မြစ်တစ်ခုမှာ ရေနှစ်ခါချိုးလို့ မရဘူးတဲ့။ ဘယ်နှစ်ခါ ချိုးချိုးရတာပဲဟာ- ဘာကြောင့်ပါလိမ့် လို့စဉ်းစားမိဖူးတယ်။ စီးဆင်းသွားတဲ့ ရေတွေနေရာမှာ ရေသစ်တွေက အစားထိုး ၀င်ယူနေကြတယ်။ ရေသစ်တွေဟာ တစ်ခဏတာမှာ ရေဟောင်းဖြစ်သွားပြန်ပြီး သူ့နေရာမှာ ရေသစ်တွေ အစားထိုးပြန်ပါတယ်။ တကယ်တော့ ဒီဖြစ်စဉ်ဟာ တစ်ဆက်တည်းပါပဲ။
ဒီလိုပဲ ၂၀၀၈ခုနှစ်ဟာလဲ တစ်ခဏတာအတွင်းမှာ ကုန်ဆုံးခဲ့ပြန်ပါပြီ။
နိုင်ငံ အတော်များများမှာ နှစ်သစ်ကူးပွဲတော် ကိုကျင်းပလေ့ရှိကြတယ်။ ဂျပန်မှာတော့ နှစ်သစ်ကူးပွဲတော်ထက် Bounenkai (忘年会) လို့ခေါ်တဲ့ နှစ်ဆုံးပွဲတော် (Year End Party) ကို ကျင်းပတာပိုပြီး ရေပန်းစားပါတယ်။
忘 = မေ့သည် ။ 年 = နှစ် ၊ 会= ပွဲ၊ တွေ့ဆုံပွဲ လို့ အဓိပ္ပာယ် ရပါတယ်။ နှစ်တစ်နှစ်မှာ ကိုယ်ခံစားခဲ့ရတဲ့ ဒုက္ခတွေ၊ မကောင်းတဲ့ အတွေးတွေ၊ စိတ်မချမ်းမြေ့စရာတွေ၊ ကိုယ်မေ့ပစ်ချင်တဲ့ အရာတွေကို နှစ်ဆုံးမှာ မေ့ပစ်လိုက်ပြီး၊ နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ တစ်ဖန်ပြန်လည် ကြိုးစားရအုန်းမယ် ၊ နှစ်သစ်ကို လူသစ်စိတ်သစ်နဲ့ ကြိုဆိုမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပကြတာတဲ့။
နှစ်စဉ် ဒီဇင်ဘာလရောက်ရင် သူငယ်ချင်းတွေ၊ အသင်းအဖွဲ့ တွေ စုစည်းပြီး စားကြသောက်ကြတဲ့ ပွဲပါပဲ။
ကျွန်မတို့ Lab ကတော့ နှစ်စဉ်နှစ်တိုင်း ရေပူစမ်း ဒါမှမဟုတ် Ski ရှိတဲ့ နေရာတစ်ခုခုကို တစ်ညအိပ်သွားပြီး Bounenkai Party ကို ကျင်းပကြပါတယ်။ ကျွန်မရဲ့ဆရာတွေလဲ လိုက်ကြတယ်။ Master 1st year ကျောင်းသားတွေက သွားမဲ့ နေရာကိုရွေးချယ်ပြီး အစစအရာရာ စီစဉ်ကြရတယ်။ အရင်နှစ်က Yamgata Ken က Yonezawa မြို့ကိုသွားခဲ့ကြတယ်။
ဒီနှစ်တော့ Iwate Ken က Hanamaki ဆိုတဲ့ မြို့က ရေပူစမ်းကို သွားခဲ့ကြပါတယ်။ ရေပူစမ်းရှိတဲ့ ဟိုတယ်ကိုသွားပြီး အတူတကွ Japanese style ညစာစား၊ ညပိုင်းကျရင် game တွေဆော့လိုက်၊ ရေပူစမ်းစိမ်လိုက်၊ သောက်တဲ့သူတွေကလဲ သောက်နဲ့ အပန်းဖြေကြတာပါ။
