Friday, December 11, 2009

နားလည်ခံစားမှုဖြင့် ဘာသာပြန်ခြင်း။

ဘာသာပြန်တယ် ဆိုတာ မိမိရဲ့ မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာတစ်ခုကို မိမိရဲ့မိခင်ဘာသာနဲ့ အများသူငါ နားလည်အောင် ပြန်ဆိုခြင်း အလုပ်ဆိုတာ လူတိုင်း သိပြီးသားဖြစ်ပါတယ်။ ဥပမာ.. အင်္ဂလိပ်ဘာသာ ကနေ မြန်မာဘာသာသို့ အကြောင်းအရာတစ်ခုကို ပြန်ဆိုပြီဆိုပါစို့။ ဘာသာပြန်သူဟာ အင်္ဂလိပ်ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ပဲ ကျွမ်းကျင်မှုရှိပါစေ။ အဲဒီဘာသာပြန်ချင်တဲ့ ဘာသာရပ် သို့မဟုတ် အကြောင်းအရာ တစ်ခုကို နားလည်ခံစားနိုင်မှု မရှိရင် မြန်မာဘာသာသို့ ဘာသာပြန်ဆိုရာမှာ စာဖတ်သူနားလည်နိုင်အောင် ပြန်ဆိုခြင်း ရှိနိုင်မှာ မဟုတ်ပါဘူး။

ဥပမာ ထပ်ပေးရမယ်ဆိုရင် ရူပဗေဒဘာသာရပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုကို ရူပဗေဒဘာသာရဲ့ သီအိုရီတွေ၊ concepts တွေကို နားမလည်ပဲ ဘာသာပြန်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ နားလည်ခံစားနိုင်မှု မရှိပဲ ၀တ္တုတစ်ပုဒ်ကို ဘာသာပြန်တယ်ဆိုရင်လဲ ဖတ်လို့ ကောင်းတဲ့ ဘာသာပြန်ဝတ္တုတစ်ပုဒ် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

အဲဒီလိုပဲ တစ်ဖက်က ပြန်ပြောရမယ်ဆိုရင် အင်္ဂလိပ်ဘာသာရပ်ကို အလွန်ကျွမ်းကျင်သူစာဖတ်သူတစ်ဦး ဟာအင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ မိမိအနေနဲ့ မကျွမ်းဝင် မရင်းနှီးတဲ့ ဘာသာရပ်တစ်ခုကို ဖတ်ပြီး အပြည့်အ၀ နားလည်မှု ရနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတဲ့ မိမိနဲ့ မလေ့လာဖူးတဲ့ အကြောင်းအရာတွေ များစွာ ပါဝင်နေပြီး နားလည်မှု လွဲမှားတဲ့ အဖြစ်မျိုးတောင် ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော် တစ်ခုစဉ်းစားမိတယ်။ ဂျပန်က ကျောင်းသားတွေဟာ ဘာသာရပ်တစ်ခုကို လေ့လာရာမှာ ကျွန်တော်တို့တွေထက် နားလည်မှု ပိုမိုမြင့်မားကြတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ Text books စာအုပ် တွေ၊ ဂျာနယ်တွေ ဟာ သူတို့ ဂျပန်ဘာသာနဲ့ အကုန်ထုတ်ဝေထားတာ ရှိတယ်။ ဂျပန်ကျောင်းသားအများစုဟာ အင်္ဂလိပ်စာ ညံ့တယ်လို့ ပြောလို့ ရပေမဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး နာလည်မှုစွမ်းရည် မြင့်မားကြတယ်။

အခြားဘာသာတစ်ခုကို ဘယ်လောက် ကျွမ်းကျင်နေပါစေ။ မိမိရဲ့ မိခင်ဘာသာနဲ့ ရေးထားတဲ့ စာလောက် နားလည် ခံစားနိုင်မှု မရှိဘူးလို့ ထင်ပါတယ်။

ဘလော့မှာ ၀ါသနာအရ စာမရေးတတ် ရေးတတ်နဲ့ စာရေးနေတယ် ဆိုပေမဲ့ စာဖတ်သူ ဆိုတာလဲ အမျိုးမျိုး ရှိတာကြောင့် မိမိနားလည် ခံစားလိုက်တဲ့ အကြောင်းအရာ တစ်ခု ကို စေတနာနဲ့ မျှဝေပေးခြင်း သာဖြစ်ပါတယ်။
စာရေးသူတစ်ယောက်မှာ စာဖတ်သူအတွက် စေတနာ ထားဖို့ အရေးကြီးတယ်ဆိုတယ် စာရေးသူ နဲ့ စာဖတ်သူ အားလုံး နားလည်ပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။

လာရောက်ဖတ်ရှုသူအားလုံးအား အထူးလေးစား ကျေးဇူးတင်လျှက်ပါ။

Posts with same label

Related Posts with Thumbnails