လူ့ဘောင်လောက အတွင်းမှ လူသားများသည် တစ်ဦးနှင့်တစ်ဦး အကျင့်စရိုက် ကွဲပြားကြသည်။ အချို့မှာ မိမိတို့ လုပ်ငန်းဆောင်တာ ဗာဟီရ ကိစ္စအ၀၀အတွက် ကြိုတင်ပြင်ဆင်သော အကျင့်စရိုက်ရှိသည်။ အချို့မှာ ဒီကွေ့ရောက် ဒီတက်နှင့်လှော်၊ ဟိုကွေ့ရောက် ဟိုတက်နှင့်လှော် ဆိုသလို အလိုက်သင့် လုပ်ဆောင်တတ်သော အကျင့်စရိုက်ရှိကြသည်။
ကျွန်ုပ်ကိုယ်ကျွန်ုပ် ဆန်းစစ်ကြည့်ရာတွင် ပထမအမျိုးအစားတွင် ပါဝင်ကြောင်းတွေ့ရသည်။ ညစဉ်အိပ်ရာတွင်း ရောက်ချိန်၌ နောက်တစ်နေ့လုပ်ဆောင်ရမည့် ကိစ္စများကို စိတ်တွင်းမှ ကြိုတင်ပြင်ဆင်ခြင်းကို အမြဲလုပ်ဆောင်လေ့ ရှိသကဲ့သို့ တစ်ခါတစ်ရံတွင် လုပ်ဆောင်ရမည့်ကိစ္စများကို စာဖြင့် ရေးချထားပြီး ပြီးစီးသွားသော ကိစ္စများကို အမှတ်ခြစ်ထားခြင်း စသည်တို့ကိုလည်း လုပ်ဆောင်လေ့ရှိပါသည်။
ယခုအခါတွင် ကျွန်ုပ်မှာ လုပ်ငန်းတာဝန်မှ အနားယူပြီး မူလအိမ်ရှင်မတာဝန်ကို ပြန်လည်ထမ်းဆောင်နေရသူ ဖြစ်ပါသည်။ သို့ရာတွင် ကျွန်ုပ်၏ ကြိုတင်ပြင်ဆင်ခြင်း အလေ့အထမှာ ပျောက်ကွယ်သွားခြင်း မရှိသေးပါ။ သာမန်အိမ်မှု ကိစ္စများ၊ ဈေးဝယ်ရမည့်ကိစ္စများ၊ ဟင်းလျာချက်ပြုတ်ရမည့် ကိစ္စများ ကိုလုပ်ငန်းခွင်တွင် ရှိစဉ်က မိမိတာဝန်များကို စနစ်တကျ ပြီးစီးရန် ကြိုတင်ပြင်ဆင်သည့်နည်းတူ ယခုလည်း ကြိုတင်ပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။
ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိနေစဉ်မှာပင် ကျွန်ုပ်ကိုယ်ကျွန်ုပ် သတိမမူဘဲ ”ပြင်ဆင်ခြင်း” ကိစ္စတစ်ခုကို အလေးထား အပါတ်တကုတ် ကြိုးစားပြုလုပ်နေမှု ကိုသိရှိလာရပါသည်။ ကျွန်ုပ်ပြုလုပ်နေသော ပြင်ဆင်ခြင်း ကိစ္စမှာ ကျွန်ုပ်ဘ၀အတွက် အရေးကြီးဆုံး ကိစ္စတစ်ရပ် ဖြစ်နေကြောင်းလဲ သတိပြုမိလာပါသည်။ အသက်အပိုင်း အခြားအားဖြင့် (၆၀) ကျော်၍ တတိယအရွယ်သို့ ၀င်ရောက်လာပြီးဖြစ်သော ကျွန်ုပ်အတွက် အရေးကြီးဆုံး ပြင်ဆင်ရမည့် ကိစ္စမှာ ”သေခြင်းကို အကောင်းဆုံးနည်းဖြင့် ရင်ဆိုင်ရန်” အစွမ်းကုန် ပြင်ဆင်ရမည့် ကိစ္စသာ ဖြစ်ပါသည်။
