”ဟင်.....ဟယ်......ဟာ.......” စသဖြင့် ကြေကွဲ ထိတ်လန့်စွာ ထွက်ပေါ်လာတဲ့ ကျွန်မရဲ့ အာမေဋိတ်သံ အမျိုးမျိုးကြောင့် အခန်းထဲက လူတွေအားလုံးဟာ ကျွန်မကြည့်နေတဲ့ ကွန်ပြူတာ စကရင် ဆီကို အကြည့်တွေ ရောက်လာကြပါတယ်။ သူတို့ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ အတုံးအရုန်းလဲပြိုကျနေတဲ့ ခန္တာကိုယ်လေးတွေ၊ ရေထဲမှာ တစ်ဝက်တစ်ပျက် နစ်မြုပ်နေကြတဲ့ ခန္တာကိုယ်လေးတွေ၊ လူတွေနေခဲ့တဲ့ နေရာပါလို့ မဆိုနိုင်လောက်အောင် ပျက်စီးယိုယွင်းသွားခဲ့တဲ့ နေရာတွေ........
ကျွန်မ ဘာအကြောင်းပြောတော့မယ် ဆိုတာ သိလောက်ကြပါပြီ။
ဟုတ်ပါတယ်၊ မြန်မာနိုင်ငံရဲ့သမိုင်းမှာ သဘာဝဘေးအန္တရာယ်ဒဏ် အဆုံးရွားဆုံး ခံခဲ့ရတဲ့ နာဂစ် မုန်တိုင်းကြီး အကြောင်းပေါ့။
ဘယ်သူမှ ဒီ နာဂစ် ဆိုတဲ့ အသံကို ကြားချင်မှာ မဟုတ်ပါဘူး၊ ကျွန်မလဲ ဒီအကြောင်းကို မပြောချင်ပေမဲ့ ကျွန်မရဲ့ Diary လေးပေါ်မှာ မှတ်တမ်းတင်ထားချင်တဲ့ အတွက်ကြောင့် ရေးလိုက်ပါတယ်။
၂၀၀၈ခုနှစ်၊ မေလ(၃) ရက်နေ့ မြန်မာနိုင်ငံမှာ အင်အားပြင်းထန်တဲ့ နာဂစ်မုန်တိုင်းဝင်ရောက် တိုက်ခတ်သွားတယ်။ အပျက်အစီး၊ အဆုံးအရှုံး များတယ် စသဖြင့် သတင်းရခဲ့ပေမဲ့ ကျွန်မအနေနဲ့ ”မုန်တိုင်း ၀င်သွားတယ် ဆိုတော့ ပျက်စီးဆုံးရှုံးတာ တော့ ရှိမှာပေါ့ ” အဲဒီလောက်ပဲ တွေးခဲ့ မိပြီး သိပ်အလေးအနက် မထားခဲ့မိပါဘူး။ မုန်တိုင်းဝင်တဲ့နေရာဟာလဲ ကျွန်မရဲ့ ဇာတိမြေ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း တွေ ရှိတဲ့ နေရာနဲ့ အလွန်ပဲ အလှမ်းဝေးတဲ့ အတွက်ကြောင့် အဲဒီလို သဘောထားမိခဲ့တာ ဖြစ်မှာပါ။
နောက်ပိုင်း အင်တာနက် စာမျက်နှာ အမျိုးမျိုးကနေ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသွားတဲ့ မြင်ကွင်းဓာတ်ပုံတွေ၊ သတင်းတွေ၊ ဂျပန် ရုပ်မြင်သံကြားက သတင်းတွေ အဆက်မပြတ် ၀င်လာပါတော့တယ်။
