Sunday, February 20, 2011

Hills Kawauchi ကိုလွမ်းဆွတ်ခြင်း

Hills Kawauchi ဆိုတာကတော့ ဂျပန်ပြည်ကနေရာလေးတစ်ခုပေါ့။ ရာဇ၀င်တင်လောက်အောင် ထင်ရှားတဲ့ နေရာလေးတစ်ခုလည်း မဟုတ်ပါဘူး။ လူသိများ ကျော်ကြားပြီး ကမ္ဘာလှည့်ခရီးသည်တွေ အပြေးအလွှား လာကြည့်ကြတဲ့ နေရာလည်း မဟုတ်ပါဘူး။ ဂျပန်ပြည်ရဲ့ မြေပုံထဲမှာ ရှာကြည့်ရင်လည်း တွေ့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မအတွက်တော့ လွမ်းဆွတ်တသရမဲ့ နေရာလေးတစ်ခု အဖြစ် ရှိနေခဲ့ပါတယ်။ ဒီနာမည်လေးကိုလည်း ရင်ထဲမှာ စွဲငြိနေခဲ့ပါတယ်။

သမီးလေးရဲ့ အစီအစဉ်အရ Narita Airport ကို ဂျပန်ပြည်ရဲ့ မင်္ဂလာရှိသော နံနက်ခင်း တစ်ခုမှာ ရောက်ခဲ့ပါတယ်။ Narita Airport  ထဲမှာတော့ အားလုံးသက်ဝင် လှုပ်ရှားနေကြပါပြီ။ ဂျပန်စံတော်ချိန် ၆နာရီ မိနစ် ၄၀ ရှိပါပြီ။ အားလုံးကိစ္စပြီးလို့ လေဆိပ်အပြင်ရောက်တော့ ၈နာရီခွဲ ရှိပြီ။ သူများတွေ သွားတဲ့ အတိုင်းလိုက်သွားပြီး၊ ပစ္စည်းတွေ တွန်းလှည်းပေါ်တင် ထွက်ပေါက်ကနေထွက်လိုက်တော့ လာကြိုနေတဲ့ သမီးလေးကို ဗြုံးကနဲ တွေ့လိုက်ရတယ်။ ၀မ်းသာလွန်းလို့ ချိုပြုံးရွှင်နေတဲ့ သမီးလေးကို တွေ့လိုက်ရတော့ ရင်ထဲမှာ အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရတယ်။ သမီးလေးနဲ့ မတွေ့ရတာ ၃ နှစ်ရှိပြီကိုး။

တိုကျိုမြို့ရဲ့ မြောက်ဘက် မိုင်၂၂၀ လောက်ဝေးတဲ့နေရာမှာ အေးချမ်းလှတဲ့ မြို့လေးတစ်မြို့ ရှိတယ်။ အဲဒီမှာ ရှိတဲ့ တိုဟိုကု တက္ကသိုလ်ကြီးဟာ ဂျပန်နိုင်ငံရဲ့ ကျော်ကြားတဲ့ တက္ကသိုလ် တစ်ခုပေါ့။ ဘာသာရပ်အမျိုးအစားများစွာ ကိုသင်ကြားပေးနေတဲ့ တက္ကသိုလ်ကြီးတစ်ခုပါပဲ။ သမီးလေးက အဲဒီမှာ ဒေါက်တာဘွဲ့ ရယူဖို့ ကြိုးပမ်းနေတဲ့ သူလေးတစ်ဦးပေါ့။ သမီးလေးတို့မြို့ကို တိုကျိုကနေ ဘစ်ကားနဲ့  ၅နာရီလောက်စီးရတယ်။ တိုကျိုမှာ နေ့လည်စာစားပြီး သမီးလေးတို့မြို့ကို ကားနဲ့သွားခဲ့တယ်။ သမီးလေးနေတဲ့ တက္ကသိုလ်အနီးက အဆောင်ကိုရောက်တော့ ညနေ ၆နာရီခွဲပါပြီ။ သမီးလေးနဲ့ ဖုန်းထဲကနေ အမြဲ ပြောဆိုနေတဲ့ နေရာကို အခုလို မျက်မြင်ကိုယ်တွေ့ တစ်ကယ်ရောက်ရှိခဲ့ရပြီ။ ရန်ကုန်ကနေ စင်ကာပူ ကို ၃နာရီ၊ စင်ကာပူ ချန်ဂီလေဆိပ်ကနေ နာရိတာ လေဆိပ်ကို ၆ နာရီ လေယဉ်စီးခဲ့ရပြီး သမီးလေးဆီကို အရောက်လာနိုင်ခဲ့ပါပြီ။