ဆရာဝန်တစ်ဦး ဖြစ်သော ကျွန်ုပ်အနေဖြင့် မိမိမျက်မှောက်တွင် အနည်းနည်းအဖုံဖုံဖြင့် လူ့လောကမှ ထွက်ခွာသွားသူတို့ကို ကြုံဆုံခဲ့ရပေါင်း မနည်းပါ။ အချို့လည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားကြသည်။ အချို့လည်း ပင်ပန်းကြီးစွာ ရင်ဆိုင်ကြရသည်။ ရှင်တော်မြတ်စွာဘုရား၏ ဒေသနာ အရ -
- မိမိသေရမည့် အချိန်ကို မည်သူမှ မသိကြပါ။
- မိမိ မည်သည့်ရောဂါဖြင့် သေရမည်ကို မည်သူမှ မသိကြပါ။
- မိမိ မည်သည့် သုသာန်တွင် ခေါင်းချရမည် ကို မသိကြပါ။
- သေပြီးနောက် လားရမည့် ဂတိကို မသိကြပါ။
တစ်ခုသော သင်္ကြန်ကာလတွင် ကျွန်ုပ်၏ သမီးကြီးက လမ်းစတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျွန်ုပ်အား ထိုလမ်းသို့ ပို့ဆောင်ခဲ့ပါသည်။ ကျွန်ုပ်၏ ၀ိပဿနာလမ်းကို အစပျိုးခဲ့သူမှာ ကျွန်ုပ်၏ သမီးကြီးပင် ဖြစ်ပါသည်။ သင်္ကြန်ကာလ ရောက်တိုင်း ထိုလမ်းအတိုင်း ၅ နှစ်ခန့် ၀ိပဿနာတရားကို မြည်းစမ်းခဲ့ရပါသည်။ သို့ရာတွင် ရေရရာရာ သဘောပေါက် နားလည်မှု မရခဲ့ပါ။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောစဉ်တရားစာအုပ်များ နှင့် တိတ်ခွေအချို့ ကိုစုဆောင်းမိခဲ့ပါသည်။ (ယခုအချိန်တွင် ၄င်းစာအုပ်များမှာ ကျွန်ုပ်အတွက် လွန်စွာ အားထားရသော၊ လွန်စွာ တန်ဘိုးရှိသော စာအုပ်များဖြစ်ပါသည်။)
လုပ်ငန်းခွင် အတွင်းမှာပင် တစ်နှစ်လျှင် (၁၅)ရက်၊ ရက်(၂၀) ခန့် တရားရိပ်သာသို့ ၀င်ရောက်အားထုတ်မှု ရှိခဲ့ပါသည်။ ရိပ်သာမှာ ဆရာတော်ဘုန်းကြီးများ ညွှန်ပြသည့်အတိုင်း လိုက်နာ၍ အပါတ်တကုတ် ကြိုးပမ်းအားထုတ်ခဲ့သော်လည်း ရေရေရာရာ သဘောပေါက်နားလည်မှု မရှိခဲ့ပါ။ ၀ိပဿနာတရား အားထုတ်ခြင်းဟူသော အားကြီးသော အထောက်အပံ့ကြောင့် သေခြင်းတရားကို မည်ကဲ့သို့ ရင်ဆိုင်နိုင်သည် ဆိုသည့်အချက် သာလျှင်သဘောပေါက်ခဲ့သည်။ သို့ရာတွင် ၀န်ထမ်းဘ၀၏ ကြီးလေးသော တာဝန်များကို အတိမ်းအစောင်း မခံပဲ အာရုံနှစ်သွင်းနေရချိန်တွင် ၀ိပဿနာ၏ သဘောသဘာဝကို အပြည့်အ၀ ခံယူနိုင်ခြင်း