို့ကို ချက်ကျွေးတုံးကပုံ။ သူတို့ဆီက အူဒုံစားရင် ထည့်စားတဲ့ အကြော်လေးတွေနဲ့ ခေါက်ဆွဲခြောက် ကြော်ပြီးသား ရှာတွေ့လို့ အဲဒါတွေ သုံးထားတယ်။ ခေါက်ဆွဲခြောက် ကြော်ပြီးသားရှာလို့ ရရင်တော့ ပါစတာခြောက် ကြော်စရာမလိုတော့ အလုပ်ရှုပ်သက်သာတာပေါ့။
မီးငယ်လေးကြံဖန်ချက်သည်။
Saturday, June 26, 2010
သူတို့ အမှိုက်ပစ်တဲ့နည်း
စည်းကမ်းသည်လူ၏တန်ဖိုး ဆိုတဲ့ စကားပုံလေးကို ငယ်ငယ်ကတည်းက မှတ်သားဖူးပါတယ်။
အမှိုက်မပစ်ရ၊ ကွမ်းသွေးမထွေးရ။ ယဉ်မရပ်ရ။ စတဲ့ စတဲ့ စာတန်းလေးတွေကို ကျွန်မတို့ အမြဲတန်းတွေ့ဖူးကြပါတယ်။ အဲဒီလိုစည်းကမ်းသတ်မှတ်ချက်လေးတွေကို လူတစ်ဦးချင်း တစ်ယောက်ချင်းစီက လိုက်နာနိုင်ရမှာ ဖြစ်ပါတယ်။ သွားရင်းလာရင်း အမှိုက်လေးတစ်ချက်ပစ်တာ ဘယ်သူသိတာမှတ်လို့ ၊ ငါမပစ်လဲ သူများတွေ ပစ်နေကြတာပဲ လို့တွေးကြပြီးတော့ ပစ်လိုက်ကြတာနဲ့ အမှိုက်မပစ်ရဆိုတဲ့ နေရာမှာ အမှိုက်ပုံ ကြီးဖြစ်လာရတာပဲ မဟုတ်လား။
ဂျပန်မှာ နေရစဉ်ကာလအတွင်း ဂျပန်လူမျိုးတွေဆီက အတုယူစရာတွေ အများကြီးတွေ့ရပါတယ်။ အဲဒီထဲက ကျွန်မအကြိုက်ဆုံး ကတော့ သူတို့ တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ စည်းကမ်းရှိမှုပါပဲ။ ကျွန်မသဘောကျတဲ့ အချက်ကတော့ သူတို့နိုင်ငံရဲ့ အမှိုက်ပစ်နည်း စနစ်ပါပဲ။
အမှိုက်ပစ်ဖို့အတွက် သတ်မှတ်ထားတဲ့ အမှိုက်အိတ် ကိုဝယ်ရပါတယ်။ အမှိုက်အိတ် အမျိုးအစား (၂)မျိုးရှိတတယ်။ တစ်မျိုးက မီးရှို့လို့ရတဲ့ အမှိုက် (သို့မဟုတ်) မီးဖိုချောင်ထွက် အမှိုက်၊ စက္ကူစုတ်၊ တစ်ရှူးစတဲ့ household garbage တွေထည့်ရတာပါ။
နောက်တစ်မျိုးကတော့ ပလတ်စတစ်တွေပဲ ထည့်ပစ်ရတဲ့ အိတ်ပါ။ အိတ်ပေါ်မှာ ဂျပန်လို ကတကန နဲ့ Pura  (プラ)လို့ရေးထားပါတယ်။
အမှိုက်အိတ်(၂)မျိုး
(အစိမ်းရောင်က Household Garbage ထည့်ဖို့၊ အနီရောင်က ပလတ်စတစ် ထည့်ဖို့ )
သတ်မှတ်ထားတဲ့ အမှိုက်အိတ်နဲ့ မပစ်ပဲ ကြွတ်ကြွတ်အိတ်နဲ့ ပစ်မိရင် သူတို့ကအဲဒီအိတ်ကို သိမ်းမသွားပဲ စာကပ်ထားခဲ့ပါတယ်။ နောက်တော်တော်ကြာမှ သိမ်းတာပါ။
ဒီနေရာမှာ ပြောရအုန်းမယ်။ သူတို့ ဆီကပစ္စည်းလေးတွေတိုင်း မှာ ပလတ်စတစ်ဆို Pura (プラ), စာရွက်သားဆိုရင် kami (紙)၊ ပုလင်းဆိုရင် pet စသဖြင့် ထုတ်လုပ်ကတည်းက တံဆိပ်လေးတွေရိုက်ပြီးသားပါ။ ဒီတော့ သုံးစွဲပြီးလို့ လွှင့်ပစ်တော့မယ်ဆိုရင် အဲဒီတံဆိပ်လေးတွေကိုကြည့် အမျိုးအစားခွဲပြီး လွှင့်ပစ်ကြတာပါ။ ကောင်းလိုက်တဲ့ system ပဲနော်။ အောက်က ပုံလေး တွေမှာ တွေ့နိုင်ပါတယ်။