တစ်ရက် ကျောင်းမှာ အင်တာနက် ထိုင်ကြည့်နေတုန်း မြင်လိုက်ရတဲ့ ဓာတ်ပုံတွေကြောင့် အလွန်ပဲ အံ့သြကြေကွဲ ခဲ့ရပြီး၊ ”ဟင်..ဟယ်....အဲဒီလောက်ကြီးတောင် ဖြစ်တာလား” ဆိုပြီး ကျွန်မရဲ့ အာမေဋိတ်သံ အမျိုးမျိုးကြောင့် အခန်းထဲမှာ စာလုပ်နေကြတဲ့ ကျွန်မရဲ့ ဂျပန်သူငယ်ချင်းတွေတောင် ကျွန်မကြည့်နေတဲ့ ကွန်ပြူတာ ဆီကိုလာကြည့်ကြပါလေရဲ့။
ကျွန်မရဲ့ ဆွေမျိုးသားချင်းတွေမဟုတ်၊ ကျွန်မနဲ့ လဲဘယ်သူမှမသိ ပေမဲ့
”အော်.. ငါတို့နဲ့ တစ်မြေတည်းကသီးတဲ့ ဆန်ကိုစား၊ တစ်ရေတည်းသောက်၊ ဘာသာစကားတစ်မျိုးကို အတူတူ ပြောကြတဲ့ ငါတိုရဲ့ နိုင်ငံသားတွေ၊ အနာဂတ်ရဲ့ မျိုးဆက် ကလေးသူငယ်တွေ ဒီသဘာဝဘေးအန္တရာယ် ဆိုးကြီးကြောင့် အသက်အိုးအိမ် ဆုံးရှုံးနေကြရပါပေါ့လား။ ”
ဆိုပြီး အလွန်ကို စိတ်မချမ်းမြေ့ဖြစ်ခဲ့ရပါတယ်။
အဲဒီလောက် လူတွေအများကြီး သေကျေပျက်စီး ကြပြီး အပျက်အစီး အဆုံးအရှုံး များလိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိပါဘူး။
ကဲ...ဒီလိုစိတ်မကောင်းဖြစ်နေရုံနဲ့ ပြီးရောလား...
နေစရာအသင့်၊ စားစရာ အသင့် ရှိနေတဲ့ ကျွန်မဘာလုပ်မလဲ။
နေစရာ၊ စားစရာ၊ အ၀တ်အထည် မရှိ၊ ဆွေမျိုးသားချင်းတွေ ဆုံးရှုံးသွားကြတဲ့ လူတွေအတွက် ဘာလုပ်ပေးနိုင်မလဲ။
မြန်မာနိုင်ငံရဲ့ အဝေးတစ်နေရာမှာ ရောက်နေတော့ ကိုယ်တတ်နိုင်သလောက် အလှူငွေ ထည့်ပြီး လှူလိုက်ရုံ ပေါ့။ အလှူငွေထည့်လို့ရတဲ့ နေရာတွေလဲ အများကြီး။
မြန်မာနိုင်ငံက NGO အဖွဲ့အစည်းတွေဆီ ဆက်သွယ်ပြီး လှူမလား။
အင်တာနက် ပေါ်ကနေ credit card သုံးပြီးလှူမလား။
International NGO တွေဆီ ဆက်သွယ်ပြီး လှူမလား။
ဂျပန်ရုပ်မြင်သံကြားဌာနတွေရဲ့ bank account ထဲ ထည့်ပြီး လှူမလား။
ကျိုတိုက အစ်မ တစ်ယောက် ဦးဆောင်အလှူငွေ ကောက်ခံပြီး မြန်မာနိုင်ငံက NGO အဖွဲ့အစည်းတွေဆီ ဆက်သွယ်ပြီး လှူဒါန်းပေးတဲ့ Cyclone Victim Rescue Fund ဆီကို ပို့ပြီးလှူမလား။
ကြိုက်သလို လှူလို့ ရပါတယ်။
ဒါပေမယ့် ကျွန်မစဉ်းစားတယ်။ ဘယ်လောက်လှူနိုင်မှာလဲ လို့လေ...
