Saturday, June 26, 2010

သူတို့ အမှိုက်ပစ်တဲ့နည်း

စည်းကမ်းသည်လူ၏တန်ဖိုး ဆိုတဲ့ စကားပုံလေးကို ငယ်ငယ်ကတည်းက မှတ်သားဖူးပါတယ်။
အမှိုက်မပစ်ရ၊ ကွမ်းသွေးမထွေးရ။ ယဉ်မရပ်ရ။ စတဲ့ စတဲ့ စာတန်းလေးတွေကို ကျွန်မတို့ အမြဲတန်းတွေ့ဖူးကြပါတယ်။ အဲဒီလိုစည်းကမ်းသတ်မှတ်ချက်လေးတွေကို လူတစ်ဦးချင်း တစ်ယောက်ချင်းစီက လိုက်နာနိုင်ရမှာ ဖြစ်ပါတယ်။ သွားရင်းလာရင်း အမှိုက်လေးတစ်ချက်ပစ်တာ ဘယ်သူသိတာမှတ်လို့ ၊ ငါမပစ်လဲ သူများတွေ ပစ်နေကြတာပဲ လို့တွေးကြပြီးတော့ ပစ်လိုက်ကြတာနဲ့ အမှိုက်မပစ်ရဆိုတဲ့ နေရာမှာ အမှိုက်ပုံ ကြီးဖြစ်လာရတာပဲ မဟုတ်လား။

ဂျပန်မှာ နေရစဉ်ကာလအတွင်း ဂျပန်လူမျိုးတွေဆီက အတုယူစရာတွေ အများကြီးတွေ့ရပါတယ်။ အဲဒီထဲက ကျွန်မအကြိုက်ဆုံး ကတော့ သူတို့ တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ စည်းကမ်းရှိမှုပါပဲ။ ကျွန်မသဘောကျတဲ့ အချက်ကတော့ သူတို့နိုင်ငံရဲ့ အမှိုက်ပစ်နည်း စနစ်ပါပဲ။
အမှိုက်ပစ်ဖို့အတွက် သတ်မှတ်ထားတဲ့ အမှိုက်အိတ် ကိုဝယ်ရပါတယ်။ အမှိုက်အိတ် အမျိုးအစား (၂)မျိုးရှိတတယ်။ တစ်မျိုးက မီးရှို့လို့ရတဲ့ အမှိုက် (သို့မဟုတ်) မီးဖိုချောင်ထွက် အမှိုက်၊ စက္ကူစုတ်၊ တစ်ရှူးစတဲ့ household garbage တွေထည့်ရတာပါ။
နောက်တစ်မျိုးကတော့ ပလတ်စတစ်တွေပဲ ထည့်ပစ်ရတဲ့ အိတ်ပါ။ အိတ်ပေါ်မှာ ဂျပန်လို ကတကန နဲ့ Pura  (プラ)လို့ရေးထားပါတယ်။


အမှိုက်အိတ်(၂)မျိုး
(အစိမ်းရောင်က Household Garbage ထည့်ဖို့၊ အနီရောင်က ပလတ်စတစ် ထည့်ဖို့ )

သတ်မှတ်ထားတဲ့ အမှိုက်အိတ်နဲ့ မပစ်ပဲ ကြွတ်ကြွတ်အိတ်နဲ့ ပစ်မိရင် သူတို့ကအဲဒီအိတ်ကို သိမ်းမသွားပဲ စာကပ်ထားခဲ့ပါတယ်။ နောက်တော်တော်ကြာမှ သိမ်းတာပါ။
ဒီနေရာမှာ ပြောရအုန်းမယ်။ သူတို့ ဆီကပစ္စည်းလေးတွေတိုင်း မှာ ပလတ်စတစ်ဆို Pura (プラ), စာရွက်သားဆိုရင် kami (紙)၊ ပုလင်းဆိုရင် pet စသဖြင့် ထုတ်လုပ်ကတည်းက တံဆိပ်လေးတွေရိုက်ပြီးသားပါ။ ဒီတော့ သုံးစွဲပြီးလို့ လွှင့်ပစ်တော့မယ်ဆိုရင် အဲဒီတံဆိပ်လေးတွေကိုကြည့် အမျိုးအစားခွဲပြီး လွှင့်ပစ်ကြတာပါ။ ကောင်းလိုက်တဲ့ system ပဲနော်။ အောက်က ပုံလေး တွေမှာ တွေ့နိုင်ပါတယ်။



ဒီပုံကတော့ ကျွန်မနေတဲ့ အဆောင်နားက အမှိုက်ထည့်ရတဲ့ အိမ်လေးပါ။

ပစ်ရမဲ့ အမှိုက်အမျိုးအစားကိုလိုက်ပြီး နေ့ ကိုသတ်မှတ်ထားပါတယ်။  တရုတ်၊ အင်္ဂလိပ်၊ ကိုရီးယားဘာသာ တွေနဲ့ပါ ရေးပေးထားပါတယ်။ နေရာလိုက်ပြီး နေ့တော့ ကွာခြားမှာပေါ့။
ပစ်လို့မရတဲ့ အမှိုက်အမျိုးအစားတွေကိုလဲ ဖော်ပြထားသေးတယ်။ ဒါကတော့ ကျွန်မနေတဲ့ အဆောင်နားက အမှိုက်ပစ်ရတဲ့ နေ့တွေပါ။
အမှိုက်အိမ်လေးရဲ့ တံခါးမှာ ကပ်ထားပေးတာပါ။

မီးဖိုချောင်ထွက် ပစ္စည်း၊ စက္ကူစုတ်၊ တစ်ရှူး စတဲ့ household Garbage တွေကို အင်္ဂါနဲ့သောကြာနေ့။ ပလတ်စတစ်ကို ဗုဒဟူးနေ့။
ပုလင်း၊ ပလပ်စတစ်ပုလင်း တွေနဲ့ သံဗူးခွံတွေကို စနေနေ့ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။
ပုလင်းခွံတွေပစ်ရမဲ့ နေ့ဆိုရင် သောကြာနေ့ညနေထဲက ပုလင်းခွံတွေထည့်ဖို့ အ၀ါရောင်ခြင်းလေးတွေ လာချထားလေ့ရှိပါတယ်။

ကျွန်မလဲ အစကတော့ သူတို့ရဲ့ အမှိုက်ပစ်နည်းစနစ်တွေကို သိပ်နားမလည်ခဲ့ပါဘူး။ ကျွန်မမှတ်မိသလောက်ကတော့
၁။ ပလပ်စတစ်တွေပစ်မယ်ဆိုရင်လဲ ညစ်ပတ်နေရင် ရေဆေးပြီးမှ ပစ်ရမှာတဲ့။ ၂။ သတင်းစာ၊ စာအုပ်နဲ့ စာရွက်တွေကို လွှင့်ပစ်မယ်ဆိုရင် ကြိုးနဲ့ စည်းနှောင်ပြီးမှ ပစ်ရတယ်တဲ့။ တီဗွီအစီအစဉ် တစ်ခုမှာ ကြိုးချည်နည်း ဆိုတာတောင် ကြည့်ဖူးလိုက်သေးတယ်။
၃။ ပလတ်စတစ်ပုလင်းတွေဆိုရင်လည်း ပုလင်း အဖုံး နဲ့ ပုလင်းမှာ ကပ်ထားတဲ့ တံဆိပ်က ပလတ်စတစ်ဖြစ်တဲ့အတွက် Pura ထဲကိုထည့်ပြီး ဗူးခွံလေးတွေချည်း သပ်သပ် လွှင့်ပစ်ရပါတယ်။ တစ်ချို့နေရာတွေမှာတော့ တံဆိပ်ခွာထားတဲ့ ဗူးခွံလေးတွေ ကိုစနစ်တကျ ခြင်းလေးတွေထဲမှာ ထည့်ထားတာ မြင်ဖူးပါတယ်။ (ကျွန်မနေတဲ့ နေရာကတော့ ကျောင်းသား အများစု နေတဲ့ နေရာဖြစ်လို့လားမသိ။ ပုံထဲမှာ မြင်ရတဲ့အတိုင်း အဖုံးလဲမချွတ်၊ တံဆိပ်လဲ ခွာမထားကြဘူးနော်။ )
၎။  နောက်ပြီး စက္ကူကဒ်ပုံး တွေဆိုရင်လည်း ကဒ်ပုံးကို ဖြန့် ၊ ပြားအောင်လုပ်ပြီးမှ ကြိုးချည်ပြီး ပစ်ရတယ်တဲ့။ အချိုရည် ကဒ်ပုံးနဲ့ နွားနို့ ကဒ်ပုံးခွံတွေ ကိုလည်း ဒီတိုင်း လွှင့်မပစ်သင့်ဘူး။ ရေဆေး၊ ပြားအောင်လုပ်၊ အဲဒီ ကဒ်ပြားလေးတွေကို စုထား ၊ တတ်နိုင်ရင် Super ကို ဈေးဝယ်သွားတဲ့ အခါ ယူသွားရမယ်တဲ့ ။

