၇။ မှီငြမ်းကိုးကားချက်များ (ကျမ်းကိုး)
မှီငြမ်းကိုးကားချက်များသည် အများအားဖြင့် အခန်း(၃)တွင် ဖော်ပြခဲ့သော State of Art နှင့် များစွာ ဆက်နွယ် ရပေမည်။ ဘွဲ့လွန်ကျမ်းအား အကဲဖြတ်သူများသည် အခန်း(၃)တွင် ဖော်ပြခဲ့သော အကြောင်းအရာများအား ဤအခန်းတွင် ဖော်ပြထားသော မှီငြမ်းကိုးကားချက်များနှင့် တိုက်ဆိုင်စစ်ဆေးလေ့ ရှိသဖြင့် သက်ဆိုင်ရာ ကျမ်းကိုးများအား မကျန်ရစ်စေရန် သတိပြုရမည်။ ပုံမှန်အားဖြင့် စာတမ်းစစ်ဆေး အကဲဖြတ်သူ၏ သုတေသန လုပ်ငန်းနယ်ပယ်သည် သင်၏သုတေသနနှင့် ဆက်စပ်မှုရှိသည် ဆိုပါက ၎င်းအကဲဖြတ်သူသည် သူ၏ သုတေသနစာတမ်းအား သင်၏ကျမ်းကိုးစာရင်းတွင် ထည့်သွင်းထားခြင်း ရှိမရှိ ရှာဖွေလေ့ရှိသည်။ ၎င်းအပြင်၊ သင်သည် ထိုအကဲဖြတ်သူ၏ သုတေသနစာတမ်းများ (သုတေသနဆိုင်ရာ စိတ်ဝင်စားမှု အကြောင်းအရာ၊ ရှုထောင့်) အားလေ့လာထားပါက ထိုသူ၏ မေးခွန်းများအား ခန့်မှန်းနိုင်ရန် သဲလွန်စများရနိုင်ပေရာ ထိုအကဲဖြတ်သူ၏ သုတေသနစာတမ်းများအား လေ့လာထားသင့်သည်။
ကျမ်းကိုးများသည် ဘွဲ့လွန်ကျမ်း၏ အဓိကကျသော အပိုင်းအား ရေးသားရာတွင် ကိုးကားထားသည့် စာတမ်း၊ စာအုပ်များပင် ဖြစ်သည်။ ဤနေရာတွင် Bibliography နှင့် ကွဲပြားသောအချက်မှာ Bibliography သည် မိမိ၏ ဘွဲ့လွန်ကျမ်းနှင့် တိုက်ရိုက် မသက်ဆိုင်သော (ကိုးကားထားခြင်းမရှိသော) စာတမ်းစာရင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ မိမိဆောင်ရွက်ခဲ့သော သုတေသန၏ မတူသောရှုထောင့်၊ လုပ်ထုံးလုပ်နည်း များဖြင့် အခြားသူများက ဆောင်ရွက်ခဲ့ပြီးသော စာတမ်းများကို စုစည်းတင်ပြခြင်း ဖြစ်သည်။
ကျမ်းကိုးများအား စာရင်းပြုစုရာတွင် စာရေးသူအမည်များအား အက္ခရာ (alphabet) အစဉ်အတိုင်း (သို့မဟုတ်) ဘွဲ့လွန်ကျမ်းအားရေးသားရာတွင် ဖော်ပြခဲ့သော ကိုးကားချက် အစဉ်အတိုင်း ဖော်ပြခြင်းပြုနိုင်သည်။
၈။ နောက်ဆက်တွဲ
မည်သည့်အကြောင်းအရာများ ဤအခန်းတွင် ထည့်သွင်းသင့်သနည်း။
ပုံမှန်အားဖြင့် ဤအခန်း၌ ထည့်သွင်းသင့်သည့် အကြောင်းအရာများသည် စာတမ်းအကဲဖြတ်စစ်ဆေးသူများက သင်၏ တင်ပြချက်များအား ယုံကြည်လက်ခံစေရန် အတွက် အရေးကြီးသည့် အကြောင်းအရာများပင်ဖြစ်သည်။