နှစ်တစ်နှစ်မှာ မကောင်းတဲ့အခြေအနေတွေကို မေ့ပစ်တဲ့ပွဲ ဆိုတော့ ဘာတွေမေ့ပစ်ရမလဲ၊ မေ့ပစ်သင့်သလဲ ဆိုတာ စဉ်းစားမိပါတယ်။ ကျွန်မရဲ့ ဂျပန်သူငယ်ချင်း အချို့ကို မေးကြည့်ခဲ့ပါတယ်။ “ဘာတွေမေ့ပစ်သလဲ”လို့။
သူတို့ပြောတာကတော့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ အကြောင်းတွေ၊ ကိုယ့်အတွက် ကံဆိုးစေခဲ့တဲ့ အမျိုးမျိုးသော အကြောင်းတွေ၊ ကိုယ်မကြိုက်တဲ့သူတွေ ကို မေ့ပစ်တာပေါ့ လို့ပြောကြပါတယ်။
ကျွန်မအနေနဲ့ကတော့ မိမိရဲ့ မကောင်းတဲ့ အလေ့အကျင့်တွေကို မေ့ပျောက်ပြီး ဒီနှစ်သစ်ကစလို့ ဒီလိုခံယူချက် တွေနဲ့ ဒီလိုတစ်ဖန်ပြန်ပြီး ကြိုးစားရအုန်းမယ် ဆိုတဲ့ စိတ်ခွန်အားတစ်ခုကို မွေးဖွားဖို့ ဆုံးဖြတ်ချက် ချခဲ့မိပါတယ်။
အဲဒါတွေကတော့...
၁။ မကြာခဏ ၀မ်းနည်းနေတတ်တဲ့ စိတ်။ (ဖေဖေ၊ မေမေ့အိမ်ကို လွမ်းလို့ပါ...ကမ္ဘာပေါ်မှာရှိတဲ့ သန်းပေါင်းများစွာသော လူသားတွေထဲမှာ အမျိုးမျိုးသောအကြောင်းများနဲ့ မိသားစုနဲ့ ကွေကွဲခြင်း၊ ချစ်သူခင်သူများနဲ့ ကွေကွဲခြင်း ဆိုတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ လူသားတွေနဲ့ မိမိကိုယ်ကို နှိုင်းယှဉ် ကြည့်ရန်။)
၂။ တစ်နေ့လုံး ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက်မပြီးပဲ ကွန်ပြူတာရှေ့မှာ တွေဝေနေတတ်တာ။
(တစ်နေ့တာ အကျိုးရှိအောင် နေဖို့လေ့ကျင့်ရန် ... ဒါန၊ သီလ၊ ဘာဝနာ၊ ဥာဏ်၊ ၀ီရိယ ..တစ်ခုခုကို လောကီ၊ လောကုတ္တရာ နှစ်ဖြာ အကျိုးရှိအောင် သုံးတတ်ဖို့ လေ့ကျင့်ရန်။)
၃။ နောက်မှ...နောက်မှ...ဆိုပြီး အချိန်ဆွဲနေတာ။ (အချိန်နှင့် ဒီရေသည်လူကိုမစောင့်..ဆိုသော စကားပုံကို လက်ကိုင်ထား၍ သတိတရားရှိရန်။)
၎။ Seminar တွေမှာ မေးခွန်းအမေးခံရတဲ့ အချိန် ပြန်မဖြေနိုင်ခဲ့တဲ့ အခြေအနေတွေ။ (နောက်seminarတွေ မှာ ဖြေနိုင်အောင် ကြိုးစားရမယ်။ ဘယ်လိုပြင်ဆင်ရမယ် ဆိုတာပဲတွေးတောရန်)
၅။ အသက်ကြီးလာလို့ ဦးနှောက် ရဲ့ မှတ်ဥာဏ်စွမ်းအား မကောင်းတော့လို့ ဆိုတဲ့ အကြောင်းပြချက်၊ တက္ကသိုလ်တွေအကြာကြီး ပိတ်ထားခဲ့ရလို့ စာတွေမေ့ကုန်တာ၊ အခြေခံတွေမကျေညက်တာ၊ တစ်နှစ်အပြည့်မတက်ရပဲ ဘွဲ့ရခဲ့လို့၊ သင်ကြားနည်းနဲ့ သင်ရိုးညွှန်းတမ်း မတူခဲ့လို့..စသဖြင့် ၊ စသဖြင့် ကိုယ့်ကိုယ်ကို ဆင်ခြေပေးတတ်တာ။ (မိမိကိုယ်ကို ယုံကြည်မှုအပြည့်ထားပြီး သူတို့လိုတော်အောင် ကြိုးစားရန်။ ဆန္ဒကြီးလျှင် အကြံပြီး၏။)