သမီးလေးနေတဲ့ အခန်းလေးက ဘယ်လိုနေပါလိမ့်။  သမီးလေး ပညာဆည်းပူးနေတဲ့ တက္ကသိုလ်ကြီးက ဘယ်လိုပါလိမ့်။ ကိုယ်နဲ့ လူမျိုးဘာသာ မတူသူတွေကြားမှာ သမီးလေး ဘယ်လိုနေထိုင်ဆက်ဆံနေပါလိမ့်...စသဖြင့် ကျွန်မရဲ့ အတွေးတွေ အဆုံးသတ်သွားခဲ့ရပါပြီ။ သမီးလေးရဲ့ သပ်ရပ်သန့်ရှင်းတဲ့ အခန်းလေးကို တွေ့ရပါပြီ။ ရာသီဥတု အအေးကြမ်းတဲ့ ဂျပန်ဆောင်းမှာ သမီးလေးရဲ့ နွေးထွေးတဲ့ အခန်းလေးနဲ့ နွေးထွေးအောင် ဖန်တီးပေးနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရပါပြီ။

သမီးလေးတို့ နေ့တဓူဝသွားလားလှုပ်ရှားနေရတဲ့ တက္ကသိုလ်ကြီးရဲ့ အဆောက်အဦး တွေကို တွေ့ရပါပြီ။ သမီးလေးတို့ ဌာနက အဆောက်အဦးကြီးဆီကိုလည်း ကိုယ်တိုင် ရောက်ခဲ့ရပါပြီ။ သမီးတို့ ကွန်ပြူတာများနဲ့ နေ့နေ့ညည ကြိုးပမ်းလှုပ်ရှားနေရတဲ့ အခန်းလေးကိုလည်း မြင်ခဲ့ရပါပြီ။ သမီးလေးကို ဂရုတစိုက် နည်းပေး ညွှန်ပြပေးနေတဲ့ သမီးရဲ့ professor ကိုလည်း တွေ့ဆုံ နှုတ်ဆက်ခွင့်ရပြီး သမီးလေးရဲ့ ကြိုးပမ်းလုပ်ဆောင်နေမှုတွေကိုလည်း ကြားခဲ့ရပါပြီ။ သမီးလေးနဲ့အတူ ပညာသင်ကြား နေကြတဲ့ ဖော်ရွေစွာ ဆက်ဆံကြတဲ့ သူငယ်ချင်းတွေကိုလည်း တွေ့ခဲ့ရပါပြီ။ သမီးလေးပြောပြလို့ ဂျပန်လူမျိုးတွေရဲ့ စည်းကမ်း စနစ်ကျပုံတွေ ကိုလည်း ကိုယ်တိုင် မြင်ခဲ့ရပါပြီ။

သမီးလေးနဲ့အတူ လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ထားခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီး တွေဆီကိုလည်း တအံ့တသြဖူးခဲ့ရပါတယ်။ ဂျပန်နိုင်ငံရဲ့ နာမည်ကျော်ကြားတဲ့ သူရဲကောင်း၊ ဂျပန်စစ်သူကြီး တွေရဲ့ ခမ်းနားလှပတဲ့ အဆောက်အဦတွေနဲ့ သူတို့ ပိုင်ဆိုင်ခဲ့တဲ့ စိမ်းစိုလှပတဲ့ ဥယဉ်ကြီးတွေဆီကိုလည်း ရောက်ခဲ့ရပါတယ်။ ဂျပန်ရဲ့ အမှတ်တံဆိပ်တစ်ခု သဖွယ်ဖြစ်တဲ့ လှပခန့်ငြားတဲ့ ဖူဂျီတောင်ရဲ့ ရှုခင်းတွေကိုလည်း တစ်ဝကြီး ခံစားခဲ့ရပါသေးတယ်။ ပင်လယ်ကမ်းပါးပေါ်က ထူးခြားလှပတဲ့ မြို့လေးတစ်မြို့ ကိုလည်း သဘောင်္နဲ့ ရောက်ခဲ့ရပါတယ်။ တောက်ပြောင်လှပပြီး ပစ္စည်းတွေစုံလှတဲ့ ပလာဇာကြီးတွေမှာလည်း သမီးလေးနဲ့အတူ ဈေးဝယ်ခဲ့ရပါတယ်။

သမီးလေးတို့မြို့မှာ ဟနဘိဆိုတဲ့ မီးရှုးမီးပန်း တွေလွှတ်တင်တဲ့ ပွဲကိုလည်း တအံ့တသြ ငေးမောခဲ့ရပါသေးတယ်။ ဒီလိုမျိုးနေရာတွေကို သမီးလေးနဲ့အတူ အတူတကွ ခံစားပြီး လည်ပတ်ရလိမ့်မယ်လို့ မမျော်လင့်ခဲ့တာကတော့ အမှန်ပါပဲ။