မရှိခဲ့ပါ။ ကျွန်ုပ်ရှေ့တွင် ဖော်ပြသကဲ့သို့ သေခြင်းကိုရင်ဆိုင်နိုင်ရန် အတွက် “ပြင်ဆင်မှု” ကိစ္စများကိုလည်း ရှေ့တန်းတင်နိုင်ခြင်း မရှိခဲ့ပါ။ လုပ်ငန်းခွင်မှ အနားယူခါနီးချိန်တွင် ကျွန်ုပ်တွင် အတွေးတစ်ခု ၀င်ရောက်နေရာ ယူခဲ့သည်။ ကျွန်ုပ်၏ အလုပ်တာဝန်များ ပြီးဆုံး အနားယူချိန်တွင် ကျွန်ုပ်အနေဖြင့် တစ်ခုတည်းသော အာရုံနှစ်ဝင် လုပ်ရမည့် အလုပ်ပင်ဖြစ်ကြောင်း မနောအာရုံတွင် ဖြစ်ပေါ်ခဲ့သည်။
လုပ်ငန်းတာဝန်မှ အနားယူပြီးချိန်တွင် ကြီးလေးသော တာဝန်များနှင့် လမ်းခွဲရခြင်းသည် ကြီးမားသော ၀န်ထုပ်ဝန်ပိုးများကို မနိုင်မနင်း ပင်ပန်းကြီးစွာ သယ်ယူခဲ့ရပြီး ပစ်ချခဲ့ရသဖြင့် လွတ်လပ်ပေါ့ပါးသွားသူ တစ်ဦးကဲ့သို့ ခံစားမှုများ ဖြစ်ခဲ့သည်။ ပေါ့ပါးခြင်း၏ အရသာကို ထူးခြားစွာ ခံစားရခဲ့သည်။ မိမိဘ၀အတွက် လုပ်ဆောင်ရမည့် ကိစ္စများကိုလဲ အေးဆေးစွာ တွေးတောစီမံနိုင်ခဲ့သည်။
ကျွန်ုပ်၏ မိသားစုတွင် မိခင်၊ ဖခင်၊ အစ်မလတ် နှင့် အစ်ကို တို့ ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့ကြပြီ ဖြစ်သည်။ ထိုပုဂ္ဂိုလ်များ၏ “နောက်ဆုံးချိန်” များကို ကျွန်ုပ် ပြန်လည်ဆန်းစစ် ကြည့်မိသည်။ ကျွန်ုပ်၏ ဖခင်ကြီးမှာ ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်သည်။ ဘုရားသခင်ကို နှစ်နှစ်ကာကာ ယုံကြည်သူတော့ မဟုတ်လှပါ။ မိခင်ကြီး ကိုးကွယ်သော ဗုဒ္ဓအယူဝါဒ ကိုလည်း ပစ်ပစ်ခါခါ လုပ်သူလည်း မဟုတ်ပါ။ ဖခင်ကြီးသည် အသက် (၆၈) နှစ် အရွယ်တွင် အသည်းရောဂါ ဖြင့်ကွယ်လွန်ခဲ့သည်။ သေခြင်းတရာကို ရင်ဆိုင်ရန် “ပြင်ဆင်ခြင်း” ကိစ္စများ ရှိခဲ့ဟန် မတူပါ။ ခရစ်ယာန်ဘာသာ၏ အယူဝါဒ အရ ဘုရားသခင်၏ ရင်ခွင်တွင် ငြိမ်းချမ်းစွာ ခိုလှုံရမည် ဟုသာ သိထားခဲ့ပါလိမ့်မည်။ ဝေဒနာကိုပြင်းထန်စွာ ခံစားရင်း ကွယ်လွန်ခဲ့ရှာသည်။ ကျွန်ုပ်တို့ မိသားစုမှ ဒုတိယ ကွယ်လွန်ခဲ့သူမှာ ကျွန်ုပ်၏ တစ်ဦးတည်းသော အစ်ကိုဖြစ်သည်။ ယိုဒယားမြန်မာ နယ်စပ်တွင် နေထိုင်ခဲ့ပြီး ဥပစ္ဆေဒကံကြောင့် သေဆုံးခဲ့ရကြောင်း