ဒီကတစ်ချို့ Super တွေရဲ့ ရှေ့မှာ အဲဒီ ကဒ်ပြားလေးတွေ ထည့်ဖို့ အမှိုက်ပုံးရှိတယ်။ တတ်နိုင်ရင် အဲဒီမှာ သွားထည့်သင့်တယ်လို့ သိရပါတယ်။ ဒါမှ မဟုတ်ရင်လည်း ကဒ်ပြားလေးတွေကို စု၊ ကြိုးနဲ့ စည်းပြီး စနစ်တကျလွှင့်ပစ်သင်ပါတယ်တဲ့။

                              
    Super ရှေ့က ကဒ်ပြားထည့်ရတဲ့ အမှိုက်ပုံး
ဘယ်ဘက်က နို့ဗူး၊ အအေးဗူး စတဲ့ စက္ကူဗူးခွံတွေပစ်ဖို့နဲ့ ညာဘက်က အသားငါးထည့်ထားတဲ့ ပလပ်စတစ်ဗူးခွံတွေ ပစ်ဖို့ ဖြစ်ပါတယ်။

အောက်က ပုံ(၂)ပုံက အမှိုက်ပုံးပေါ် မှာရေးထားတဲ့ စာတွေပါ။   

 
ရေဆေး အခြောက်ခံပြီးမှ ယူလာပါ                             စက္ကူဗူးခွံများကို ရေဆေး၊ ဖြန့်ထား အခြောက်ခံ၊ 
                                      ခေါက်ပြီးယူလာပါ၊ 
ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ပါသည် တဲ့။


ဒီပုံကတော့ ကျွန်မတို့ကျောင်းမှာ ထားတဲ့ အမှိုက်ပုံးတွေပါ။
အမှိုက်ပုံးမှာ ပစ်ရမဲ့ အမျိုးအစား ကိုစာကပ်ထားတယ်။ 
(၀ဲမှယာ- ပုလင်း၊ သံဗူးခွံ၊ ပလတ်စတစ်၊ household garbage)
နေရာတိုင်းမှာ ဒီလိုမျိုး အမှိုက်ပုံးတွေရှိပါတယ်။ 


သူတို့ ဂျပန်လူမျိုးတွေ အားလုံးလဲ ဒီလိုစည်းကမ်းတွေကို လိုက်နာပြီးလုပ်ကြတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အများစုကတော့ လိုက်နာကြပါတယ်။ များသောအားဖြင့် ကျွန်မတို့ နိုင်ငံခြားသားတွေဟာ သူတို့ ရဲ့ အမှိုက်ပစ်နည်းစနစ်ကို နားမလည်ကြသလို မလိုက်နာကြသူတွေလဲ အများကြီးပါ။ ဘာလို့လဲ ဆိုတော့ ကျောင်းကရတဲ့ အဆောင်မှာ နေတုန်းကဆိုရင်၊ နိုင်ငံခြားသားကျောင်းသားတွေချည်းပဲ ဆိုတော့ အဆောင်က အမှိုက်ပုံမှာ စည်းကမ်းမလိုက်နာပဲ စွန့်ပစ်ခဲ့ကြတာ ကျွန်မအပါအ၀င်ပေါ့။ အမှိုက်သိမ်းတဲ့သူတွေတော့ တော်တော်စိတ်ညစ်မှာပဲနော်။ :D

