Saturday, November 15, 2008

လက်တွဲကူညီခြင်း မှတ်တမ်း (၄)

လှူဒါန်းခြင်း(၂)

သီတဂူဆရာတော်ကြီး တိုကျိုမြို့သို့ကြွရောက်တော်မူခြင်း

သီတဂူဆရာတော်ကြီး အသျှင် ဥာဏိဿရ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ကိုဇွန်လအတွင်း ကြွရောက်ပြီး၊ လေဘေးရန်ပုံငွေအတွက် တရားပွဲတွေ ကျင်းပမယ် လို့ သတင်းရကတည်းက ကျွန်မတို့တွေ အလွန် ၀မ်းမြောက်ခဲ့ကြပါတယ်။

ဆရာတော်ကြီးဟာ “နာဂစ်လေဘေးသည်များအား ကူညီစောင့်ရှောက်ရန်”အတွက် တရားပွဲများကျင်းပပြီး အလှူငွေစုဆောင်းတော်မူရန် အဓိက ရည်ရွယ်ချက်နဲ့ တိုကျိုမြို့ကို ဇွန်လ ၂၇ရက်နေ့မှာ ကြွရောက် တော်မူခဲ့ပါတယ်။

အစ်မတစ်ယောက်လိုခင်မင်ရတဲ့ သူတစ်ဦးရဲ့ ဆက်သွယ်ပေးမှုနဲ့ ဆရာတော်ကြီး တိုကျိုမြို့ကို ကြွရောက်ရေးအတွက် ဆောက်ရွက်ပေးနေကြတဲ့ တိုကျိုမြို့ ကတာဝန်ရှိသူ အချို့နဲ့ ဆက်သွယ်မှု ရခဲ့ပါတယ်။
ဆရာတော်ကြီးကို ဖူးမြော်ချင်စိတ၊် တရားဓမ္မများကို နာကြားချင်စိတ် ၊ ကိုယ်တိုင်ကိုယ်ကျ အလှူငွေတွေကို လှူဒါန်းချင်စိတ် တွေနဲ့အတူ ကျွန်မနဲ့ သူငယ်ချင်း Dust in the wind ဟာ Bus ကားနဲ့ ၅ နာရီသာ သွားရတဲ့ တိုကျိုမြို့သို့ ကိုယ့်စားရိတ်နဲ့ကိုယ် နေ့ချင်းပြန် သွားရောက်ခဲ့ကြပါတယ်။

ကျွန်မတို့ပဲ ကံကောင်းတာလား၊ နယ်ကလာတဲ့ လူတွေမို့လား မပြောတတ်ပါဘူး။
တာဝန်ရှိသူရဲ့ ဆက်သွယ်ပေးမှုနဲ့ ကျွန်မတို့ ၂ ယောက်ဟာ ဆရာတော်ကြီး တည်းခိုတော်မူတဲ့ Shinjuku က ဟော်တယ်ကြီးတစ်ခု မှာဆရာတော်ကြီး ကို အေးအေးဆေးဆေး ဖူးမြော်ခွင့်ရရှိခဲ့ပြီး၊ "........University Myanmar Student Volunteer Group " ရဲ့ ကိုယ်စား အလှူတော်ငွေ ၁၁၀၀၀၀ ယန်း ကို ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လှူဒါန်း နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Myanmar Cyclone Victim Rescue Fund က ပေးပို့တဲ့ ၃၀၀၀၀၀ ယန်း နဲ့
Dust in the Wind ရဲ့ ညီမလေးက တဆင့် Ryokuen -Toshi Community Association Yokohama Japan ကလှူဒါန်းတဲ့ ၁၄၂၀၀ ယန်း ကိုလဲ ကျွန်မတို့ကတစ်ဆင့် ဆက်ကပ် လှူဒါန်းနိုင်ခဲ့ပါတယ်။

အဲဒီအချိန်က ဆရာတော်ကြီးဟာ နေ့လည်ပိုင်း တရားပွဲ တစ်ချိန်ပြီးတဲ့ အတွက် ဟော်တယ်ကို ပြန်ပြီး အနားယူတဲ့ အချိန်ဖြစ်ပါတယ်။

ဆရာတော်ကြီး ဟော်တယ်၌ အနားယူ သီတင်းသုံးနေစဉ်

သီတဂူဆရာတော်ကြီးရဲ့ တရားပွဲ


ညနေ ၆ နာရီခွဲ၊ Ikebukuro မှာ နောက်တစ်ကြိမ် ညနေပိုင်း တရားပွဲ ရှိပါတယ်။ အဲဒီတရားပွဲကို ကျွန်မတို့ သွားရောက်ပြီး တရားနာ ယူခဲ့ကြပါတယ်။
ဆရာတော်ကြီး ကနာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဘုန်းကြီးကျောင်းပေါင်း ၁၃၀၀ ကျော်ကို လိုအပ်တဲ့ တည်ဆောက်ရေး ပစ္စည်းတွေ လှူဒန်းခဲ့တဲ့ အကြောင်း၊ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသက ဆေးရုံတွေမှာ ဆေးရုံသုံးပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အကြောင်း နဲ့ ပြန်လည်ထူထောင်ရေးအတွက် အချိန်အတိုင်းအတာ တစ်ခုအထိ အကူအညီတွေဆက်လက်လိုအပ်နေသေးကြောင်း အစချီပြီး မိန့်ကြားပါတယ်။

ဒါန၊ သီလ တရားတွေထက် ၀ိပဿနာတရားတွေကို နာယူဖို့ ပိုမိုခုံမင်တဲ့ ကျွန်မဟာ ဒီတစ်ခါမှာတော့ ဆရာတော်ကြီး ဟောကြားသွားခဲ့တဲ့ တရားတော် ထဲက စကားလုံးလေးတွေဟာ လက်တွေ့ကျကျ ရှိလှတာကို သတိပြုမှတ်သားမိခဲ့ပါတယ်။