၆။ သုတေသနရဲ့စိတ်ဖိစီးမှုဒဏ်ခံရတာ။ (မှန်မှန်အိပ်၊ မှန်မှန်စားပြီး မှန်မှန် အလုပ်လုပ်၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာအောင် လေ့ကျင့်ပြီး စိတ်ဖိစီးမှုမှ စိတ်ကြည်နူးမှု အဖြစ်သို့ ကြိုးစား အသွင်ပြောင်းရန်။)
၇။ ကိုယ်လဲ မသောက်တတ်ပဲနဲ့ ဂျပန်သူငယ်ချင်းတွေနဲ့ ည၁၂ နာရီကျော်တဲ့ အထိ Nomikai(စားပွဲသောက်ပွဲ) လိုက်ထိုင်တတ်တာ။ (မလိုအပ်လျှင် အားမနာပဲ ငြင်းဆိုရန်.. ..အရေးကြီးဧည့်သည် လာသည့် အချိန်မှ လွဲ၍)
၈။ အိပ်ရာထ နောက်ကျတာ။ (ပျင်းရိခြင်းတစ်ပါး ဖြစ်ပါသည်။ ချမ်းလွန်းလို့..ဆိုတာအကြောင်းမပြရန်။ တစ်နေ့အိပ်ချိန် ၆နာရီလောက်ဆို လုံလောက်တယ်။)
အဲဒီလို စိတ်မျိုး၊ အတွေးမျိုး၊ အကျင့်မျိုးရှိတဲ့ ကျွန်မကိုယ် ကျွန်မမေ့ပစ်လိုက်ပါမယ်။ ( ) ထဲက ဆုံးဖြတ်ချက် တွေကို ကြိုးစားလိုက်နာပြီး စိတ်ခွန်အားမွေးပါမယ်။
ကျွန်မရဲ့ လက်ရှိတာဝန်ကတော့ သုတေသနလုပ်ဆောင်ရန်၊ မပြီးဆုံးနိုင်သော ပညာရပ်များကို ဆည်းပူးလေ့လာရန်၊ ပဲဖြစ်ပါတယ်။
Year End Party အကြောင်းကို ၂၀၀၈နှစ်မကုန်ခင်ကတည်းက ရေးဖို့ စိတ်ကူးရှိခဲ့ပေမဲ့ အခုမှပဲ ပို့စ်တင် ဖြစ်သွားပါတယ်။
စာဖတ်သူများလဲ ၂၀၀၉ နှစ်သစ်မှာ လူသစ်၊ စိတ်အင်အား အသစ် နဲ့ မိမိရဲ့ ကျရာတာဝန်များကို စိတ်ချမ်းမြေ့စွာ ထမ်းရွက်နိုင်ကြသူများ ဖြစ်ကြပါစေရှင်။
ဒီပုံလေးက Hanamaki, Iwate Prefecture ကအပြန်လမ်းမှာ ကားပေါ်ကနေလှမ်းရိုက်လိုက်တာပါ။ အဲဒီနေ့က နေ့ခင်းအပူချိန် သုညဒီဂရီစင်တီဂရိတ်ပေါ့။
ု
1 comment:
လာမယ့်sunday မှာအိုစာကာ သွားပြီးလူအခွင့်ရေးအကြောင်းပြောဖို့ တာဝန်ရှိလာတယ်လေ။နှင်းနှင်းအေး ဘလော့ ကနေ ဒီဘလော့ကို စိတ်ဝင်စားစွာနဲ့ဝင်ခဲ့ပါတယ်။ကျွန်တော်ကတော့ နာဂိုရာ ကပါ။အချိန်ကုန်ခံပြီး စာတွေရေးထားနိုင်တာကို လေးစားမိပါတယ်။သိပ်ကို တန်ဖိုးရှိပြီး အကျိုး များလှပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ....
Post a Comment