သို့သော်လည်း စာကိုယ်၌် သင်၏ သုတေသနစာတမ်းတွင် အသုံးပြုခဲ့သော အရေးကြီးသည့် Data ဇယားများ၊ တွက်ချက်နည်းများ၊ Formula derivation များ နှင့် program lists များ ထည့်သွင်းပါက စာဖတ်သူ၏ စိတ်ဝင်စားမှု အားလျော့နည်းသွားစေနိုင်သည်။
သို့ဖြစ်၍ သင်၏ တင်ပြမှုအား ချောမွေ့စေရန် အတွက် ဘွဲ့လွန်ကျမ်းအားဖတ်ရှုရာတွင် နှောင့်နှေးစေသော အသေးစိတ် အကြောင်းအရာများအား ဘွဲ့လွန်ကျမ်း၏အဓိက စာကိုယ်၌ ဖော်ပြခြင်းမပြုပဲ ဤအခန်း၌ စုစည်း၍ဖော်ပြခြင်းဖြစ်သည်။
ဘွဲ့လွန်ကျမ်းတစ်စောင်၏ ပုံစံ(ဖော်ပြချက်) အကျဉ်းချုပ်
တစ်ဖန်ပြန်၍ ပြောရလျှင် ဘွဲ့လွန်ကျမ်းသည် သက်ဆိုင်ရာ တက္ကသိုလ်တစ်ခု၏ အသိအမှတ်ပြု စာတမ်း (အထောက်အထား)တစ်ခု ဖြစ်ပြီး အဓိက အရေးကြီးသော အချက်(၂)ချက် (အပိုင်း-၁ တွင်ဖော်ပြပြီး)အား ဖော်ပြနေခြင်းပင်ဖြစ်သည်။
အခန်း(၃) နှင့် (၄)သည် သုတေသန ပြုလုပ်သင့်သည့်(ဖြေရှင်းရန် လိုအပ်နေသည့်) အကြောင်းအရာကောင်း တစ်ခုအား ဖော်ပြပြီး အခန်း(၅)သည် ၎င်းအကြောင်းအရာအား သင်ကဖြေရှင်းပြီးဖြစ်ကြောင်း ဖော်ပြခြင်း ဖြစ်သည်။
အခန်း(၁) နှင့် (၂)သည် စာဖတ်သူအား သင်၏သုတေသနလုပ်ငန်းခွင်သို့ ဆွဲဆောင်ခေါ်ယူခြင်း ဖြစ်၍ အခန်း(၆)သည် သင့်သုတေသနမှ ရရှိသော အသီးအပွင့်များအား ဖော်ပြခြင်းပင် ဖြစ်ပေသည်။
သတိပြုရမည်မှာ အခြားသူများ ပြုလုပ်ခဲ့သော သုတေသန လုပ်ဆောင်ချက်များသည် သင်ပြုလုပ်ခဲ့သော သုတေသန လုပ်ဆောင်ချက် နှင့် ကွဲပြားခြားနားသည် ဟူသော အချက်ပင် ဖြစ်သည်။ ထိုအပြင် သင်သည် အခြားသူများ၏ သုတေသနလုပ်ဆောင်ချက်များ အားသိရှိထားခြင်း ရှိမရှိဆိုသည့် အချက်မှာလည်း အရေးပါသော အခန်းကဏ္ဍတစ်ရပ် အဖြစ်ပါဝင်သည်။ သို့ဖြစ်၍ အခန်း(၄)တွင် ဤအချက်များအား ဖော်ပြပေးခြင်းဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်။)

1 comment:
အခုလိုတင်ပေးတာကျေးဇူးတင်ပါတယ် အရမ်အသုံး
ဝင်ပါတယ်။ Thesis အတွက်တင်မဟုတ်ပါဘူး အခြားစာတမ်းရေးဖို့အတွက်လည်းအသုံးဝင်ပါတယ်။ အခြားပညာရေး ဗဟုသုတတွေလည်းသိတာရှိရင်မျှဝေပေးပါစေချင်ပါတယ်။ဒါပေမယ့် အပိုင်း (၂) ရှာမတွေ့ဘူးဖြစ်နေပါတယ်။
Post a Comment