ဒီပုံကတော့ ကျွန်မနေတဲ့ အဆောင်နားက အမှိုက်ထည့်ရတဲ့ အိမ်လေးပါ။
ပစ်ရမဲ့ အမှိုက်အမျိုးအစားကိုလိုက်ပြီး နေ့ ကိုသတ်မှတ်ထားပါတယ်။  တရုတ်၊ အင်္ဂလိပ်၊ ကိုရီးယားဘာသာ တွေနဲ့ပါ ရေးပေးထားပါတယ်။ နေရာလိုက်ပြီး နေ့တော့ ကွာခြားမှာပေါ့။
ပစ်လို့မရတဲ့ အမှိုက်အမျိုးအစားတွေကိုလဲ ဖော်ပြထားသေးတယ်။ ဒါကတော့ ကျွန်မနေတဲ့ အဆောင်နားက အမှိုက်ပစ်ရတဲ့ နေ့တွေပါ။
အမှိုက်အိမ်လေးရဲ့ တံခါးမှာ ကပ်ထားပေးတာပါ။
မီးဖိုချောင်ထွက် ပစ္စည်း၊ စက္ကူစုတ်၊ တစ်ရှူး စတဲ့ household Garbage တွေကို အင်္ဂါနဲ့သောကြာနေ့။ ပလတ်စတစ်ကို ဗုဒဟူးနေ့။
ပုလင်း၊ ပလပ်စတစ်ပုလင်း တွေနဲ့ သံဗူးခွံတွေကို စနေနေ့ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။
ပုလင်းခွံတွေပစ်ရမဲ့ နေ့ဆိုရင် သောကြာနေ့ညနေထဲက ပုလင်းခွံတွေထည့်ဖို့ အ၀ါရောင်ခြင်းလေးတွေ လာချထားလေ့ရှိပါတယ်။
ကျွန်မလဲ အစကတော့ သူတို့ရဲ့ အမှိုက်ပစ်နည်းစနစ်တွေကို သိပ်နားမလည်ခဲ့ပါဘူး။ ကျွန်မမှတ်မိသလောက်ကတော့
၁။ ပလပ်စတစ်တွေပစ်မယ်ဆိုရင်လဲ ညစ်ပတ်နေရင် ရေဆေးပြီးမှ ပစ်ရမှာတဲ့။ ၂။ သတင်းစာ၊ စာအုပ်နဲ့ စာရွက်တွေကို လွှင့်ပစ်မယ်ဆိုရင် ကြိုးနဲ့ စည်းနှောင်ပြီးမှ ပစ်ရတယ်တဲ့။ တီဗွီအစီအစဉ် တစ်ခုမှာ ကြိုးချည်နည်း ဆိုတာတောင် ကြည့်ဖူးလိုက်သေးတယ်။
၃။ ပလတ်စတစ်ပုလင်းတွေဆိုရင်လည်း ပုလင်း အဖုံး နဲ့ ပုလင်းမှာ ကပ်ထားတဲ့ တံဆိပ်က ပလတ်စတစ်ဖြစ်တဲ့အတွက် Pura ထဲကိုထည့်ပြီး ဗူးခွံလေးတွေချည်း သပ်သပ် လွှင့်ပစ်ရပါတယ်။ တစ်ချို့နေရာတွေမှာတော့ တံဆိပ်ခွာထားတဲ့ ဗူးခွံလေးတွေ ကိုစနစ်တကျ ခြင်းလေးတွေထဲမှာ ထည့်ထားတာ မြင်ဖူးပါတယ်။ (ကျွန်မနေတဲ့ နေရာကတော့ ကျောင်းသား အများစု နေတဲ့ နေရာဖြစ်လို့လားမသိ။ ပုံထဲမှာ မြင်ရတဲ့အတိုင်း အဖုံးလဲမချွတ်၊ တံဆိပ်လဲ ခွာမထားကြဘူးနော်။ )
၎။  နောက်ပြီး စက္ကူကဒ်ပုံး တွေဆိုရင်လည်း ကဒ်ပုံးကို ဖြန့် ၊ ပြားအောင်လုပ်ပြီးမှ ကြိုးချည်ပြီး ပစ်ရတယ်တဲ့။ အချိုရည် ကဒ်ပုံးနဲ့ နွားနို့ ကဒ်ပုံးခွံတွေ ကိုလည်း ဒီတိုင်း လွှင့်မပစ်သင့်ဘူး။ ရေဆေး၊ ပြားအောင်လုပ်၊ အဲဒီ ကဒ်ပြားလေးတွေကို စုထား ၊ တတ်နိုင်ရင် Super ကို ဈေးဝယ်သွားတဲ့ အခါ ယူသွားရမယ်တဲ့ ။
