Sunday, November 16, 2008

Made in Myanmar (ミャンマー製)


ိဂျပန်နိုင်ငံမှာ Made in Myanmar (ミャンマー製) လူ့အသုံးအဆောင် ပစ္စည်းလေးတွေကို တွေ့ဖူးကြမှာပါ။
ကျွန်မအနေနဲ့တော့ အဲဒီစာတန်းလေးကို ပထမဆုံးအကြိမ် တွေ့ရတဲ့ အချိန်တုံးက တကယ့် ကို အံသြ၀မ်းသာခဲ့ရပါတယ်။
စာဖတ်သူတို့လဲ Made in Myanmar (ミャンマー製) လို့ ရေးထားတဲ့ ဘယ်လိုမျိုးပစ္စည်းလေးတွေကို တွေ့ဖူးကြပါသလဲရှင်။

ကျွန်မက ဂျပန်ရောက်နေမှတော့ Made in Japan (日本製) သုံးချင်တာပေါ့ ဆိုပြီး Made in Japan ပစ္စည်းလေးတွေကို ရှာပြီး ၀ယ်ပါတယ်။ ပစ္စည်းတစ်ခု ၀ယ်တော့မယ်ဆိုရင် ဘာမိတ်(made)လဲဆိုပြီး ကြည့်ရတာ အမောပါ။
အဟဲ ...သိကြတဲ့ အတိုင်း Made in Japan ပစ္စည်းတွေက ဈေးကြီးတာများတဲ့ အတွက် ဈေးလျော့တဲ့ (Sale) အချိန်မှသာ ၀ယ်နိုင်ပါတယ်။ ဒါတောင် လျော့ထားတဲ့ တန်ဖိုးက ကိုယ်တတ်နိုင်တာထက် များနေလို့ မ၀ယ်ဖြစ်တာများပါတယ်။

ပထမဆုံးတွေ့ဖူးခဲ့တာကတော့ အမျိုးသားစီး ရှူးဖိနပ်တစ်ရံပါ။ ပုံစံကလဲလှပြီး တော်တော်သေသေသပ်သပ် ရှိပါတယ်။ အမျိုးအစားကလဲကောင်း၊ ဈေးကလည်း ယန်းတစ်သောင်းကျော်ဆိုတော့ Made in Japan (日本製) ဖြစ်မှာပဲလို့ အပိုင်တွက်ပြီး ကြည့်လိုက်တော့ Made in Myanmar ဆိုတဲ့ စာတန်းလေးကို တွေ့လိုက်ရပါတယ်။ အဲဒီတုံးက ကင်မရာပါမသွားလို့ မှတ်တမ်းမတင်ခဲ့လိုက်နိုင်ဘူး။

ဒီလိုနဲ့ Sale အချိန်မှာ shopping ထွက်တဲ့တစ်နေ့ မိန်မစီးဖိနပ်ကလေးတစ်ရံကို တွေ့မိပါတယ်။ ဖိနပ်ပုံစံကလဲ ကျွန်မကြိုက်တဲ့ ပုံစံ ဖြစ်နေတော့ ထုံးစံအတိုင်း ဘာမိတ်လဲ လို့ ကြည့်လိုက်တော့ Made in Myanmar ပါတဲ့။ နဂိုမူရင်းဈေး ယန်း ၈၀၀၀ ကျော်ကို ယန်း ၃၀၀၀ကျော်နဲ့ ဈေးချရောင်းနေတာပါ။ အပေါ်ကပုံလေးပေါ့။
ကျွန်မက ကိုယ်နှစ်သက်တဲ့ ပစ္စည်းတစ်ခုတွေ့ရင် ၀ယ်ဝယ်မ၀ယ်ဝယ် ဘာမိတ်လဲလို့ ကြည့်တာ အကျင့်ပါနေပါပြီလေ။

နောက်ထပ်တစ်ခုက ဖလန်ထည်အသား ရှပ်အင်္ကျီလေးပါ။ ဂျပန်လို ミャンマー製 (အဓိပ္ပာယ်က Made in Myanmar) လို့ရေးထားပြီး တံဆိပ်က Mario Valentino ဖြစ်ပါတယ်။ ဖလန်ထည် အသားလေးကလဲ တော်တော်ကောင်းပြီး ချုပ်ထားတာလဲ အတော်သပ်ရပ်ပါတယ်။ ဈေနှုန်းက ယန်း ၂၉၉၀ ပါ။


မြန်မာငွေတန်ဖိုးနဲ့ တွက်လိုက်ရင် ဂျပန်မှာ ရောင်းနေတဲ့ Made in Myanmar ပစ္စည်းလေးတွေဟာ တန်ဖိုးမနည်းလှပါဘူး။ ဒီပစ္စည်းလေးတွေကို ဘယ်လိုနည်း မြန်မာပြည်မှာ ထုတ်လုပ်ပြီး၊ ဂျပန်မှာ တင်သွင်းရောင်းချ နေတယ်ဆိုတာ မသိရပေမဲ့ ကျွန်မတို့ နိုင်ငံထုတ် Made in Myanmar ပစ္စည်းလေးတွေကို အရည်အသွေးကောင်းကောင်း နဲ့ တန်ဖိုးမြင့်မြင့် တွေ့မြင်လိုက်ရတဲ့အတွက် ၀မ်းသာ ဂုဏ်ယူပါကြောင်း ဖောက်သည်ချလိုက်ပါရစေ။

No comments:

Posts with same label

Related Posts with Thumbnails