ဒါတွေကို စိတ်အစဉ်မှာ ပြန်မြင်ယောင်နေခဲ့ပေမဲ့ ကျွန်မအလွမ်းဆွတ်ဆုံး နေရာလေးကတော့ Hills Kawauchi ပါပဲ။ ဘာကြောင့်လဲဆိုတော့ သမီးလေးနေတဲ့ အဆောင်ခန်းလေးက Hilss Kawauchi ဆိုတဲ့ တောင်ပူစာလေးပေါ်မှာ တည်ရှိနေလို့ပါပဲ။ အဲဒီနေရာလေးမှာ တစ်လဆိုတဲ့ အချိန်လေးကို သမီးလေးနဲ့ အတူ ကုန်ဆုံးခဲ့ရတယ်။ သမီးလေးရဲ့ သေးသွယ်ပြော့ပြောင်းတဲ့ လက်ကလေးတွေနဲ့ ထွေးဖက်ခံရပြီး စကားတွေ တစ်ဝကြီး ပြောခဲ့ရတယ်။  သမီးလေးကို စိတ်ခွန်အားတွေ လည်းပေးခဲ့မိတယ်လို့ ထင်ပါတယ်။ အပြန်တိုကျိုခရီးကိုတော့ ကြားသာကြားဖူးခဲ့တဲ့ ဂျပန်ရဲ့ ကျည်ဆန်ရထား ဆိုတာကြီးနဲ့ ပြန်ခဲ့ရတယ်။ 

သမီးလေးနဲ့ ခွဲခွာပြီး ပြန်လာတော့ စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ပညာဆည်းပူးနေတဲ့ ရတဲ့ သမီးလေး စိတ်ချမ်းသာ၊ ကိုယ်ကျန်မားစွာနဲ့ လိုရာပန်းတိုင်ကို ဘေးအန္တရာယ်ကင်းစွာ နဲ့ လျှောက်လှမ်းနိုင်ပါစေ လို့ပဲ နေ့စဉ်ဆုတောင်းပေးနေမိပါတယ်။
Hills Kawauchi မှ မီးငယ်လေးအတွက် Hill ရန်ကင်းအနီးမှ မေမေ့ရဲ့ စာလေးဖတ်ပြီး အလွမ်းပြေနိုင်ပါစေ။


ချစ်သောမေမေ။

မှတ်ချက်။။ မေမေပေးပို့ခဲ့တဲ့ စာတွေထဲ့ ကျွန်မရဲ့ ရင်ကိုအထိဆုံး စာလေး တစ်စောင်ပါ။ ဒီစာကိုပြန်ဖတ်တဲ့ အခါတိုင်း မေမေ့ကို လွမ်းပြီး မျက်ရည်ကျမိပါတယ်။ ဒီစာကိုဖတ်ပြီးတိုင်း မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာတရားကို အကြိမ်ကြိမ် လေးစား ဂရ၀ပြုမိပါတယ်ရှင်။

4 comments:

မိဆိုးလေး said...

မင်း တာဝန်ကျေလိုက်ပါတယ် မီးငယ်လေး။ ကိုယ်တောင် မိဘတွေကို ခေါ်ခွင့်မကြုံလိုက်နိုင်ဘူးလေ။ ဖတ်ပြီးတော့ မင်းပြောသလိုပဲ မိဘတွေရဲ့ မေတ္တာကို ပိုပြီးခံစားမိသွားတယ်။ ငိုလည်း ငိုချင်သွားတယ်။
မြန်မာပြည်ကနေလည်း ကိုယ်ပြန်လာမယ့်ရက် တွက်စစ်ပြီး
မင်္ဂလာဒုံလေဆိပ်က စောင့်ကြိုနေမယ့် အမေ့ပုံရိပ်ကို
မြင်ယောင်ရင်းနဲ့ ပဲ..။

Meengelay said...

ကျေးဇူးပါ မိဆိုးလေး။ မင်းလဲ တစ်ခေါက်ပြန်ပြီး မိဘတွေကို ပျော်ရွှင်စေခဲ့တာပဲ မဟုတ်လား။ မိဘတွေ ပျော်ရွှင်စေဖို့ ဆက်ကြိုးစားကြစို့။

လသာည said...

မီးငယ်လေး

ဒီစာကိုဖတ်လိုက်ရတဲ့အချိန်မှာ ရင်ထဲမှာ မီးငယ်လေး တော်လိုက်တာ၊ မီးငယ်လေးမေမေ့ကို ခေါ်ခွင့်ရလိုက်တယ်လို့..။
ဒီနေရာ ဘယ်လောက်အဆင်ပြေပြီး ခေတ်မှီစွာ နွေးထွေးနေပစေ မိဘရင်ငွေ့လောက်မနွေးပါဘူးရယ်။
မကြာခင် နွေးထွေးတဲ့ မိဘရင်ခွင်မှာ ပြန်လည်ခိုလှုံခွင့်ရတော့မှာပါ.

Meengelay said...

မိခင်တစ်ယောက်ဖြစ်တဲ့ မမလသာညကိုလဲ အထူးလေးစားပါတယ်။
"ဒီနေရာ ဘယ်လောက်အဆင်ပြေပြီး ခေတ်မှီစွာ နွေးထွေးနေပစေ မိဘရင်ငွေ့လောက်မနွေးပါဘူးရယ်။" (copy :P)

Posts with same label

Related Posts with Thumbnails