သိခဲ့ရသည်။ တစ်ဦးနှင့် တစ်ဦးအချင်းများရာမှ သေနတ်ဒဏ်ရာရကာ သေဆုံးခဲ့ရသည်ဟု ၄င်း၏ မိတ်ဆွေများနှင့် မိသားစုက သတင်းပို့၍ သိခဲ့ရသည်။ ဒေါသဖြင့် သေဆုံးခဲ့ရသည်မှာ သိသာလှသည်။ ဗုဒ္ဓ၏ ဒေသနာတော်အရ ဒေါသဖြင့် သေဆုံးလျှင် အပါယ်လေးဘုံ သို့သာရောက်မည် မှာမလွဲပါ။ တတိယမြောက် ကွယ်လွန်ခဲ့သူမှာ ကျွန်ုပ်၏ အစ်မလတ် ဖြစ်သည်။ အစ်မလတ်မှာ ရင်ကြပ်ပန်းနာ ရောဂါနှင့် နှလုံးရောဂါ ခံစားနေရသူဖြစ်သဖြင့် သူမဘာသာလည်း အချိန်မရွေး သေဆုံးနိုင်ကြောင်း သိထားသူ ဖြစ်သည်။ သူမသည် သေဆုံးခြင်း ကိုရင်ဆိုင်နိုင်ရန် “ပြင်ဆင်ခြင်း” ကို လုပ်ဆောင်ခဲ့ပါသည်။ သို့ရာတွင် သူမ၏ ကျန်းမာရေး အခြေနေအရ ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။ သူမမကွယ်လွန်မီ နွေရာသီကျောင်းပိတ်ရက် တွင် (သူမမှာ ကျောင်းဆရာမ တစ်ဦး ဖြစ်ခဲ့သဖြင့် ကျွန်ုပ်၏ သားသမီးများကို သံယောဇဉ်ကြီးစွာ တွယ်တာခဲ့ပြီး စာပေသင်ကြားခြင်းကို နေ့တစ်ဓူဝ လုပ်ဆောင်ခဲ့သည်။ ကလေးများစာမေးပွဲ အပြီး တစ်ခုသော နွေရာသီကျောင်းပိတ်ရက် ကိုရွေးချယ်ခဲ့သည်။ ) မဟာစည်သာသနာ့ ရိပ်သာသို့ တရားအားထုတ် ရန် သွားရောက်ခဲ့သည်။ မဟာစည်သာသနာ့ ရိပ်သာ၏မူအရ ကျန်းမာရေး အလုံးစုံ ပြည့်စုံသူများပင် တရားကျင့်ကြံခြင်း ကိစ္စကို ပင်ပန်းစွာ လုပ်ဆောင်ရသည်။ သူမ၏ ယိုယွင်းနေသော ကျန်းမာရေးက သမာဓိရလောက်အောင်ပင် မစွမ်းဆောင်နိုင်ခဲ့ပါ။ ခန္ဒာ၊ အယတန၊ ဓါတ်၊ သစ္စာ များကိုပင် ပီပီပြင်ပြင် သိသွားခဲ့မည် မထင်ပါ။ အောက်တိုဘာလ၏ ညတစ်ညတွင် ဝေဒနာ ပြင်းထန်စွာ ခံစား၍ သူမ ကွယ်လွန် သွားခဲ့သည်။
လွန်ခဲ့သော ၆နှစ်ခန့်က ကျွန်ုပ်၏ မိခင်ကြီးသည် အသက် ၉၁နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ပါသည်။ မိခင်ကြီးသည် ရတနာသုံးပါးကို အလေးအမြတ် ကိုးကွယ် ဆည်းကပ်သူဖြစ်သည်။ ငယ်ရွယ်စဉ်က ဖခင်၏ အသိုင်းအ၀န်းတွင် ကျင်လည်ခဲ့ရသော်လည်း ဗုဒ္ဓဘာသာကို အစဉ်အလေးထားခဲ့သူ ဖြစ်သည်။ ကျွန်ုပ်တို့ သားသမီးများကိုလည်း ဗုဒ္ဓ၏ အရိပ်အောက်တွင်သာ ကြီးပြင်းစေခဲ့သည်။ ငယ်ရွယ်စဉ်ကလည်း တရားရိပ်သာများတွင် ၀င်ရောက်အားထုတ်သော အလေ့အထ ရှိ့ခဲ့ပြီး သက်ရွယ်ကြီးရင့် လာချိန်တွင်လည်း စွမ်းအားရှိသမျှ ၀ိပဿနာ တရားကို အားထုတ်ခဲ့သူ ဖြစ်သည်။ ဇူလိုင်လ၏ နေ့တစ်နေ့တွင် မိခင်ကြီးမှာ အေးချမ်းစွာဖြင့် ကွယ်လွန်ခဲ့သည်။
ယခုအခါတွင် မိတ်ဆွေများ၊ ဆရာသမားများ ကွယ်လွန်ကြကြောင်း သိရလျှင် သူတို့တစ်တွေသည် “ပြင်ဆင်ခြင်း” ကို လုပ်ခဲ့ကြရဲ့လား၊ လုပ်နိုင်ခဲ့ကြရဲ့လား၊ ဆိုသည်ကို စဉ်းစားမိသည်။ များသောအားဖြင့် မအားမလပ်သည့်ကြားမှ သေမင်းခေါ်ရာသို့ တရွတ်ဆွဲ၍ လိုက်ပါသွားခဲ့ကြရသူတွေ သာများပါသည်။ ယခုအချိန်သည် ၀ိမုတ္တိခေတ် သို့လည်းရောက်နေပြီး ၀ိပဿနာ တရားတော်ကို ရှင်းလင်းစွာ ဟောကြား ပြသနိုင်သော ဆရာတော်များ၊ ရိပ်သာများ ထွန်းကားစည်ပင်နေချိန် ဖြစ်သည်။
ကျွန်ုပ်ရှေ့ပိုင်းတွင် ရေးခဲ့သကဲ့သို့ပင် ကျွန်ုပ်ကိုယ်တိုင် သတိမမူမိပဲ ကျွန်ုပ်ဘ၀အတွက် “ပြင်ဆင်ခြင်း” ကိစ္စကို အပါတ်တကုတ် ပြုလုပ်နေခဲ့မိသည်။ အပါတ်တကုတ် ပြုလုပ်သည်ဆိုသော အရာတွင် ဆရာတော်ကြီးများ၏ တရားဒေသနာတော်များ ကို လေ့လာခြင်း၊ နာယူခြင်း၊ မှတ်သားခြင်း၊ ကျင့်ကြံခြင်း ဟူသော လုပ်ငန်းဆောင်တာ များကို လုပ်ဆောင်ရင်း နေ့တစ်နေ့၏ အချိန်များကို အသုံးချ ကုန်လွန်စေခဲ့သည်။ ကျွန်ုပ်ကဲ့သို့ပင် တတိယအရွယ်သို့ ချင်းနင်းဝင်ရောက်ခဲ့သူ အားလုံးသည် ပထမဦးစားပေး အဆင့်အဖြစ် ပြင်ဆင်ကြပြီး အရွယ်မရွေး၊ အချိန်မရွေး သတိတရား လက်ကိုင်ထားကာ သတိပဌာန်တရားများ ကို လေ့လာပြီး “ပြင်ဆင်ခြင်း” လုပ်ငန်းများကို လုပ်ဆောင်သင့်ကြောင်း အသိပေးချင်သည့် စိတ်စေတနာများ တစ်ဖွားဖွား ပေါ်ပေါက်လာ မိပါတော့သည်။
မှတ်ချက်။ ။ မကြာသေးမီကမှ ရေးသားပေးပို့ခဲ့သော ကျွန်မ မေမေရဲ့ စာတစ်စောင် ဖြစ်ပါတယ်။ ဒီစာဟာ ကျွန်မ တစ်ယောက်တည်းအတွက်တင်မကပဲ လူအများပါ ဖတ်သင့်တဲ့ စာတစ်စောင် ဖြစ်တဲ့အတွက် ပြန်လည်ဝေငှ ပေးလိုက်ပါတယ်။ မေမေ့ရဲ့စာတွေ အကြောင်းကို “ကျွန်မရဲ့လက်များ” နိဒါန်းမှာ ဖတ်နိုင် ပါတယ်။