မီးငယ်လေးရေ....
မေမေ နေ့တိုင်း မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတွေကိုနာရင်းကနေ အတွေးတစ်ခုဖြစ်မိတယ်။ ကိစ္စများမြောင် လူတို့ဘောင်ဆိုတဲ့ ဆိုရိုးစကားလိုပဲ။ မေမေတို့လူတွေမှာ လူ့ဘ၀ကို ရပြီးကတည်းက စားဝတ်နေရေး အတွက် အချိန်တွေဖြုန်းနေရတယ်။ ပညာသင်နေရတာလဲ စားဝတ်နေရေးအတွက်ပါပဲ။ လောကီဘ၀ထဲကနေ လောကုတ္တရာဘ၀ထဲကို ခြေချနေကြတဲ့ သံယာတော်အရှင်သူမြတ် တွေလဲ စားဝတ်နေရေးအတွက်တော့ ရုန်းကန်နေကြရသေးတာပဲ။ မေမေလဲ အသက်၆၀ အထိ ရုန်းကန်းခဲ့ရတာပဲ။ ဒါတောင် အသက်၆၀ပြည့်ရင် နိုင်ငံတော်တာဝန်ထမ်းဆောင်ခြင်းမှ နားလို့ရပြီလို့ သတ်မှတ်လိုက်လို့ကိုး။ ဒါတောင် တစ်ချို့လူတွေမှာတော့ နားပါ ဆိုတာတောင် မနားနိုင်ကြပါဘူး။ (စားဝတ်နေရေးချို့တဲ့သူတွေကတော့ ဘ၀ကို ဆက်ပြီး တစ်နည်းနည်းနဲ့ ရုန်းကန်ရတာကိုတော့ မပြောလိုပါဘူး။ စားဝတ်နေရေးပြည့်စုံလျက်နဲ့ လောဘ မသတ်နိုင်သူတွေကိုသာ ဆိုလိုပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ လောဘရှိနေတယ်လို့လဲ မသိကြပါဘူး။)
အခုမှ နားခွင့်ပေးလိုက်တဲ့ နိုင်ငံတော် ဥပဒေကို အရမ်းကျေးဇူးတင်မိတယ်။ အသက် ၆၀ အထိ သင်သည် စားဝတ်နေရေး၊ သားရေး၊ သမီးရေး ၊ အိမ်ထောင်ရေး များအတွက် တရားသော နည်းလမ်းဖြင့် ဖြစ်စေ၊ မတရားသော နည်းလမ်းဖြင့်ဖြစ်စေ၊ ပူလောင်သောကိလေသာများဖြင့် လောဘ၊ မောဟ၊ မာန၊ က္ကုသရိယတို့ဖြင့် အချိန်ကုန်ခဲ့ပြီး ဖြစ်သည်။ သင်၏ ကံတရားက သင့်ကို အသက်၆၀ အထိ အသက်ရှင်ခွင့် ပေးခဲ့သည်။ နောက်ထပ်နှစ်ပေါင်းမည်မျှ အသက်ရှင်ခွင့်ရမည် ကိုမသိနိုင်သေး။ သို့ဖြစ်၍ ကျန်ရှိသော သက်တမ်းတွင် “ကိလေသာငြိမ်း လောင်စာသိမ်း”သော (“ကိလေသာငြိမ်း လောင်စာသိမ်း” ဆိုတဲ့ စကား အဓိပ္ပာယ်ကို နောက်ပိုင်းမှာ ရှင်းပြပါမယ်။) အလုပ်များကို တစိုက်မတ်မတ်လုပ်ပါတော့ ဆိုတဲ့ အမိန့်စာ ရခဲ့သလိုပါပဲ။
အဲဒီလို အမိန့်စာရခဲ့တဲ့ မေမေဟာ ထပ်ပြီး စဉ်းစားမိပြန်တယ်။ အသက် ၆၀ အထိ ကုန်ခဲ့တဲ့ အချိန်တွေ အတွင်းမှာ တစ်ခါတစ်ရံ မျက်စေ့လည်ပြီး ရိပ်သာတွေရောက်ခဲ့တဲ့ မပြောစလောက် အချိန်လေးကလွဲလို့ (စုစုပေါင်းဆိုရင် သုံးလေးလလောက်ပဲ ဆိုပါတော့) တရားတော်ကို နှလုံးသွင်းခဲ့တဲ့ အချိန်ဆိုတာ မရှိသလောက်ပါပဲ။ မေမေ့ရဲ့ သားသမီးတွေလဲ မေမေ့လိုဖြစ်မှာ မလိုလားပါဘူး။ (ဒါပေမဲ့ မေမေ့ရဲ့ သားသမီး ၄ ယောက်လုံးဟာ တရားတော်ကို လေ့လာလိုက်စားလိုသူများ ဖြစ်ကြပြီး အခုရောက်ရှိနေတဲ့ အသက်အရွယ်မှာ မေမေ့ထက် “အသိ” သာသူများဖြစ်ကြတယ်လို့ မေမေ ခံယူထားပါတယ်) အခုအချိန်မှာ မေမေဟာ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ အမရပူရမြို့ မင်္ဂလာရိပ်သာ တိုက်ကျောင်းကြီးကို နေ့တိုင်းရောက်နေသလို ခံစားရတယ်။ တကာကြွယ်တို့၊ တကာသစ်တို့ နဲ့ အတူတကွ တရားနာနေရသလိုပါပဲ။ အဲဒီလိုအခါမှာ ဆရာတော်ဘုရားကြီးရဲ့ တရားအရသာတွေကို မေမေတစ်ယောက်ထဲ မခံစားလိုပဲ သားသမီးတွေကို ခွဲဝေပေးချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေမိတယ်။ မီးငယ်လေးဟာ တစ်ရပ်တစ်ကျေးမှာ ပညာရေးအတွက် လုံးပမ်းနေရတယ်။ တစ်ခါတစ်ရံမှသာ တရားသံလေးတွေကို ပူဇော်နိုင်တယ်၊ နှလုံးသွင်းနိုင်တယ်။ အရင်တုံးကတော့ မေမေ့ အတွေ့အကြုံတွေ၊ မေမေ့အတွေးတွေကို မီးမီးဆီကို ရေးပို့ခဲ့ပေမဲ့ အခုတော့ မေမေ့မှာ ထူးထူးထွေထွေ ရေးစရာအတွေ့အကြုံမရှိတော့ မေမေနာနေရတဲ့ တရားတော်တွေထဲက မီးမီးကို သိစေချင်တဲ့ ကောက်နုတ်ချက်လေးတွေကို ရေးပြီး ပို့ရရင်ကောင်းမယ်ဆိုတဲ့ အကြံဖြစ်မိတယ်။ ဒီလိုဆိုတော့ မေမေရေးတဲ့ စာတွေကိုလဲဖတ်ရ၊ တရားတော်တွေထဲက မသိမဖြစ်တဲ့ အကြောင်းအရာတွေကိုလဲ အထူးလေ့လာစရာ မလိုတော့ပဲ မေမေ့စာတွေဖတ်ရင်းကနေ သိသွားတဲ့ အကျိုးတရားတွေ အများကြီး ရနိုင်တာပေါ့။
ဆရာတော် ဦးဇ၀န(မေတ္တာရှင် ရွှေပြည်သာ)ရဲ့ တရားတစ်ပုဒ်ထဲမှာ ဗိမ္မသာရမင်းကြီးနဲ့ အနာထပိဏ် သဌေးကြီး နှစ်ဦးကို နှိုင်းယဉ်ပြထားတယ်။ ဗိမ္မသာရ မင်းကြီးဟာ ကိုယ်တိုင် သောတာပန်ဖြစ်သော်လည်းမိမိသားတော် အာဇာတသတ်ကို တရားဓမ္မအမွေ မပေးတတ်ခဲ့လို့ ကိုယ်တိုင်လည်း အသေဆိုးနဲ့ သေခဲ့ရတယ်။ သားတော်လည်း ငရဲကျတဲ့ အဖြစ်ရောက်ရတယ်။ အနာထပိဏ် သဌေးကြီးကမေတာ့ တရားအမွေပေးတတ်လို့ သားသမီး ၃ ယောက်လုံးလဲ သောတာပန် (တစ်ယောက်က သကတာဂဏ်) ဖြစ်တယ်။ အငယ်ဆုံးသားက အရက်သမား လူဆိုးဖြစ်နေတာကို နေ့စဉ် မုန့်ဘိုးပေးပြီး ဘုရားကျောင်းတော်ကို သွားခိုင်းတယ်။ ဥပါယ်တံမည် နဲ့ သိမ်းသွင်းခဲ့တာ နောက်တော့ သောတာပန်ဖြစ်သွားတယ်။
ဒါကြောင့် မိဘတွေဟာ တရာအမွေ ပေးတတ်ဖို့ လိုတယ်တဲ့။ အခုခေတ်မှာ မိမိသားသမီးကို လောကီအမွေတွေသာ တွန်းထိုးပေးနေကြတယ် လို့ ဟောပြထားပါတယ်။
ဒါကြောင့် မေမေလဲ တတ်စွမ်းနိုင်သမျှ တရားအမွေလေးတွေ စုဆောင်းမျှဝေဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ရှေ့ဆက်ပြီး စိတ်ဝင်စားစွာ ဖတ်ကြားမှတ်သားနိုင်ပါစေ။
(စာလုံးပေါင်းအမှား သီးခံပါရှင့်)
ဆက်ရန်.......