ကိုယ်တစ်ဦးတည်းတတ်နိုင်တဲ့ ငွေကြေးပမာဏထက် ပိုပြီး တတ်နိုင်သလောက် ထိထိရောက်ရောက် လှူဒါန်းချင်တဲ့ ဆန္ဒတွေ ဖြစ်လာနေခဲ့တယ်။
မုန်တိုင်းဘေးသင့်တဲ့ နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လှူဒါန်းနေတဲ့ သူတွေကို လဲ အထူးအားကျပြီး သာဓုခေါ်မိပါတယ်။
အဲဒီအချိန်မှာ အင်ဒိုနီးရှားသူငယ်ချင်းလေး တစ်ယောက်ဆီက e-mail ၀င်လာပါတယ်။ မြန်မာမှာ ကြီးမားပြင်းထန်လှတဲ့ မုန်တိုင်းတိုက်သွားတာ သိရတဲ့ အတွက်ဝမ်းးနည်းကြောင်း အစချီထားပြီး၊ ”မုန်တိုင်းဘေးသင့်တဲ့ လူတွေအတွက် အလှူငွေ မကောက်ဘူးလား၊ အလှူငွေ ကောက်မယ်ဆိုရင် လိုအပ်တာတွေ ကူညီပေးလို့ရတယ်၊ အင်ဒိုနီးရှားမှာ ၂၀၀၆ ခုနှစ်က ဖြစ်သွားခဲ့တယ် ဆူနာမီ ငလျင်ဘေးသင့်သူ တွေအတွက် အလှူငွေ ကောက်ခဲ့တဲ့အတွေ့အကြုံ ရှိတဲ့အတွက် ကူညီပေးမယ်လေ”
ဆိုတဲ့ e-mail ကြောင့် ကိုယ်တတ်စွမ်းသရွေ့ လှူဒါန်းတာထက်ပိုပြီး တစ်ခုခု လုပ်ချင်နေတဲ့ ကျွန်မဟာ ”လုပ်မယ်၊ အလှူငွေကောက်တဲ့ အတွေ့ အကြုံလဲ မရှိတဲ့ အတွက် လိုအပ်တာ အကူအညီပေးပါနော်” လို့စာပြန်လိုက်ပါတယ်။
နီးစပ်ရာ မြန်မာသူငယ်ချင်းတွေနဲ့ တိုင်ပင်ကြည့်တဲ့ အခါ သူတို့ကလဲ တတ်အားသရွေ့ ကူညီမယ်၊ ဆိုပြီး လက်တွဲလာကြတဲ့ အတွက် အလွန် ၀မ်းမြောက်ခဲ့ရပါတယ်။
ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်ကို ဦးဆောင်စေပြီး ကျွန်မတို့ရဲ့ အလှူခံမဲ့ အစီအစဉ် စတင်ကြပါတော့တယ်။
ပြင်ဆင်ခြင်း
မြို့ထဲမှာ အလှူခံဖို့အတွက် မြို့နယ် ရဲတပ်ဖွဲ့ရဲ့ ထောက်ခံချက်လိုအပ်တယ်။ အလှူခံတဲ့ အကြောင်းအရင်း၊ အလှူခံမဲ့ နေ့ရက်၊ အချိန် နဲ့ နေရာ အတိအကျ ကိုမြေပုံနဲ့ တကွ တွဲတင်ရပြီး၊ ထောက်ခံချက်ရဖို့အတွက် အနည်းဆုံး (၁)ပတ်လောက် စောင့်ရပါတယ်။ ထောက်ခံချက်ရဖို့ စောင့်နေစဉ် အတောအတွင်းမှာ ကျွန်မတို့တွေဟာ အလှူခံထွက်ရင် လိုအပ်မဲ့ ပိုစတာ၊ အလှူခံပုံး စတာတွေကို ပြင်ဆင်ကြရပါတယ်။ ပိုစတာတွေကိုလဲ ကျွန်မရဲ့ အင်ဒိုနီးရှား သူငယ်ချင်းကပဲ ဦးဆောင်ပြီး ပိုစတာ (၂)မျိုးကို ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ(၂)မျိုးစီနဲ့ ပြင်ဆင်ခဲ့ကြတယ်။
ဒါက ဂျပန်ဘာသာနဲ့ နောက်တစ်မျိုးပါ။