လုံးစေ့ပတ်စေ့ သေချာမမှတ်မိတော့ပေမဲ့ ဆရာတော်ကြီး မိန့်ကြားသွားတဲ့ ထဲက “ဂရုဏာ” ဆိုတဲ့ စာလုံးလေးကို မှတ်မိနေခဲ့ပါတယ်။ “ကရုဏာ” လို့ အသံထွက်ရပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ "Compassion in Action" တဲ့။

ဂရုဏာတရားထားတယ်ဆိုတဲ့ နေရာမှာ “သတ္တ၀ါများ ချမ်းသာကြပါစေ၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ” စသဖြင့် မေတ္တာဘာဝနာ ပွားများတဲ့ အလုပ်ဟာ အလွန်ကောင်းမွန်တဲ့ အလုပ် ဖြစ်သော်ငြားလည်း မေတ္တာကမ္မဌာန်း တရားပွားများနေရုံကာမျှဖြင့် မိမိတစ်ဦးတည်းသာလျှင် နတ်ပြည်၊ ဗြဟ္မာပြည် ရောက်နိုင်ကာ ချမ်းသာမှု ရချင်ရပါလိမ့်မယ်။ လက်တွေ့ကျတဲ့ ကယ်ဆယ်မှုတွေမရှိရင် ဘေးဒုက္ခရောက်နေသူများဟာ ချမ်းသာမှုရကြမှာ မဟုတ်ပါဘူး။
လူအချင်းချင်း ကရုဏာတရားထားပြီး ဒုက္ခရောက်နေကြသူ တွေကို လက်တွေ့ကျကျ ဆက်လက်ကူညီကြဖို့ တိုက်တွန်းသွားပါတယ်။

ဆရာတော်ကြီးရဲ့ ချီးမြှင့်ခဲ့တဲ့ တရားတော်ဟာ “လူအုပ်ကြားထဲမှာ ဆူးခက်ကြီး ကိုင်ဆွဲပြီးဝင်သွားသလို” ကျွန်မတို့ရဲ့ နှလုံးသားထဲမှာ စွဲငြိကျန်ရစ် နေခဲ့ပါတော့တယ်။

ဆရာတော်ကြီးဆီက လက်ခံရရှိခဲ့တဲ့ အလှူငွေဖြတ်ပိုင်းလေးပါ။
ဂျပန်ယဉ်ကျေးမှုထုံးစံအရ အလှူငွေထည့်ဝင် လှူဒါန်းခဲ့သူတွေဆီကို လက်လှမ်းမှီသရွေ့ ကျေးဇူးတင်လွှာများ ပေးပို့ခဲ့ကြပါတယ်။ အဲဒီကျေးဇူတင်လွှာမှာ အလှူငွေမည်မျှကောက်ခံရရှိခဲ့ကြောင်း၊ မည်သို့လှူဒါန်းခဲ့ကြောင်း အစရှိသဖြင့် ဂျပန်ဘာသာဖြင့် ရေးသားထားကာအလှူငွေလက်ခံဖြတ်ပိုင်း မိတ္တူပုံပါ တွဲပြီး ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အလှူခံတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တစ်ချို့ ဘလောခ်တွေမှာ အလှူခံတဲ့ သူတွေကို ဝေဖန်ရေးသားတာတွေ ရှိပေမဲ့ လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိတာပဲလေလို့ ပဲတွေးမိပါတယ်။ ပုထုဇဉ် လူသားတိုင်းဟာ မိမိတို့ ကြီးပြင်းကျင်လည်ခဲ့ရာ ပတ်ဝန်းကျင်ကိုလိုက်ပြီး ထင်မြင်ယူဆချက် အမျိုးမျိုး ရှိနေတတ်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူအများအတွက် လုပ်သင့်တဲ့ အလုပ်တစ်ခု၊ ကိုယ်လုပ်နိုင်တဲ့ အလုပ်တစ်ခုသာ
ဖြစ်နေခဲ့ရင် အများအကျိုးရှေးရှုပြီး မိမိရဲ့ အတ္တ၊ မာနတွေကို အသာဖယ်နိုင်သလောက်ဖယ၊် စိတ်ကောင်း စေတနာထား၊ အပြောမဟုတ် လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့ သာ အရေးကြီးတာ မဟုတ်ပါလားရှင်။

ဒီလိုနဲ့ ကျွန်မတို့ရဲ့ လေဘေးသင့်သူတွေ အတွက်ကူညီဖို့ အတူတကွလက်တွဲ လုပ်ဆောင်ခဲ့ကြတာဟာ အောင်မြင်စွာနဲ့ ပြီးဆုံးပြီး လှူဒါန်းပြီးမြောက်သွားပါပြီ။
ဒုက္ခရောက်သူတွေကို ကိုယ်ထိလက်ရောက် သွားရောက်ကူညီပေးနေကြသူတွေ နဲ့ ယှဉ်ရင် ကျွန်မတို့ရဲ့ ဆောင်ရွက်မှု ဟာဘာမှ မပြောလောက်ပါဘူး။
မိမိတို့ တတ်စွမ်းနိုင်သရွေ့ အဖက်ဖက်မှ လူအား၊ စိတ်အား၊ ငွေအားဖြင့် ပါဝင်ကူညီခဲ့သူတွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင်။
ကျွန်မရဲ့ Diary လေးကို ဖတ်မိသူတိုင်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ လို့မျှော်လင့်ရင်း....

No comments:

Posts with same label

Related Posts with Thumbnails