ဒီကတစ်ချို့ Super တွေရဲ့ ရှေ့မှာ အဲဒီ ကဒ်ပြားလေးတွေ ထည့်ဖို့ အမှိုက်ပုံးရှိတယ်။ တတ်နိုင်ရင် အဲဒီမှာ သွားထည့်သင့်တယ်လို့ သိရပါတယ်။ ဒါမှ မဟုတ်ရင်လည်း ကဒ်ပြားလေးတွေကို စု၊ ကြိုးနဲ့ စည်းပြီး စနစ်တကျလွှင့်ပစ်သင်ပါတယ်တဲ့။
    Super ရှေ့က ကဒ်ပြားထည့်ရတဲ့ အမှိုက်ပုံး
ဘယ်ဘက်က နို့ဗူး၊ အအေးဗူး စတဲ့ စက္ကူဗူးခွံတွေပစ်ဖို့နဲ့ ညာဘက်က အသားငါးထည့်ထားတဲ့ ပလပ်စတစ်ဗူးခွံတွေ ပစ်ဖို့ ဖြစ်ပါတယ်။
အောက်က ပုံ(၂)ပုံက အမှိုက်ပုံးပေါ် မှာရေးထားတဲ့ စာတွေပါ။   
ရေဆေး အခြောက်ခံပြီးမှ ယူလာပါ                             စက္ကူဗူးခွံများကို ရေဆေး၊ ဖြန့်ထား အခြောက်ခံ၊ 
                                      ခေါက်ပြီးယူလာပါ၊ 
ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ပါသည် တဲ့။
ဒီပုံကတော့ ကျွန်မတို့ကျောင်းမှာ ထားတဲ့ အမှိုက်ပုံးတွေပါ။
အမှိုက်ပုံးမှာ ပစ်ရမဲ့ အမျိုးအစား ကိုစာကပ်ထားတယ်။ 
(၀ဲမှယာ- ပုလင်း၊ သံဗူးခွံ၊ ပလတ်စတစ်၊ household garbage)
နေရာတိုင်းမှာ ဒီလိုမျိုး အမှိုက်ပုံးတွေရှိပါတယ်။ 
သူတို့ ဂျပန်လူမျိုးတွေ အားလုံးလဲ ဒီလိုစည်းကမ်းတွေကို လိုက်နာပြီးလုပ်ကြတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အများစုကတော့ လိုက်နာကြပါတယ်။ များသောအားဖြင့် ကျွန်မတို့ နိုင်ငံခြားသားတွေဟာ သူတို့ ရဲ့ အမှိုက်ပစ်နည်းစနစ်ကို နားမလည်ကြသလို မလိုက်နာကြသူတွေလဲ အများကြီးပါ။ ဘာလို့လဲ ဆိုတော့ ကျောင်းကရတဲ့ အဆောင်မှာ နေတုန်းကဆိုရင်၊ နိုင်ငံခြားသားကျောင်းသားတွေချည်းပဲ ဆိုတော့ အဆောင်က အမှိုက်ပုံမှာ စည်းကမ်းမလိုက်နာပဲ စွန့်ပစ်ခဲ့ကြတာ ကျွန်မအပါအ၀င်ပေါ့။ အမှိုက်သိမ်းတဲ့သူတွေတော့ တော်တော်စိတ်ညစ်မှာပဲနော်။ :D
ကျောင်းကအဆောင်ကတစ်နှစ်ပဲ နေခွင့်ရလို့ အပြင်မှာ ကိုယ့်ဘာသာကိုယ်အခန်းငှားနေရတော့ သူတို့ရဲ့ စည်းကမ်းတွေကို မလိုက်နာလို့ မဖြစ်တော့ပါဘူး။ ကျွန်မကတော့ သူတို့ရဲ့ စနစ်တကျရှိလှတဲ့ အမှိုက်ပစ်နည်း  ကိုတစ်ကယ့်ကို သဘောကျမိပါတယ်ရှင်။ ဒါကြောင့်မိုလို့လဲ သူတို့နိုင်ငံက သပ်ရပ်သန့်ရှင်းမှု မြင့်မားတာပဲလေ။ သန့်ရှင်းလှပတဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်ဖို့ စည်းကမ်းရှိရှိ အမှိုက်ပစ်ကြပါစို့လားရှင်။
Posts with same label
Related Posts with Thumbnails