ကျွန်မတို့မြို့မှာ နေတဲ့ မြန်မာဦးရေဟာ အလှူခံထွက်ဖို့ အတွက်ကို မလုံလောက်အောင် နည်းလွန်းတဲ့အတွက် အင်ဒိုနီးရှား သူငယ်ချင်းလေးက သူကိုယ်တိုင်လဲ ပါဝင်ကူညီမယ်၊ သူ့သူငယ်ချင်း အင်ဒိုနီးရှားလေးတွေကို လဲအကူအညီတောင်းပေးပြီး စုစုပေါင်း အင်ဒိုနီးရှား သူငယ်ချင်း (၄)ယောက် (အဲဒီထဲက ၃ ယောက်ဟာ Ph.D တက်နေကြတဲ့ ကျောင်းသားတွေဖြစ်ပြီး၊ တစ်ယောက်ကတော့ Post-Doctorate ဖြစ်ပါတယ်) နဲ့ စင်ကာပူသူငယ်ချင်း (၁)ယောက် လက်တွဲကူညီပေးခဲ့ ကြတယ်။ သူတို့ ရဲ့ Volunteer စိတ်ဓာတ် နဲ့ Leadership skill တွေဟာ ချီးကျုး၊ အတုယူစရာ မကောင်းပေဘူးလား။
ဒီလိုနဲ့ ကျွန်မတို့ရဲ့ အလှူခံ အဖွဲ့လေးဟာ ”........ University Myanmar Student Volunteer Group ” ဆိုပြီးအလှူခံထွက်ဖို့ ခြေလှမ်းပြင်ကြပါပြီ။
အလှူခံထွက်ဖို့ လူအင်အားကနည်းပြီး အားလုံးကလည်း အချိန်နဲ့ လုပြီး သုတေသန လုပ်နေကြတဲ့ သူတွေချည်းပဲ ဖြစ်တဲ့အတွက် အားလုံးလဲ အဆင်ပြေတဲ့ မေလ နောက်ဆုံးရက်သတ္တပတ်ရဲ့ စနေ၊ တနင်္ဂနွေ (၂) ရက်တည်းပဲ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်မတို့ကို ဒီမြို့က နိုင်ငံခြားကျောင်းသားတွေကို အကူအညီပေးနေတဲ့ Mori Volunteer အဖွဲ့ က အမျိုးသမီးကြီးများကလဲ အားပေးကူညီခဲ့ကြပါတယ်။
နောက်တစ်ခုကတော့ အဲဒီသူငယ်ချင်းရဲ့ အကြံပေးချက်နဲ့ပဲ တက္ကသိုလ်က campus အသီးသီးမှာ အလှူခံပုံး ထားဖို့ပဲ ဖြစ်တယ်။ အဲဒီအတွက်လဲ တက္ကသိုလ်က ခွင့်ပြုချက်ကို ရယူပြီးမှ တစ်လတိတိ ကျွန်မတို့ တက္ကသိုလ်ရဲ့campus (၄) ခုက ရုံးခန်းတွေမှာ အလှူခံပုံးလေးတွေ (၁)လတိတိ ထားခဲ့ပါသေးတယ်။
(ဘယ်လောက်ရရ ဆိုပြီးတော့ပါ၊ Better than nothing လေ၊ ဟုတ်တယ်မဟုတ်လား။)
္တ
ဒီပုံက တက္ကသိုလ် campus တစ်ခုရဲ့ ကျောင်းသားရေးရာ ရုံးခန်းရှေ့မှာ ထားခဲ့တဲ့ အလှူခံပုံးလေး ဖြစ်ပါတယ်။
ပါဝင်ကူညီခဲ့ကြတဲ့ သူငယ်ချင်းများအားလုံးကို အထူးလေးစားချစ်ခင်လျက်.........
(အလှူခံရရှိခဲ့ရပုံ နဲ့ ရရှိခဲ့တဲ့ အလှူငွေတွေကို ဘယ်လိုလှူဒါန်းခဲ့တယ် ဆိုတာကို အလှူငွေရှာပွဲ မှတ်တမ်း(၂)မှာ ဆက်ဖတ်စေချင်ပါတယ်ရှင်။)
1 comment:
သာဓု..သာဓု..သာဓုပါခင်ဗျာ။ တကူးတကကူညီကြတဲ့
အင်ဒိုနီးရှားကျောင်းသားတွေကိုလည်းချီးကျူးမိပါတယ်။
Post a Comment