ကျောင်းကအဆောင်ကတစ်နှစ်ပဲ နေခွင့်ရလို့ အပြင်မှာ ကိုယ့်ဘာသာကိုယ်အခန်းငှားနေရတော့ သူတို့ရဲ့ စည်းကမ်းတွေကို မလိုက်နာလို့ မဖြစ်တော့ပါဘူး။ ကျွန်မကတော့ သူတို့ရဲ့ စနစ်တကျရှိလှတဲ့ အမှိုက်ပစ်နည်း  ကိုတစ်ကယ့်ကို သဘောကျမိပါတယ်ရှင်။ ဒါကြောင့်မိုလို့လဲ သူတို့နိုင်ငံက သပ်ရပ်သန့်ရှင်းမှု မြင့်မားတာပဲလေ။ သန့်ရှင်းလှပတဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်ဖို့ စည်းကမ်းရှိရှိ အမှိုက်ပစ်ကြပါစို့လားရှင်။


4 comments:

khin oo may said...

တော်တော်အလုပ်ရှုပ်တာဘဲ ရေဘိုးကုန်တယ်။ အချိန်ကုန်တယ်။

Anonymous said...

ကဲ ဒါဆို ပျော်ပျော်ပါးပါး အမှိုက်သိမ်းစို့လား...း)))
တို့တော့ မနက်စောစောမထနိုင်တဲ့နေ့တွေ အမှိုက်သိမ်းတဲ့အချိန်မမှီလို့ မပစ်ရလို့ အခန်းထဲမှာ ထားရင်းထားရင်း ကိုယ့်အခန်းကကို အမှိုက်ပုံနဲ့ တူလာသလိုပဲ..;)

အေးကွာ တရုတ်လို ဂျပန်လို ကိုရီးယားလို အင်္ဂလိပ်လို စာကပ်ရဲ့သားနဲ့ မြန်မာလိုမကပ်တာကတော့ သူတို့ကို ကွန်ပလိန်းတက်သင့်တယ်..နော

ချော(အစိမ်းရောင်လွင်ပြင်) said...

အလုပ်တော့ ရှုပ်သား
ဒါပေမဲ့ အတုယူစရာ အကျင့်ကောင်းလေးတွေဘဲနော်
ဒီလို စည်းကမ်းဖြစ်လာဖို့ဆိုတာ
ကိုယ်တို့တွေဆီမှာတော့ နှစ်ပေါင်းများစွာ စောင့်ရဦးမယ် ထင်ပါရဲ့
ဗဟုသုတ ရစေတဲ့ဒီပိုစ့်လေးအတွက်ကျေးဇူး..

Meengelay said...

ဟုတ်ပါ့ အလုပ်တော့ ရှုပ်တယ်။ ကျနော် လဲ အစက ပစ်ချင်သလိုပစ်ခဲ့ပေမဲ့ သူတို့ရဲ့ စည်းကမ်းကို လိုက်နာပြီး လုပ်ကြည့်တော့ နောက်တော့ လဲအကျင့်ပါသွားတယ်။ သိပ်အလုပ်ရှုပ်တယ်လို့ မထင်တော့ဘူး :D
များသောအားဖြင့် အလုပ်အားနေတဲ့ အသက်ကြီးပိုင်း အဘွားကြီးတွေနဲ့ တစ်ချို့ အိမ်ရှင်မတွေပဲ ၁၀၀% လိုက်နာကြမယ် ထင်ပါတယ်။
မခင်ဦးမေ၊ လသာညနဲ့ ချော ရေ.... ကျေးဇူးပဲနော်။ အာရိဂတော။။

Posts with same label

Related Posts with Thumbnails